"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Sunday, August 22, 2010

Pilgrimage Journey (Day One): A visit to Haeinsa



ဟဲအင်းဆာသို့ ဘုရားဖူးတစ်ခေါက်

ဘူချွန်းအနီးမှာ သီတင်းသုံးနေထိုင်တဲ့ ဆော့ဂွမ်ဆာ ဆရာတော်က နွေကျောင်းပိတ်ရင် မြန်မာကျောင်းသားများကို ဘုရားဖူးခရီးပို့ပေးမယ်လို့ အမိန့်ရှိဘူးခဲ့တဲ့အတိုင်း July 10, 2010 စနေနေ့မှာ ဆရာတော် နှစ်ပါးအပါအ၀င် ကျောင်းသူ ကျောင်းသား ၁၈ ယောက် နဲ့ လိုက်ပါပို့ဆောင်သူ ၅ဦးနဲ့ အခြား ကိုရီးယားမိတ်ဆွေအချို့ပါတဲ့ ဘုရားဖူးအဖွဲ့ဟာ ဘူချွန်းကနေ နံနက် ၉နာရီခွဲခန့်မှာ Express Bus ကားကြီးနဲ့ စတင်ထွက်ခွာလာခဲ့ပါတယ်။ လမ်းမှာ ကားရပ်နားရာ နေရာတစ်ခုမှာခနရပ်ရင်း ဆရာတော်နှစ်ပါးကိုလည်း ဆွမ်းကပ်ရင်း ကျန်တဲ့အဖွဲ့သားတွေလည်း နဲနဲစောသေးပေမယ့် နံနက်စာ စားလိုက်ကြပါတယ်။ ဗုဒ္ဓရဲ့ ဓါတ်တော်မွေတော် တွေနဲ့ ပိဋကတ်တော်တွေ သိုမှီးထိမ်းသိမ်းထားရာ ဂါယာဒေသက ဟဲအင်းဆာကျောင်းတော် ဆီကို
ဘူချွန်း၊ ကနေ ၅နာရီကျော် ကားစီးပြီးလာခဲ့ရပါတယ်။ နယ်ဘက်ရောက်တာနဲ့ Green house စိုက်ခင်း တွေနဲ့ ခပ်ကျဉ်းကျဉ်း စပါးခင်းလေးတွေကိုတွေ့လာရပါတယ်။ တောင်ပေါ်ကိုတက်နေတော့ ရာသီဥတုကလည်း အေးလာပါတယ်။ ရောက်ကာနီး နာရီဝက်လောက်မှာတော့ တောင်ပေါ်လမ်းလေးကို ကွေ့ကွေ့ပြီးမောင်းတက်လိုက်ရ တာ ခေါင်းတောင်နဲနဲမူးသွားပါတယ်။ ဆော့ဂွမ်ဆာ ဆရာတော်က မြန်မာကျောင်းသားများဘုရားဖူး လာမယ့်အကြောင်း ကြိုတင်အကြောင်းကြား စီစဉ်ထားတာနဲ့အညီ ကျောင်းဝိုင်းထဲခြေချမိတာနဲ့ မယ်သီလရှင်ဆရာလေးကဆီးကြိုရင်း လိုက်နာရမယ့် ကျောင်းစည်း ကမ်းအချို့ကိုပြောပြပါတယ်။ ဆေးလိပ်မသောက်ရ စကားကျယ်ကျယ်မပြောရ၊ အမျိုးသား နဲ့အမျိုးသမီး လက်ချင်းချိတ်တွဲမသွားရ ညကိုးနာရီ မီးပိတ်ရန် စသည်တို့ဖြစ်ပါတယ်။



ညအိပ်ရမယ့် နားနေဆောင်ထဲမှာ ပစ္စည်းတွေနေရာချပြီးတာနဲ့ အချိန်ရှိတုန်းကျောင်းတော်တစ်ဝိုက်ကို လှည့်ပတ်ကြည့် ရှုခဲ့ကြပါတယ်။ ကနေဒါမှာနေတဲ့ကိုရီးယားမလေးက volunteer လုပ်ပြီး သိသင့်သိထိုက်တာတွေကို အင်္ဂလိပ်၊ ကိုရီးယား နှစ်ဘာသာနဲ့ လိုက်လံရှင်းပြပါ တယ်။ အရင်ဆုံး ၀င်္ကပါနေရာကိုရောက်လာခဲ့ကြပါတယ်။ ၀င်္ကပါကိုပတ်ပြီး အဆုံးနေရာမှာ ဆုတောင်းရပါတယ်။ ၀င်္ကပါကို ပြောင်းပြန်ပတ်မိလို့ ဆုတောင်းတဲ့နေရာကို မရောက်တော့လို့ အဝေးကပဲ လှမ်းပြီး ဆုတောင်းလိုက်ရပါတယ်။ အဲဒါ ဟဲအင်းဆာအလွဲများရဲ့ အစပေါ့ . . .


ပြီးတော့ ကျောင်းတော်ရဲ့ အမြင့်ဆုံးကုန်းပေါ်မှာရှိတဲ့ ပိဋကတ်တိုက်ဆီကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာမှာ အကြီးဆုံး စာအုပ်ကြီး နှစ်အုပ်ရှိပါတယ်။ တစ်အုပ်က မြန်မာပြည်က ကုသိုလ်တော်ဘုရားကျောက်စာများဖြစ်ပါတယ်။ ကုသိုလ်တော် ဘုရားကျောက်စာတွေကို မင်းတုန်းမင်းကြီးက ပဉ္စမသံဃာယနတင်အမှီ အပြီးထွင်းထုစေခဲ့တာဖြစ်ပါ တယ်။ ပိဋကတ်တော်တွေကို ကျောက်သားပေါ်မှာ မှတ်တမ်းတင်တာ ၈ နှစ်ပဲကြာခဲ့ပေမယ့် ယခုဟဲအင်းဆာမှာ ထိန်းသိမ်းထားတဲ့ သစ်သားတွေပေါ်မှာ ထွင်းထုတာကတော့ နှစ်ပေါင်းများစွာကြာခဲ့ပြီး သစ်သားဘလော့ပေါင်း ၈၁၂၅၈ ခုရှိတယ်လို့ဆိုပါတယ်။ သစ်သားပေါ်မှာ ဘုရားဟောပါဠိတစ်လုံးရေးဖို့ သုံးကြိမ်သုံးခါရှိခိုးပြီးမှ ရေးထွင်းခဲ့တာမို့ နှစ်ပေါင်း ဒီလောက်ကြာရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သစ်သားဘလော့ဂ်တွေကို နံပါတ်တွေရေးထိုးထားပြီး နံပါတ်စဉ် အလိုက်ထိန်းသိမ်းထားပါတယ်။ Tripitaka Koreana တိပိဋကတ်ကိုရီယားနားလို့ခေါ်ပြီး UNESCO ကထိန်းသိမ်း ထားတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (World Cultural Heritage) ဖြစ်တာမို့ ဓါတ်ပုံရိုက်ခွင့်မရှိပေမယ့်လည်း . . .

သီရိလင်္ကာက ပင့်ဆောင်လာတဲ့ ဗုဒ္ဓရဲ့ အရိုးတော်ဓါတ်တော်ကို ဌာပနာထားရာ စေတီတော်ကိုလည်းဖူးတွေ့ခဲ့ရပါတယ်။ သာယာလှပလှတဲ့ ကျောင်းတော်ရဲ့ တောတောင်ရှုခင်းသဘာဝအလှတွေကိုခံစားရင်း ကားနဲ့မောင်းပြီး တက်လာတုန်း ကတွေ့ခဲ့တဲ့စမ်းချောင်းလေးဆီ အရောက်သွားခဲ့ပါတယ်။ စမ်းချောင်းဆိုတဲ့အတိုင်း ဘယ်နေရာက ဘယ်လို ချောင်းလေး ပဲဖြစ်ဖြစ် လူကို ကြည်လင်လန်းဆန်းစေတဲ့ ခံစားမှုပေးတာကတော့ အတူတူပါပဲ။ စမ်းချောင်းလေးဆီအထိ ဆင်းပြီး ရေကိုထိကိုင်ကြည့်ရင်း စိတ်ရောကိုယ်ပါ ပင်ပန်းသမျှတွေ အမောပြေခဲ့ရပါတယ်။










ညနေ ၆နာရီမှာ ညစာကျွေးမှာမို့ ညစာကျွေးတဲ့အချိန်ကိုအမှီပြန်လာဖို့မှာလိုက်တာမို့ မနက်က စားတာနဲနဲစောတော့ ဆာဆာနဲ့ အချိန်နောက်မကျအောင် ကုန်းကိုပြန်တက်ပြီး တည်းခိုဆောင်ကိုပြန်လာခဲ့ကြပါတယ်။ အချိန်ရောက်တာနဲ့ နိုင်ငံခြားက တရားလာထိုင်နေတဲ့ယောဂီတွေနဲ့အတူ နှစ်ယောက်တစ်တွဲတန်းစီပြီး ဆရာလေးက စကားမပြောရဘူး ငြိမ်သက်စွာ ညစာသုံးဆောင်ဖို့ ထပ်မံသတိပေးတာကို နားထောင်ရင်း ထမင်းစားဆောင်ဆီထွက်ခွာခဲ့ကြပါတယ်။ ဒီမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှန်သမျှ သတ်သတ်လွတ်ဟင်းလျာများကိုသာ ပြင်ဆင်ကျွေးမွေးပါတယ်။ ပန်းကန် ထဲမှာထည့်ထားသမျှကိုလည်း ကုန်အောင်စားကြဖို့ ညွှန်ကြားလိုက်တာမို့ တော်တော်လေးကို နဲနဲပဲ ထည့်ယူလာ ခဲ့ပေမယ့် မကုန်တော့လို့ ထုံးစံအတိုင်း သူငယ်ချင်းတွေကို အကူအညီတောင်းပြီး ဖြေရှင်းလိုက်ရပါတယ်။ ဒီမှာတရားစခန်းဝင် နေတဲ့ ဘုန်းတော်ကြီးတွေတော်တော်များများတာကို ဆွမ်းစားဆောင်ကျမှပဲတွေ့ခဲ့ရပါတယ်။ ဆရာတော်တွေအတွက်တော့ ညစာကို တစ်ပါးစာစီ သီးသန့်ပြင်ထားပေးတာကိုတွေ့ရပြီး ကြွလာတဲ့အခါမှ အ၀တ်လေးတွေအုပ်ထားတဲ့ ပြင်ဆင်ထား တဲ့ ဆွမ်းပွဲတွေကို ကိုယ့်ဘာသာယူပြီး တိတ်ဆိတ်စွာ ဘုန်းပေးကြတာ ကိုတွေ့ရပါတယ်။ (ကဲ-ဒီက ဘုန်းကြီးတွေ ညစာစားကြတာ ရိပ်မိသွားပြီလား) ဆွမ်းစားပြီးတော့လည်း တိတ်ဆိတ်စွာ တန်းစီပြီး စည်၊ မောင်း စတဲ့တူရိယာလေးမျိုးတီးခတ်ပြီး ဘုရားပူဇော်ကြတဲ့နေရာကို ရောက်ပြီး ဦးဇင်းငယ် လေးပါးက တစ်ပါး တစ်မျိုး စည်တော်ကြီးကို ထုပြီး လက်စွမ်းပြတီးခတ်ပြီး ဘုရားပူဇော်ကြတာကို ကြည့်ခဲ့ရပါတယ်။ တူရိယာ လေးမျိုးလုံး တီးပြီးတဲ့အထိမစောင့်ကြပဲ ဘုရားဝတ်ပြုတဲ့ကျောင်းဆောင်ဆီ တိတ်ဆိတ်စွာ သွားခဲ့ရပါတယ်။ ပြီးတော့ သူတို့ စနစ်တကျ ခင်းထားတဲ့ ခင်းဖုံလေးတွေပေါ်မှာ စီစီညီညီထိုင်ကြပြီး ဘုရားရှိခိုးကြရပါတယ်။ သူတို့ဘာသာ ကိုရီးယားလို ရှိခိုးနေလည်း ကိုယ်လည်းကိုယ့်ဘာသာ အာရုံပြုနေတုန်း ပြသနာကစပါတော့တယ်။ တောက်တောက် တောက်တောက် နဲ့ထုပြီး ဘုရားရှိခိုးနေကြရာကနေ အားလုံးမတ်တတ်ရပ်လိုက်ကြတာကို ကိုယ်က မျက်စိမှိတ်ပြီး အာရုံပြုနေတော့ မသိလိုက်ပါဘူး။ နောက်က သူငယ်ချင်းကတို့လိုက်မှ မျက်စိဖွင့်ကြည့်လိုက်တော့ ကိုယ်တစ်ယောက် တည်း ငုတ်တုတ် ဖြစ်နေတာသိလိုက်ပြီး ကမန်းကတန်းထရပ်လိုက်ပါတယ်။ ကိုယ်လဲရပ်ပြီး ဆက်အာရုံပြုမယ်ကြံကာ ရှိသေး အားလုံးက ပြန်ထိုင် သွားကြတော့ ကြည့်ခဲ့ဘူးတဲ့ ဂျက်ကီချန်းဇာတ်ကားကိုလည်းပြန်သတိရရင် ကိုယ့်ကိုကိုယ်လည်းအတော်ရီချင်နေလို့ ပြုံးဖြီးဖြီး မျက်နှာကြီးကို မျက်နှာပိုးကို အတင်းသတ်ရင်း တော်ပြီ မျက်စိမမှိတ်တော့ဘူး သူတို့ဘယ်အချိန်ထိုင်မှာလည်း သတိနဲ့နေ၊ လိုက်ထိုင် ဘယ်အချိန်ထမှာလည်း ကြည့်ပြီး သူတို့ထရင် လိုက်ထမှပဲ စည်းဝါးကိုက်သွားပါတော့တယ်။ ဒီနေ့အတွေ့ အကြုံကတော့ တကယ့်ကို တစ်သက်မှာ တစ်ခါဆိုသလို ပါပဲ။ အားလုံးဘုရားဝတ်ပြုအပြီး သူငယ်ချင်းနဲ့ နှစ်ယောက်တိုင် ပင်ပြီး တတောက်တောက်သံလေး တွေကို ကြားတယ် ကြားတယ်မှတ်ရင်း နာရီဝက်လောက် တရားထိုင်ခဲ့ပါသေးတယ်။ တရားဖြုတ်ပြီး တည်းတဲ့အဆောင် ကိုပြန်တော့ ဆင်းရတဲ့လှေကားက တော်တော်မြင့်ပါတယ်။ နောက်မှသိရတာက အဲဒီလှေကားက လှေကားထစ်ပေါင်း ၁၀၈ ထစ်ရှိတယ်ဆိုတာသိရပါတယ်။ အထစ်တိုင်းမှာ တူညီတဲ့ဆုတောင်းကို တောင်းပြီးတက်ရင် (သို့) ဆင်းရင် ဆုတောင်းပြည့်တယ်ပြောပါတယ်။ ကြိုမသိခဲ့တော့ ဘာမှဆုမတောင်းမိခဲ့ပဲ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ချော်လဲမယ်နော် သတိပေးရင်းဆင်းလာခဲ့ကြပါတယ်။ တည်းရမည့် အဆောင်ရောက်တော့ သူများတွေက ရေမိုးချိုး အိပ်ယာတွေခင်းပြီး နားတောင်နေကြပြီ။ ကိုးနာရီထိုးရင် မီးပိတ်ရမှာမို့ ဒေါ်ယုနဲ့ သူငယ်ချင်းနှစ်ယောက်သား အိပ်ယာခင်းခဲ့ ရေအမြန် သွားချိုးပြီး ကိုးနာရီထိုးတော့မီးပတ်ပြီး တနေ့တာ ပင်ပန်းသမျှ မောမောနဲ့နားမယ်ကြံတုန်း နယ်လေသံနဲ့အဒေါ်ကြီး နှစ်ယောက်အသစ်ထပ်ရောက်လာပြီး မီးတွေဖွင့် စကားတွေပြောနဲ့ အပြင်က ယောဂီထိန်းက နှစ်ခါ သုံးခါလာသတိပေးမှပဲ အဒေါ်ကြီးနှစ်ယောက်ငြိမ်သွားပါတယ်။ (ကိုရီးယားမှာ ဆိုးလ်လေသံနဲ့ နယ်လေသံ မတူပါဘူး။ မြန်မာပြည်မှာ ဒေသအလိုက် ထားဝယ်သံ၊ မွန်သံ၊ ရခိုင်သံ စသည်ဖြင့် ကွာသလိုကွာပါတယ်။ အခု နေတာ နဲနဲကြာလာတော့ လေသံကို ခွဲခြားသိနေပါပြီ။) ကိုယ့်ဘက်က ငြိမ်လည်းသွားရော ပြသနာကစပါတော့တယ်။ ကပ်လျက်အမျိုးသားဆောင်ဘက်က ဟောက်သံတွေ ကြောင့် အိပ်မရပါဘူးဆိုပြီး အမျိုးသားအိပ်ဆောင်တံခါးကို သွားဆွဲဖွင့်ပြီး ချဲပါတော့တယ်။ ဘာတွေပြောမှန်းမသိပေမယ့် ရန်သွားတွေ့တာကတော့သေချာပါတယ်။ ဟိုဘက်က ဟောက်ကောင်းနေတဲ့လူခမျာ အဒေါ်ကြီးလာသောင်းကျန်းတာ ၅မိနစ်လောက်ကြာတာတောင်မသိရှာပါဘူး။ အဒေါ်ကြီးသွားချဲပြီး ၅မိနစ်လောက်ကြာမှ တစ်ယောက်ယောက်က နှိုးလိုက်တယ်နဲ့တူပါတယ် ဟောက်သံ ရပ်သွားပါတယ်။ ကိုရီးယားမှာ အာဂျူးမ အဒေါ်ကြီးတွေက စွာတယ် မရဘူး။ (အာဂျောရှီ ဦးလေးကြီးတွေလည်း မူးလာရင် ကြမ်းတာပါပဲ ကြောက်စရာကောင်းပါတယ် တခါတလေ ရထားပေါ်မှာ တောင်သောင်းကျန်းနေတာ - စကားစပ်မိလို့ပါ ^_^) နောက်တော့ ဘာတွေဆက်ဖြစ်သေးလည်းမသိတော့ပါဘူး အိပ်ပျော်သွားလိုက်တာ မိုးတွေသည်းကြီးမည်းကြီးရွာနေတာတောင် ဘယ်အချိန် စရွာလည်းမသိလိုက်ပါဘူး။ အစော ကြီးအိပ်နေမကျတော့ မနက်စော ၃နာရီလောက်မှာနိုးနေလို့ အိမ်သာနဲ့ရေချိုးခန်းတွေက တခြားနေရာမှာသီးသန့်ရှိနေတာမို့ ထီးဆောင်း၊ အပြင်ထွက် အပေါ့အပါးသွားပြီး ပြန်လည်းမအိပ်ချင်တာနဲ့ တရားထိုင်လိုက် ပြန်အိပ်လိုက် ပြန်ထ ထိုင်လိုက်နဲ့ မိုးလင်းခဲ့ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် Personal Experience in Temple Stay ဆိုပြီး သူများတွေလည်းတကူးတက Temple Stay လာနေတာတော့ ဘယ်လိုခံစားမိကြလည်း မသိပေမယ့် ကျွန်မကတော့ မြန်မာပြည်နဲ့လုံးဝမတူတဲ့ Korea Temple Stay ကိုတော့ တစ်သက်မှာတစ်ခါဆိုသလို ရယ်စရာ ပြုံးစရာတွေနဲ့အတူ အမြဲအမှတ်တရရှိနေမှာပါ။ ။

2 comments:

  1. Never wear a sunglasses.Looks like a blind one :P !

    ReplyDelete
  2. လာပြန်ပြီတစ်ယောက်၊ လူလေးကလည်း အဲဒီမျက်မှန်ကြီးမတတ်စမ်းပါနဲ့ အံ့ကျော်နဲ့တူလို့တဲ့။ အဲဒီနေ့ကတော့ နေပူလွန်းလို့ မကြည့်နိုင်လို့တပ် လိုက်တာ။ ၀ယ်ထားတဲ့ မျက်မှန် လွှင့်ပစ်ရရင်လည်း နှမြောစရာ။

    ReplyDelete