"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Saturday, November 19, 2011

ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ

ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ

(၁)

စားပွဲပေါ်မှာ အထပ်လိုက်ရှိနေသည့် ပုဆိုးပုံကိုကြည့်ပြီး အဖြစ်အပျက်တို့ကို စဉ်းစားနေမိသည်။ ခုချိန်က သီတင်းကျွတ်လည်းမဟုတ်၊ တန်ဆောင်တိုင်လည်းမဟုတ်၊ အခါကြီးရက်ကြီးလည်းမဟုတ်။

" အင်း...မဟုတ်မှလွဲရော... ဟိုဆရာမပဲဖြစ်မယ်"

" ဒါဆိုရင်တော့...... အင်း..."

ကျနော် ချွေးပြန်ခဲ့ရသည့်နေ့၊ ထိုနေ့ကို ကျနော် မှတ်မှတ်ရရ ဖြစ်နေမိသည်။

ညနေကျောင်းဆင်းအပြီး အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး စာထိုင်ဖတ်နေသည်၊ မိန်းမက ညနေစာထမင်းတစ်အိုး ချက်ထားခဲ့ပြီး ဟင်းချိုခပ်ရန် အရွက်ရှာမည်ဆိုကာ ရွာထဲ ထွက်သွားလေသည်။ ကျနော်နေသည့်အိမ်က ကျောင်းဝင်းအတွင်းမှာပင်ရှိသည်။ စာသင်ကျောင်းဆောင်နှစ်ခုအကြားတွင် လမ်းကလေးရှိသည်။ ထိုလမ်းကလေးထိပ်ဆုံးတွင် သွပ်မိုး ပျဉ်ကာ အုပ်ညှပ် လုံးချင်းအိမ်ကလေးသဖွယ် အဆောက်အအုံကလေးရှိသည်။ အိမ်လည်းဟုတ်သည်၊ ရုံးခန်းဆိုလည်းမမှား၊ ကျောင်းချိန်တွင် ကျောင်းအုပ်ကြီး ရုံးခန်းဖြစ်သည်၊ ဆရာ/ဆရာမများနှင့် အစည်းဝေးလုပ်သည့်စားပွဲသည် ကျနော်တို့ လင်မယား၏ ထမင်းစားပွဲလည်းဖြစ်သည်။

ကျနော်သည် ယခုလက်ရှိကျောင်းကို ၁၉၉၀ခုနှစ်၊ ဇွန်လတွင် ရောက်ရှိခဲ့ပါသည်။ ဤရွာသို့ အလယ်တန်းကျောင်းအုပ်အဖြစ် ရောက်လာကတည်းက ရွာထဲတွင် စုံစမ်းပြီးချေပြီ။ ရွာထဲတွင် ရန်ကုန်နှင့် အခြားမြို့များမှ တာဝန်ကျသည့် ဆရာဆရာမများ အချင်းချင်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဆိုသလို စုပေါင်းပြီး အိမ်ငှားနေကြရသည်။

အိမ်တစ်လုံးငှားခကလည်းမသေး၊ နှစ်ရာ့ငါးဆယ် သုံးရာရှိသည်၊ ကျနော်မငှားနိုင်ပါ။ ကျနော်၏ အလယ်တန်း ကျောင်းအုပ်လစာက တစ်လ (၁၂၅၀) ကျပ်။ ဝန်ထမ်းဆန်ဘိုး ဆီဘိုး သက်သာကြေး ငွေစုငွေချေးသမ စသဖြင့် ဖြတ်တောက်ပြီးပါက (၈၀၀)ကျပ် ပျော့ပျော့သာ ကျန်သည်။

ကျနော့်သမီးကြီးက ဒီနှစ်ဆယ်တန်း၊ သားအငယ်က ကိုးတန်းတက်နေသည်။ သူတို့ရှေ့ရေးအတွက် နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ရာက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခွင့်တင်ခဲ့ရာ ရန်ကုန်တိုင်းတော့ ရောက်ပါသည်။ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်အပိုင် ရွာလေးတစ်ရွာသို့ ရောက်ခဲ့ရလေသည်။

ခုမှခက်ချေပြီ၊ ရွာမှာ အထက်တန်းကျောင်းမရှိ၊ ကော့မှုးမြို့ပေါ်သို့ သွားရောက်ထားပါက ရနိုင်သော်လည်း ဆွေမရှိမျိုးမရှိသဖြင့် အိမ်ငှားနေရမည်၊ မတတ်နိုင်ပါ။ နောက်ဆုံး ရန်ကုန်ကန်တော်ကလေးရှိ အမအပျိုကြီးများထံ ပို့ထားရလေသည်။ ကြီးတော်များက ကလေးများကို ချစ်ခင်၍ သေသေချာချာ စောင့်ရှောက် ကျွေးမွေးထားသဖြင့် တော်ပါသေးသည်။

ကျနော်ပို့ပေးသော တစ်လ (၅၀၀)ကျပ်သည် ကလေးများ၏မုန့်ဘိုး စာအုပ်စာတမ်းကြေး စသည်ဖြင့် ကျောင်းစရိတ်အတွက် ကာမိရုံသာ။ အစ်မနှစ်ယောက်ကို ကျေးဇူးတင်ရသည်၊ ကျန်ငွေ (၃၀၀) ကျပ်ကို ကျနော်တို့လင်မယားနှစ်ယောက်

ခြိုးခြံစားသောက်ပြီး ကလေးတွေထံ တစ်လတစ်ခါ သွားသည့် လမ်းစရိတ်အဖြစ် လောက်ငအောင်သုံးရသည်။ ငါးပိရည်ကျို တို့စရာနှင့် ဟင်းချိုသည် ကျနော်တို့လင်မယားအတွက် နတ်သုဒ္ဓါပင်၊ အဝတ်အစား ဝယ်ဝတ်ဖို့ဟူသည် အိမ်မက်ပင် မမက်ရဲ၊ ဝယ်လျှင်လည်း ငွေစုငွေချေးမှ ချေး၍ရသည့်အချိန်မှ သမီးနှင့်သားအတွက် လိုတာဝယ်ပေးရသည်။

အဝတ်အစားသည် ကျနော့်အတွက် မလိုအပ်ပါ။ ကျောင်းတက်လျှင် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကို ဝတ်သည်။ အိမ်ပြန်ရောက်ပါက နေကလေးပြ လေသလပ်ခံပြီး နောက်တစ်နေ့ပြန်ဝတ် သည်လိုဖြင့် တနင်္လာမှ သောကြာအထိ အဆင်ပြေသည်။ ဒီကြားထဲ ရွာထဲက အလှုလေးအတန်းလေး ဖိတ်လာလျှင် ဒီအဖြူအစိမ်းတစ်စုံဖြင့် ပြီးသည်။

ချည်ပုဆိုးတစ်ထည်ကတော့ ကော့မှုးမှ ရန်ကုန်က အမအိမ်သွားလျှင် ဝတ်ရသည်၊ ကျောင်းစိမ်းဝတ်စုံဖြင့် သွားမိလျှင် "မင်းမှာ ဒါဘဲရှိသလား" ဟု ခဏခဏမေးတတ်၍ ဖြစ်သည်။ ကလေးတွေကို ကြည့်ပေးထားသည်နှင့်ပင် တော်ပါပြီ၊ ထပ်၍ဝန်မပိစေချင်တော့ပါ။

အိမ်မှာနေရင်ဖြင့် မနှစ်က ကျောင်းစိမ်း အဟောင်းလေးပဲဝတ်သည်။ သို့သော် ထိုပုဆိုး အစိမ်းကလေးမှာလည်း ရေလဲပိုင်းသာသာ ရှိတော့သည်၊ ရေစီးကြောင်းများလိုက်၍ အပေါက်အပြဲများက လှည့်၍ပင်မရ၊ ကိစ္စမရှိ။

ကျနော့်အိမ်သည် ရွာအစွန် ကျောင်းဝင်းအတွင်းမှာပင်၊ ညနေ ကျောင်းသားကျောင်းသူများ ကျောင်းဆင်းပြီးပါက ဖြတ်သွားဖြတ်လာပင်မရှိ။ ရွာအစွန်အဖျား သရဲခြောက်သည် နာမည်ကြီးသဖြင့် ညနေ နေဝင်ရီတရော မည်သူမှမလာရဲသည့်နေရာ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင်၊ အိမ်မှာမိန်းမကလည်းမရှိ၊ ထိုအချိန်မှာမှ အရေးတကြီးကိစ္စဖြင့် ခွင့်ယူလို၍ဆိုကာ ဆရာမဒေါ်သီရိနွယ် ရောက်လာခဲ့သည်။ မိန်းမရှိနေရင်ဖြင့် အိမ်ဆီလျှောက်လာတာ မြင်ကတည်းက လုပ်စရာရှိတာ လုပ်ထား၍ရသည်။

အခုတော့ ထိုင်ရာမထ နှုတ်ဆက်ရလေသည်။ ညနေရွာသို့ မော်တော်ဆိုက်စဉ် ရန်ကုန်မှ လူကြုံနှင့်စာပါလာကြောင်း၊ ဆရာမ၏မိခင် ကျန်းမာရေးမကောင်းဖြစ်နေ၍ အမြန်လိုက်လာခဲ့ပါဟု မှာကြောင်းပြောသည်။ မနက်စောစောထွက်မည့် မော်တော်နှင့်လိုက်သွားလိုသဖြင့် ခွင့်တင်သွားလိုပါကြောင်း အကျိုးအကြောင်းပြောလေသည်။

ကျနော်လှုပ်၍ မရပါ။ တင်ပလ္လင်ခွေထိုင်ရင်း ချွှေးပျံနေသည်။ ဘာလုပ်ရမှန်းမသိ၍ လက်ထဲတွင် ကိုင်ထားသည့် ဖတ်လက်စစာအုပ်ကို စိုက်ကြည့်နေမိသည်။ စာလုံးများသည် ဝိုးတဝါး၊ ဆရာမမျက်နှာသည်လည်း ဝါးတားတား၊ မိန်းမပြန်လာရင်ကောင်းမည်။ ဆရာမ ဒေါ်သီရိနွယ်သည် ကျနော့်ကို စိတ်အလိုမကျစွာ လှမ်းကြည့်နေသည်၊ ခွင့်တိုင်သည့် ပုံစံစာရွက်ကို ထုတ်မပေးဘဲ စာဖတ်မပျက်သည့် ကျနော့်ကို အလိုမကျ ဖြစ်နေချေပြီ။

" မြင့်မြင့်... မြင့်မြင့် ပြန်လာရင်ကောင်းမယ်"

" ဒီမိန်းမ ရွာရိုးကိုးပေါက် လျှောက်သွားနေတယ်......" ဟု စိတ်တိုစွာတွေးမိပြီး

"အင်းလေ သူလည်း ရွာရိုးကိုးပေါက် ခြံစည်းရိုးက အရွက်တွေသွားခူးတာပဲ"ဟု စိတ်ဖြေရသည်။

"ဟာ...........ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်ပန်းတွေပွင့်နေပါလား၊ ကျမက စပယ်ပန်းသိပ်ကြိုက်တာ" ဟု ပြောပြောဆိုဆို အိမ်အပြင်ထွက်ပြီး ပန်းပင်ဆီထအသွားမှာတော့ ကျနော် လှစ်ခနဲ အိပ်ခန်းထဲ ဝင်ပြေးခွင့်ရလေတော့သည်။ တန်းပေါ်မှာ လွှားထားသည့် တစ်ထည်တည်းသော ကျောင်းစိမ်းပုဆိုးကို လဲဝတ်ပြီးတော့မှ အသက်ရှုချေင်လေတော့သည်။

ရုံးခန်းအဖြစ်ကာထားသော အခန်းဆီသို့ဝင်ကာ ဘီရိုထဲမှ ခွင့်တင်သည့် ပုံစံစာရွက်ကိုယူပြီး "ကဲ ဆရာမရေ ခွင့်စာလာယူချည်၊ ပြန်လာမှတင်ရင်တင်၊ ကျနော်လည်း အကျိုးအကြောင်း သိပြီပဲ" ဟု ပြောပြောဆိုဆို ပေးပြီး သတင်းမေးစကား ပြောရလေတော့သည်။

ထိုဆရာမ ရန်ကုန်တွင် ၃ ရက်နေပြီး ကျောင်းပြန်လာတက်သည့်နေ့တွင် ဆရာကြီးအတွက်ဆိုကာ မန္တလေးရှပ် လည်ကတုံးလက်ရှည်အဖြူတစ်ထည်နှင့် ကျောင်းစိမ်းပုဆိုးတစ်ထည် ကန်တော့လေသည်။ ဆရာ ဆရာမများသည် မချမ်းသာကြပါ။ တစ်ချို့ဆို တော်တော် ချို့တဲ့ကြပါသည်။ သူတို့လစာ (၈၇၅) ကျပ်သည် (၅၀၀) ကျပ်လောက်သာ အသားတင်ရကြရာ အိမ်ငှားခ၊ စားသောက်စရိတ်၊ လမ်းစရိတ်တို့ဖြင့် မနည်းလောက်ငအောင် သုံးနေကြရသည်သာ။

တို့သည်လည်း ရန်ကုန်မှာ မိဘများက ကျွှေးမွေးထား၍သာ လာရောက်လုပ်နိုင်ခြင်းဖြစ်သည်၊ မည်သူမှ ကျနော့်ကို လာမကန်တော့နိုင်ပါ၊ ကျနော် အားနာစွာငြင်းပါသေးသည်။ ဆရာမ၏ မိခင်ဖြစ်သူမှ ဝယ်ပေးလိုက်ခြင်းပါဆို၍ လက်ခံလိုက်ပါသည်။ ဒါအဆန်းတော့မဟုတ်ပါ။ သို့သော် တစ်ရက်ခြားလောက်မှာပင် ရွာခံဆရာမတစ်ယောက်က ကန်တော့ချင်ပါသည်ဆိုကာ ကျောင်းစိမ်းပုဆိုးတစ်ထည်နှင့် ချည်ချောပုဆိုးတစ်ထည် ရောက်လာပြန်သည်။

ထို့နောက်ရွာထဲမှ ကျောင်းအကျိုးတော်ဆောင် ရွာလူကြီးတစ်ဦးက လက်ဆောင်ဆိုကာ ရောက်လာပြန်သည်၊ ထိုမှ ထိုမှသည် ဆရာမနောက်ထပ်နှစ်ဦး၊ ဒါဆိုရင်တော့ သမရိုးကျ မဟုတ်တော့ချေ၊ ထိုနေ့က ဆရာမဒေါ်သီရိနွယ်တစ်ယောက် ကျနော့်အဖြစ်ကို သိရှိသွားလေချေပြီလား။

(၂)

စားပွဲပေါ်တွင် အထပ်လိုက်ရှိနေသည့် ပုဆိုးများထဲမှာ ကျောင်းစိမ်းပုဆိုး လေးထည် ပါသည်။ သားကို တစ်ထည်ပေးရမည်၊ ဒီနှစ် သားအတွက်လုံချည်ဝယ်မပေးရသေး၊ သမီးကိုသာဝယ်ပေးလိုက်ရသည်။ မိန်းကလေးဆိုတော့ ထည်လဲလိုသည်၊ သားကနားလည်၍ တော်သေးသည်။ ကိုချစ်အုန်းလည်းသနားစရာ။ သူ့မလည်း ကျောင်းစိမ်းတစ်စုံနှင့် အလှုသွားလည်းဒါ ကျောင်းတက်လည်းဒါ ဖြစ်နေသည်၊ တော်ပါသေးသည်၊ အဖြူ အစိမ်းဆိုတော့ ဒါချည်းပဲဝတ်နေသည်၊ ဒီတစ်စုံထဲရှိသည်ဟု မည်သူမှ မသိနိုင်ချေ။

ကိုချစ်အုန်းအတွက် ကျောင်းစိမ်းလုံချည်လေးတစ်ထည်လောက် ဝယ်ပေးချင်နေတာကြာပြီ။ ဝယ်ပေးရန်လည်း ကြံစည်သေးသည်၊ ရွာထဲက အထည်ရောင်းသည့် အမကြီးဆီမှာ မေးကြည့်တော့ ရွာမှာ တော်တော်များများက ကျောင်းစိမ်းတစ်ထည်ဝယ်ထားလျှင် နှစ်နှစ် သုံးနှစ် ထပ်မဝယ်တော့ပေ။ သို့ဖြင့် ဆိုင်မှာတင် မရောင်းပါ။ လိုချင်ပါက မြို့ပေါ်က မှာပေးမည်ဆိုသည်။ လပေးဆိုပါက အဆမတန်တင်ထားတတ်မှန်းသိသော်လည်း နှစ်လခွဲပေးမည် ဆိုသောအခါ အင်တင်တင်လုပ်နေ၍ မဝယ်ဖြစ်သေးချေ၊ သူကလည်း မြို့သို့မှာရန် မေ့နေသလို ဟန်ဆောင်နေသည့်အတွက် အံကိုက်ဖြစ်နေလေသည်။ ဆရာမဒေါ်သီရိနွယ်အမေ နေမကောင်းဖြစ်၍ ဆရာမ ရန်ကုန်အပြန်မှာ ဆရာမအမေက ကျေးဇူးတင်၍ ဝယ်ပေးလိုက်ဟန်တူသည်၊

" အင်း ဆရာမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာပဲဖြစ်မယ်၊ သီတင်းကျွတ်တုန်းကတောင် ဘယ်သူမှ ကန်တော့မယ့်သူမရှိ ၊ ခုကျတော့လည်း အချိန်အခါလည်းမဟုတ်၊ တစ်ယောက်ကန်တော့တာမြင်တော့ ကျန်တဲ့ဆရာမတွေကလည်း သူတို့ကို ဂရုစိုက်အောင် ဝိုင်းကန်တော့လိုက်ကြတာ"

ဘယ်လိုပဲဖြစ်ဖြစ် ကိုချစ်အုန်းအတွက် ဟန်ကျလေပြီ၊ အထည်ရောင်းသည့် အမကြီးထံသွားပြီး

"ကိုချစ်အုန်းကို ကန်တော့ထားတာတွေများနေလို့ ပုဆိုးမဝယ်ဖြစ်တော့ဘူး" လို့ ရင်ကော့ပြီး ပြောလိုက်တော့မည်။

(၃)

လုပ်ဖော်ကိုင်ဖက် ဆရာမများက ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုးနှင့် ချည်ပုဆိုးများ ကန်တော့သည်ကို တွေ့သဖြင့် ကျမရင်ထဲ ဝမ်းသာပီတိဖြစ်ရပါသည်။ ကျောင်းဆရာ ဆရာမများကို ဒါးသွေးကျောက်၊ ဖယောင်းတိုင် စသဖြင့် တင်စားကြသည့်အတိုင်း ဆရာ ဆရာမများသည် အနာဂတ်အတွက် ကလေးများကို အသိပညာ အတတ်ပညာများ သင်ကြားပေးရင်း မိမိတို့ဘဝမှာ ချို့တဲ့လှပါသည်။

မိမိကိုယ်တိုင် ချို့တဲ့လှပါသည်ဟု ထင်မှတ်ထားမှုသည် လုပ်သက်အနှစ်နှစ်ဆယ်ကျာ်ရှိ ကျောင်းအုပ်ဆရာကြီးကို မျက်ဝါးထင်ထင်တွေ့ရလေမှ စာဖွဲ့စရာမဟုတ်မှန်း သိလာရလေသည်။ ထိုဆရာကြီးကို ဘယ်အချိန်ကြည့်ကြည့် ကျောင်းဝတ်စုံနှင့်ပင်၊ မော်တော်နှင့် ရန်ကုန်သွားလျှင်ပင် တစ်ခါတရံ အဖြူအစိမ်းနှင့် တွေ့ရသည်။ သို့သော် ဆရာကြီးတွင် ကျောင်းဝတ်စုံ ထိုတစ်စုံသာရှိသည်ကိုတော့ တော်တော်လေးကြာမှ အမှတ်မထင် သိရှိခဲ့ရလေသည်။

ညနေကျောင်းဆင်းအပြီး အိမ်မှာနားနေခိုက် ရွာထိပ်တွင် မော်တော်ဆိုက်သံကြားလို့မှ မကြာ ဆရာမအတွက် ရန်ကုန်မှ စာပါတယ် ဆိုကာ ကလေးတစ်ယောက် စာလာပေးစဉ် ရင်ထဲထိပ်ကနဲ ဖြစ်မိသည်၊ ကျမ၏မေမေ သွေးတိုးနေသည်၊ သွေးပေါင်ချိန် တော်တော်နှင့် မကျသဖြင့် ခေတ္တပြန်လာခဲ့ဖို့မှာခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ကြောက်စရာ ကောင်းသည်။ အန္တရယ်လည်းရှိသဖြင့် ကျမ စိတ်ပူမိသည်။

အတူနေဆရာမက ရေချိုး သနပ်ခါးလိမ်းသည်ကို မစောင့်တော့ဘဲ ဆရာကြီးထံခွင့်တိုင်ရန် ထွက်လာခဲ့သည်။ ကျမ အကျိုးအကြောင်းပြောနေသည်ကို နားထောင်ပြီး ဆရာကြီးသည် ထိုင်မလိုထမလိုလုပ်ကာ စာအုပ်ကို သဲသဲမဲမဲဖတ်နေလေသည်၊ ကျမစိတ်တိုမိချေပြီ၊ ဆရာကြီးကတော် မမမြင့်ကို အရိပ်အယောင်မျှပင် မတွေ့။

" ဒီလိုမှန်းသိ တလေးတစား ခွင့်လာမတိုင်ပါဘူး၊ မနက်စောစော မော်တော်နဲ့လိုက်သွားပြီး တစ်ယောက်ယောက်နဲ့ မှာခဲ့ပါတယ်" ဟုတွေးရင်း ထပြန်ရင်ကောင်းမလားတွေးမိသည်။ ဆရာကြီးကို လှမ်းကြည့်မိသည့်အခါ ဆရာကြီးသည် စာအုပ်ကို စိတ်ဝင်တစားဖတ်နေခြင်းမဟုတ်သည်ကို အကဲခတ်မိလေသည်။ ဆရာကြီး၏ ညိုသောမျက်နှာသည်နီရောင်ပြေးနေပြီး နဖူးတွင်ချွှေးများပင်စို့နေသည်ကို တွေ့ရပြန်သည်။

ကျမက ဆရာကြီးအမျိုးသမီးကို မေးရာ ရွာထဲသွားသည်ဟုဆိုသည်။ ကျမဇဝေဇဝါ ဖြင့်ဝေခွဲရဖြစ်နေစဉ် ဆရာကြီးသည် ထိုင်နေရာမှ ညောင်းလာသည်ထင့်။ အမှတ်တမဲ့လှုပ်ရှားလိုက်ရာ ကျမစိတ်ထဲ စိတ်ထိခိုက်ရမိပါတော့သည်။ အိမ်နေရင်းဝတ်ထားသည့် ကျောင်းစိမ်းပုဆိုးလေးသည် ရိပြဲလို့နေပါလား၊ ကျမသည် ယခုမှချက်ချင်း ထပြန်လို့လည်း မဖြစ်တော့ပေ။

" ဟာ......ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်တွေပွင့်လို့ပါလား၊ ကျမကစပယ်ပန်းသိပ်ကြိုက်" ဟု ပြောပြောဆိုဆို အပေါက်ဝထွက်၍ စပယ်ပင်ရှေ့အကြာကြီးရပ်ကာ အိမ်ကိုကျောခိုင်းနေလိုက်ပါသည်။ တစ်အောင့်နေ ဆရာကြီးထွက်လာတာ မြင်ရသည့်အခါ ကျမပိုလို့ပင် စိတ်မကောင်းဖြစ်ရပါသည်။ ကျောင်းတက်လျှင်ဝတ်သည့် ကျောင်းစိမ်းလုံချည်လေးလဲဝတ်ကာ ကျမအား ဖော်ရွာစွာဖြင့် စကားတွေဖောင်ဖွဲ့လျက် ကျမမိခင် ကျန်းမာရေးကို မေးမြန်းလေသည်။

ကျမမိခင်ကို ဆေးခန်းပြ ဆေးပုံမှန်စားရန်ကိစ္စများ လုပ်ကိုင်ပေးပြီး အခြေအနေကောင်းသည်နှင့် ကျောင်းသို့ပြန်ခဲ့လေသည်၊ ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုး တစ်ထည်ကို မဖြစ်မနေဝယ်အပြီး ကျမမိခင်မေးမြန်းရာက အင်္ကျီအဖြူတစ်ထည်ကို ဖြည့်ပီးဝယ်ပေးလိုက်ပါသည်။ ဆရာကြီးကိုကန်တော့ရန် ဆွဲခြင်းထဲတဲ့ယူလာသည့် ကျောင်းစိမ်းဝတ်စုံကို ရွာခံဆရာမ မမရီ တွေ့ရှိသွားရာမှ ထိုနေ့ကအဖြစ်ကို ကျမ ဇာတ်ကြောင်းပြန်မိလေသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ကလေးများကို သင်ကြားတိုင်း မျက်ရည်ကျအောင် ပြောတတ်သည့်ကျမသည် ဆရာမတစ်ချို့ကို မျက်ရည်ကျစေမိလေသည်။ ခွင့်ရ၍ကန်တော့သည် ကန်တော့၍ခွင့်ပေးသည်ဟု အခြားဆရာ ဆရာမများ သံသယမဖြစ်စေချင်ပါ။ မမရီက စောစောကသိရင် ဒီနေ့မော်တော်နဲ့မြို့ကို မှာလို့ရသည်၊ မနက်ဖြန်မှပဲ မှာရတော့မှာပဲဟု တသသ ပြောနေလေသည်။ ချက်ချင်းကို ပေးချင်နေသည်၊ မမရီမှတစ်ဆင့် သူ၏ဖခင်သိရှိကာ မမရီအဖေက ပုဆိုးတစ်ထည်။ နောက် အခြားသော ဆရာ ဆရာမများ ကန်တော့ကြလေသည်။

ထိုသီတင်းတစ်ပတ်အပြီး ကျောင်းပြန်တက်သည့်တစ်ရက်မှာတော့ မန္တလေးရှပ်အကျီအဖြူ ကျောင်းစိမ်းပုဆိုးအသစ်တို့ ဝတ်ဆင်လျက် ကျောင်းရုံးခန်းမှ စာသင်ဆောင်သို့အကူး ကျမစာသင်ခန်းရှေ့ အဖြတ်တွင်တော့ မျက်နှာရဲလျက် အိုးတိုးအန်းတန်းဖြစ်နေပုံရလေသည်၊ ကျမသည် ဆရာကြီး အနေမခက်စေရန် ထုံးစံအတိုင်း မမြင်ယောင်ဆောင်၍ ကျောခိုင်းလိုက်ပါတော့သည်။

ခိုင်ခိုင်စောလွင်

November 8, 2011 (Tuesday)

(Copied from Irrawaddy blog.)

အိမ်အပြန်

အိမ်အပြန်

ထက်မြက်။ နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ (ပြန်လည်ဆန်းသစ်ခြင်း)


လူတိုင်းအဖို့ အိမ်အပြန်မှာ ၀မ်းသာဖို့အကောင်းဆုံး အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ စစ်မြေပြင် မှ မသေ မပျောက် ဘဲ အိမ်ပြန်လာရသည့်စစ်သား။ နှစ်ပေါင်းများစွာ နိုင်ငံခြားအလုပ်သွားလုပ်နေရာမှ အိမ်ပြန် လာသောသူ။ ထောင်ထဲတွင် အချိန်ကြာမြင့်စွာ အကျဉ်းကျခံရနေရပြီး မှ လွတ်မြောက်လာကာ အိမ်ပြန် သည့်လူတို့မှာ အပျော်ဆုံး လူသားများဟု သူတို့ကိုယ်သူတို့ မှတ်ယူကြသည်။ လူတစ်ယောက် ၏ အတွယ်တာဆုံး နေရာမှာ အိမ်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး အိမ်ကို ခင်မင် တွယ်တာကြသည်ချည်းပင်။ တစ်နေ့တာ အလုပ်သွား ကျောင်းတက် ကြသော်လည်း အချိန်တန်လျှင် အိမ်ကို ပြန်လိုကြသည်။ အိမ်မှာ အနားယူ အပန်းဖြေလို ကြသည်။ ခရီးသွားရင် အလွန်ကျယ်ဝန်းသည့် ဟိုတယ်ခန်းကြီး၌ ဇိမ်ကျကျ နေရသည့်တိုင် မိမိ၏ ခပ်စုတ်စုတ် အိပ်ခန်းကျဉ်းလေးသို့ ပြန်လိုကြပါသည်။ ထိုကြောင့် အိမ်အပြန် မှာ လူတစ်ယောက်အဖို့ အကြည်နူး ဆုံး အချိန်ဖြစ်လေသည်။

လူတိုင်း အိမ်အပြန်ကို ကြုံခဲ့ကြသလို ကျွန်တော်တို့အဖို့ ယခုထက်တိုင် အမေ့မပျောက်နိုင်သော အိမ်အပြန် အချိန်တချိန်ရှိခဲ့ပါသည်။ ထိုအိမ်ပြန်ချိန်မှာ ထောင်နှင့် ကျွန်း တွင် ၅ နှစ် ၆နှစ်ခန့် အကျဉ်းခံ ဘ၀ဖြင့် နေခဲ့ရပြီး အိမ်ပြန်ခွင့်ရသည့်အချိန်ဖြစ်ပါသည်။

ကျွန်တော် ထောင်ထဲနေခဲ့ရသည့် ကာလမှာ ယခုထက်ပိုမို ခက်ခဲကြပ်တည်းပါသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပုဒ်မ ၅ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသော်လည်း ထောင်ဝင်စာမတွေ့ရပါ။ အိမ်မှ မိသားစု မျာကို မမြင်မတွေ့ရပါ။ ၆ နှစ်တာကာလအတွင်း ဇနီး သားသမီး မိဘ ညီအစ်ကို မောင်နှမ များကို လုံးဝ မတွေ့ခဲ့ရပေ။ သာကြောင်း မာကြောင်း ကျန်းမာရေး စီးပွားရေး ပညာရေး အကြောင်းကို တစ်လတစ်ကြိမ်ရေးခွင့်ရသော စာတိုလေးမျှသာ ဖတ်ရှုသိရှိရပါသည်။ ဇနီးသည်က ကိုယ်ဝန်နှစ်လဖြင့် သမီး ၂ယောက် ကို ထိန်းကာ ရုန်းကန်ခဲ့ရသည်။ အမေကလည်း ကျန်းမာရေး ကောင်းလှသည် မဟုတ် ပေ။

အင်းစိန်ထောင်တွင် ရှိစဉ်က တစ်လ တစ်ကြိမ် အိမ်ကို စာရေးရသည်မှာ ပုံမှန်နီးပါး ရှိသော်လည်း အဆောင်မှ နေ တိုက်အပို့ခံရပြီး တိုက်ထဲ၌ လပေါင်းများစွာ နေရချိန်တွင် စာ အဆက်အသွယ် ဖြတ် ထားပါသည်။ ထိုကာလ၌ အိမ်အကြောင်းဘာမှ မသိရသလို ကျွန်တော့်ကျန်းမာရေးကိုလည်း အိမ်က သိခွင့် မရတော့ပါ။
နောက် ကိုကိုကျွန်း ပို့လိုက်သည်တွင် အိမ်နှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ ကျွန်းပို့ခါနီး၌လည်း အိမ်ကို စာရေးခွင့် ရပ်ထားသလို အိမ်မှ ရေးသော စာများကိုလည်း ဖတ်ခွင့်မရပေ။ ကိုကိုးကျွန်း၌ ၃ နှစ် နီးပါး နေရချိန် တွင် စာ ၃စောင် လောက်ပင် ရေးခွင့် ဖတ်ခွင့်ရသည်ထင်ပါသည်။ ကျွန်း ရောက် နေကြောင်း ရေးလိုက်သည့်စာများကို ပို့မပေးကြောင်း သိရသည်။


ထိုကြောင့် မိသားစုကို မျှော်လင့်ချက်မထားချင်တော့ပေ။ မိမိကိုယ်ကိုလည်း အသက်ရှင်လျှက် အိမ်ပြန်လာရလိမ့်မည်ဟု မထင်တော့ပေ။ အဖမ်းခံရသည့် အချိန်က အသက် ၂၆နှစ်ကျော်သာရှိသေးပြီး ဇနီးမှာလည်း ၂၃ နှစ်ကျော် ငယ်ရွယ်သူ ဖြစ်၍ အိမ်ထောင်သစ်ထူနိုင်ခွင့်ရှိသည်ဟု ခွင့်လွတ် ထားခဲ့ ပါသည်။ အမေကလည်း ကျန်းမာရေး မကောင်းသဖြင့် အမေ့မျက်နှာကို အိမ်အပြန်တွင် တွေ့တော့မည် ဟု မထင်ပေ။ အထူးသဖြင့် ကိုကိုးကျွန်းအကျဉ်းထောင်တွင် ၃နှစ် နီးပါး နေခဲ့ရသည့် အချိန်က အိမ်နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ ထောင်ပြောင်းသွားသည်။

ကိုကိုးကျွန်းရောက်သွားသည်ကို အိမ်က မသိသလို ကျွန်တော်တို့ကလည်း စာရေးပြီး အသိပေးလို့မရပါ။ ထို့အပြင် ကိုကိုးကျွန်း နှင့် ပြည်မကြား အဓိက အဆက်အသွယ်မှာ ရေလမ်းမှ သွားရသော သင်္ဘောသာဖြစ်သည်။ မုန်တိုင်းထန်သော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ကျွန်းဖြစ်၍ မိုးရာသီဆိုလျှင် အဆက်အသွယ် အလွန်ကျဲသည်။

ထိုကြောင့် ကျွန်တော်တို့ရေးသော စာများလည်း အိမ်မရောက်။ အိမ်မှရေးသော စာများလည်း ကျွန်တော့်ထံမရောက်။ ကျွန်တော့်မိသားစုဆိုလျှင် ကျွန်တော့် မိဘအိမ်တွင် နေတော့မည်ဟု မထင်ပေ။ အမေ့ကိုလည်း ဤလောကတွင် ရှိတော့မည်ဟု မထင်ပေ။ စာအဆက်အသွယ်ရတုန်းက အမေနေမကောင်းဟု သိရသဖြင့် နှစ်ကြာပြီး အဆက်အသွယ်မရေသောကြောင့် အမေနှင့်တွေ့ဖို့ မျှော်လင့်ချက်ကို စွန့်လွတ်ခဲ့ခြင်းဖြစ်ပါသည်။

အင်းစိန်ထောင်သို့ ပြန်ခေါ်ပြီးသော်လည်း အိမ်နှင့်အဆက်အသွယ် မရသေးပါ။ (အမှန်မှာ ကျွန်တော် တို့လွတ်တော့မည်ဖြစ်၍ အဆက်အသွယ် မပေးခြင်းလည်း ဖြစ်ပါလိမ့်မည်။) ဤသို့ဖြင့် ကျွန်းမှာပြန်လာပြီး ၄လခန့်အကြာ နံနက်စာ စားအပြီး နေ့ခင်းဘက် တစ်ရေးတစ်မော ကုတင်ပေါ် အိပ် နေချိန် တွင် အပြင်မှ သော့ဖွင့် သံများ ရုတ်တရက်ကြားလိုက်ရသည်။

နောက်အခန်းတံခါးကြီးကို ၀ုန်းခနဲ့ ဆွဲဖွင့်လိုက်ကာ ထောင်မှုး ဦးကျော်မင်းနှင့် အမှု ထမ်းများ ဖိနပ်သံ တဖြောင်းဖြောင်း နှင့် အခန်းထဲ ၀င်လာကြလေသည်။ ပုံစံထိုင် ခိုင်းလိုက်သဖြင့် ကျွန်တော်တို့အားလုံး ကုတင်ပေါ်တွင် ပုံစံထိုင်နေကြရပါသည်။
ထောင်မှုးက နာမည်ခေါ်တဲ့သူ အဖေနာမည်ကိုပြော ရှေ့မှာလာရပ်


ဇော်လွင်
ရှိ အဖေနာမည် ဦး……

တင်ဝင်း
ရှိ အဖေနာမည် ဦး…..

ကျော်နိုင်
ရှိ အဖေနာမည် ဦးဘိုးသီ


ကျွန်တော့်နာမည် ခေါ်၍သာ အဖေနာမည်ပြောပြီး အမှုထမ်းများရှေ့သို့ သွားရပ်ရသည်။ ဘာကြောင့် ခေါ်မှန်း မသိပါ။ အခန်းပြောင်းမှာလား။ အဆောင်ရွေ့မှာလား။ တိုက်ပို့မှာလား။ ရင်တထိတ်ထိတ်နှင့် ပုံစံရပ်နေလိုက်ပါသည်။ နာမည်ခေါ်ခံရသည့် အခန်းတွင်းမှ အဖော်တော်တော်များ မှာလည်း ဝေခွဲမရသော မျက်လုံးများဖြင့် တန်းစီရပ်နေကြည်ပါသည်။

လာ….လိုက်လာခဲ့ကြ ထောင်မှုး ဦးကျော်မင်းက ပြောပြီး ရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့လည်း ထောင်မှုး နောက်မှ တန်းစီလိုက်ခဲ့ကြ၏။ ကျွန်တော်တို့ ဘေး တစ်ဖက် တစ်ချက် ဆီမှ အမှုထမ်းများ ကလည်း လိုက်ပါလာခဲ့ကြသည်။ အလွန် ထူးခြားသည်မှာ ကျွန်တော်တို့ကို စောင့်ဖြင့် အုပ်ပြီး ခေါ် မလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဟိုသည်ကြည့်ပြီးလိုက်လာခဲ့သည်။ အံ့သြရပါသည်။ နောက်ဆုံး ထောင်ဗူးဝသို့ ရောက်လာပါတော့သည်။

ဗူးအတွင်းပိုင်းကွက်လပ်တခုလုံး နိုင်ငံရေး အကျဉ်းသား အများအပြားကို တွေ့ရသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီ လဖြစ်သည်။ လွတ်လွတ်လပ်လပ် စကားပြောနေကြသဖြင့် ထောင်ပြောင်းခြင်းတော့ မဟုတ်နိုင် ဘဲ ကျွန်တော်တို့ကို လွှတ်လိမ့်မည် ဟု ထင်ရပါသည်။

ကိုကိုးကျွန်းတွင် အတူနေခဲ့ရသည့် ရဲဘော်များကို ယခုမှ နောက်ထပ်ပြန်ဆုံရသည်။ ထောင်မှုး ဦးကျော်မင်း က ကျွန်တော်တို့ကို လွှတ်တော့မည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တွင် နေသူများကို လိုက်ပို့ပေးမည့်ကားများ ထောင်ဗူးအပြင်တွင် ရပ်ထားကြောင်း နယ်မှလူများ သူ့ထံတွင် ခရီးစရိတ်လာထုတ်ယူစေ လိုကြောင်း ပြောပါသည်။ ထောင်မှုး တစ်ယောက်ကလည်း စားပွဲ တစ်လုံးတွင် စာရင်းစာအုပ်များဖြင့် ပစ္စည်းများထုတ်ပေးနေသည်။

ကျွန်တော်တို့ထောင်ရောက်စဉ်က ဗူးဝတွင် စာရင်းဖြင့်သိမ်းထားသော လွယ်အိတ် နာရီ လက်စွပ် ငွေ စသည့် ပစ္စည်းများအား စာရင်းအတိုင်း ပြန်ထုတ်ပေးပါသည်။ အချိန်မှာ ညနေစောင်းသွားပြီ။ သတင်းစာ ရှင်းလင်းပွဲလုပ်ခြင်း၊ လူစာရင်းများ စစ်ခြင်း၊ ပစ္စည်းများ ပြန်ပေးခြင်းဖြင့် လူရာပေါင်းများစွာကို စစ်ဆေးနေရသောကြောင့် အချိန်ကုန်သွားလေသည်။ ဗန်းမော်တင်အောင်၊ သခင်ခင်အောင်၊ ဆရာ ရာဂျန် စသော လူကြီးများအပြင် ဘဖူးညွှန့် ခင်မောင်ဇော် ချိုကြီး အောင်ငြိမ်းစသည့် လူငယ်များလည်း လွတ်စာရင်း တွင် ပါလာသောကြောင့် ၀မ်းသာခဲ့ရပါသည်။

သင်္ကန်းကျွန်း၊ သာကေတ တောင်ဥက္ကလာ ပုဇွန်တောင် စသဖြင့် လိုက်ပို့ပါသည်။ သင်္ကန်းကျွန်း တွင်နေသော ကျွန်တော့်မှာ နောက်ဆုံးဖြစ်သွားသည်။ အိမ်တိုင်ရာ ရောက် တစ်အိမ်ချင်းလိုက်ပို့သဖြင့် အချိန် ကြာသွားရသည်။
တောင်ဥက္ကလာကို ပတ်ပြီး သင်္ကန်းကျွန်းဝင်သောအခါ မိုးစုန်းစုန်းချုပ်သွားပြီ။ ည၈နာရီခန့် ရှိလိမ့်မည်ထင်သည်။ ဖေဖော်ဝါရီလဖြစ်၍ အေးလည်း အေးလာ၏။ ထောင်ပုံစံ အင်္ကျီ အဖြူလက်တိုဖြင့် လိုက်လာရ သောကြောင့် တော်တော်အေးနေပါသည်။ နံနက်ပိုင်းက ခေါင်းညှပ်ထားသလို ရေမချိုးရ သေးသဖြင့် တစ်ကိုယ်လုံး ယားယံနေသည်။ ရဲစခန်းရှေ့မှ ဖြတ်ပြီး လမ်းအတိုင်း မောင်းဝင်ခဲ့ပါသည်။ ကျွန်တော် က ရှေ့ခန်းတွင် ဒုတပ်ကြပ်တစ်ဦး ကားမောင်းသူ ရဲဘော်တစ်ဦး တို့နှင့် အတူ ထိုင်လိုက် လာပါသည်။

ကျွန်တော့်ကို ဖမ်းခေါ်သွားစဉ်က ကျွန်တော်တို့လမ်းမှာ ခပ်ခြောက်ခြောက်ဖြစ်သော်လည်း ယခုမူ ဈေးဆိုင် များဖြင့် ကြပ်သိပ်နေပေပြီ။ နှစ်ချီကြာမြင့်သဖြင့် ကျွန်တော်အိမ်ကို မမှတ်မိတော့ပါ။ ကားမောင်းသမား ရဲဘော်ကို ဈေးဆိုင်လေးတစ်ဆိုင်ရှေ့ ရပ်ခိုင်းလိုက်သည်။ ဒုတပ်ကြပ် က ခင်ဗျား အိမ် အပေါ်ထိ လိုက်မယ်နော် မိသားစုလက်ထဲ ခင်ဗျားကို အပ်ပြီးမှ ပြန်မယ်ဗျာ ဟု အားပါးတရ ပြောနေသည်။

ကျွန်တော် ကားပေါ်မှ ဆင်းပြီး ကျွန်တော့်အိမ်ကို မေးဖို့ လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို လိုက်ကြည့်ရာ ဈေးဆိုင်ခုံပေါ် ထိုင်နေကြသော မိသားစု တစ်စုကို တွေ့လိုက်ရသည်။

မိန်းမက ကလေးတစ်ယောက်ကို ချီထားသည်။ မျက်မှန်နှင့် ယောက်ကျားက ကလေးတစ်ယောက်ကို ပေါင်ပေါ် တင်ထားလေသည်။ ဒီမှာ ဒေါ်သိန်းတင်တို့အိမ်က ဘယ်နားမှာလဲ မျက်မှန်နှင့်လူက ကလေးကို ကောက်ချီပြီး ထိုင်ရာမှ ထလိုက်သည်။ ဓါတ်တိုင်မှ မီးရောင်သည် ကျွန်တော်တို့အပေါ်ထိုးကျနေသည်။ သူက ကျွန်တော့်မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် အစ်ကို……အစ်ကို ၊ကျွန်တော်လေ အစ်ကို့ ညီလေ… သူက ကျွန်တော့် မိန်းမ သူတို့က သမီးတွေလေ ကျွန်တော့်ညီ အငယ်ဆုံးဖြစ်သည်။ ကျွန်တော် အဖမ်းမခံရခင်က သူက ၁၀တန်းကျောင်းသား။ ယခု ကလေး နှစ်ယောက် အဖေ ရုံးစာရေး။ ဘွဲ့လည်း ရနေပေပြီ။ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းက နောက်ဘက်လှည့်ကာ အမေရေ…….. အစ်ကို ပြန်လာပြီ ဟု လှမ်းအော်လိုက်ပါသည်။

ကျွန်တော်ဘက်ပြန်လှည့်ကာ အမေ နေမကောင်းတာ ကြာပြီ၊ အခု အိပ်ယာပေါ်မှာ လမ်း သိပ်မလျှောက် နိုင်ဘူး ဟု ဆက်ပြော၏။ ကျွန်တော်အိမ်ဘက်သို့လျှောက်ခဲ့ရာ သူတို့မိသားစုရော လိုက်ပို့သည့် တပ်မတော် သား များရော နောက်မှ လိုက်လာကြပါသည်။

အိမ်ရှေ့လှေကားရင်း ရောက်သည့်အခါ အိမ်ပေါ်မှ ဆင်းလာသည့် အမေ့ကို တွေ့လိုက်ရသည်။ အမေမှာ တော်တော် အိုမင်းသွားပေပြီ။ ကိုယ်လုံးမှာလည်း ငှက်မွှေးလေးလို ပါးပါးလေးသာရှိသည်။

အမေက ထမင်းလဲ သိပ်မစားဘူး။ လှေကားဆင်းဖို့ နေနေသာသာ လမ်းလျှောက်ရင်တောင် လူတွဲ သွားရတာ။ အခု အစ်ကိုလွတ်လာတော့ အံ့သြဖို့ကောင်းလိုက် တာ။ လှေကား ကို မကိုင်ဘဲ အလွတ် ဆင်း လာနိုင်တယ်။

ကျွန်တော့်ညီက ၀မ်းသာအားရ ပြောပြနေပါသည်။ အမေ့ပုခုံးကို ဖက်ပြီး အိမ်ပေါ်သို့တက်လာခဲ့ပါသည်။ အိမ်ပေါ် တွင် လူကြီး တစ်ယောက်မှ မရှိဘဲ ကလေးငယ် တစ်ယောက်သာ ကစားနေသည်။ အမေက မျက်တောင် မခပ်ဘဲ စိုက်ကြည့်နေ၏။ မျက်လုံးများထဲတွင် မျက်ရည်စများ ၀ဲနေပါသည်။

သားရယ်…..အံ့သြဖို့ကောင်းလိုက်တာ မသေကောင်းမပျောက်ကောင်း ပြန်တွေ့ရတယ်နော်…ဟု ကျွန်တော့် ကို ပြောနေသည်။ အမေမရှိတော့ဟု အမေ့အသက်ကို မမျှော်လင့်ခဲ့သော ကျွန်တော့်မှာ ယခု လို အမေ့ကို တွေ့ရသဖြင့် အလွန်ပျော်သွားပါသည်။

ထိုအချိန်၌ ကစားနေသော ကလေးက အမေ့ပေါင်ပေါ်လာထိုင်ပြီး ကျွန်တော့်မျက်နှာကို ကြည့်နေသည်။ ယောက်ကျား လေးဖြစ်ပြီး ငါးနှစ်လောက်ရှိပေလိမ့်မည်။ အမေက ကလေးကို ကျွန်တော့်ပေါင်ပေါ် တင် ပေး၏။ ကျွန်တော်ကလည်း အသာအယာပင် ပွေ့ဖက်ထားလိုက်ပါသည်။ ကျွန်တော့်ညီ၏ ကလေးဟုပင် ထင်ပါသည်။ ကလေးမှာ တအောင့်သာ ပေါင်ပေါ်ထိုင်ပြီး အမေ့ပေါင်ပေါ် အတင်းသွားထိုင်သည်။

ဖွားဖွား ဒီဦးဦးက ဘယ်သူလဲ ဟု မေးလိုက်သံကို ကျွန်တော်ကြားလိုက်ရသည်။ အမေက ကျွန်တော့်ကို ကြည့်ကာ သား ဒီကလေးကို သိလား မသိဘူး လေ အမေရဲ့ ဟိုကောင့်သား မဟုတ်လား ကျွန်တော့်အဖြေကို ကြားသောအခါ အမေသည် မျက်ရည်များ ကျဆင်းပြီး ၀မ်းနည်းပက်လက် ငိုပါ တော့ သည်။

ကျွန်တော်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။ ကလေးကလည်း သူ့အဖွားငိုသည်နှင့် လိုက် ငို သည်။ ကျွန်တော့်ညီနှင့် ခယ်မမှာလည်း မျက်ရည်များ ကျနေကြပါသည်။

ဒီကလေးက နင့်သားလေ ထောင်ထဲကနေ နင်နာမည်ပေးလိုက်တဲ့သားလေ ဟု အမေက ရှိုက်ရင်း ပြော နေပါသည်။ ကျွန်တော်က ကလေးကို တအံ့တသြ ကြည့် လိုက်ပါ သည်။ သားလေး မွေးသည့် အကြောင်း ကျန်းမာကြောင်းတို့ကို အကေလးမွေးပြီး တစ်နှစ်လောက်အကြာ စာရေးခွင့်ရမှ ကျွန်တော် သိရ ပါသည်။
သားဓါတ်ပုံကိုလည်း ထည့်ပေးလိုက်ပါသည်။ သားနာမည်ပေးသည့်နေ့က တစ်ခန်းလုံးကို ပဲလှော် ဘီစကစ် နှင့် ရေနွေးကြမ်းတိုက်ပြီး ကင်မွန်းတပ်ပွဲ ကျင်းပခဲ့သေး သည်။

သားကိုကြည့်ပြီးနောက် ကျွန်တော်ချီလိုက်သည်။ အဖေနှင့်သား မမှတ်မိပါလား။ ကျွန်တော် ထောင်ထဲ ၀င်စဉ်က ကိုယ်ဝန် ၂လ လောက်နှင့် ကျန်ခဲ့သော သားလေးမှ ယခု ၅ နှစ်နီးပါးရှိခဲ့ပြီ။ ဒီအတိုင်းဆိုလျှင် ကျွန်တော့် သမီးကြီး မှာ ၁၀နှစ်သမီးလောက်ရှိပြီး သမီးလတ်မှာ ၈နှစ်လောက်ရှိပေရော့မည်။ မိန်းမကို တစ်မျိုး ခံစားရပြီး သမီးများကို မြင်တွေ့လိုစိတ်ဖြင့် ၀မ်းနည်းသွားပါသည်။

ထိုအချိန်တွင် လှေကားမှ ဆူဆူညံညံ အသံများ ကြားရကာ အိမ်ခေါင်းရင်းမှ အိမ်နီးချင်းများ ရောက် လာကြ သလို ကလေးနှစ်ယောက်နှင့် ကျွန်တော့်မိန်းမမှာလည်း ဆွဲခြင်းတစ်လုံးဖြင့် အိမ်ပေါ် ရောက်လာ ကြပါသည်။
မိန်းမက ကျွန်တော့်မျက်နှာကို တအံ့တသြ စိုက်ကြည့်နေပါသည်။ သမီး ၂ယောက်ကမူ မျက်နှာစိမ်း တစ်ယောက်လို မျက်နှာစိမ်းတယောက်လို စူးစမ်းသည့်အကြည့်ဖြင့် အဖေကို ကြည့်နေကြသည်။

အိမ်အပြန်လမ်းမှာ မျှော်လင့်ချက်များ လုံးဝ ဆိတ်သုဉ်းခဲ့ရသည့်လမ်းမျိုးမဟုတ်ပေ။ သို့သော်ကြေကွဲမှု ကြည်နှုး မှု မျှော်လင့်ချက် ရောင်ခြည် တောက်ပလာမှု စသော ခံစားမှုပေါင်းစုံဖြင့် ရောထွေးခဲ့ရပါသည်။

ကျွန်တော့်ဘ၀တွင် မိသားစုနှင့် ချီကာ ခွဲခွာ၍ အကျဉ်းထောင်ထဲတွင် ဘ၀ တစ်စိတ်တစ်ပိုင်း ကုန်ဆုံး ခဲ့ ရသော ပထမဆုံး အတွေ့အကြုံ ဖြစ်ပါသည်။ နောင် ဒုတိယ တတိယ စတုတ္ထ စသည့်  အတွေ့ အကြုံ များ အိမ်အပြန်ခရီး များ ထပ်ခါ ထပ်ခါ မကြုံခင် ရှေ့ပြေးအိမ်ပြန်ခရီးအဖြစ် ရင်ထဲတွင် မှတ်မှတ်ရရ စွဲထင် ကျန်ရစ် နေခဲ့ပါတော့သည်။

စာရေးသူ – ထက်မြက်

The Real Lives, Real Stories

Volume 4, August 2011

(သည်စာမူကို ဆရာမောင်စွမ်းရည်က ညွှန်းပါတယ်)

(ရွှေစင်ဦးဘလောဂ့်က ယူပါတယ်)