"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Saturday, November 19, 2011

ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ

ကျောင်းစိမ်းတစ်ထည်၏ အတ္ထုပ္ပတ္တိ

(၁)

စားပွဲပေါ်မှာ အထပ်လိုက်ရှိနေသည့် ပုဆိုးပုံကိုကြည့်ပြီး အဖြစ်အပျက်တို့ကို စဉ်းစားနေမိသည်။ ခုချိန်က သီတင်းကျွတ်လည်းမဟုတ်၊ တန်ဆောင်တိုင်လည်းမဟုတ်၊ အခါကြီးရက်ကြီးလည်းမဟုတ်။

" အင်း...မဟုတ်မှလွဲရော... ဟိုဆရာမပဲဖြစ်မယ်"

" ဒါဆိုရင်တော့...... အင်း..."

ကျနော် ချွေးပြန်ခဲ့ရသည့်နေ့၊ ထိုနေ့ကို ကျနော် မှတ်မှတ်ရရ ဖြစ်နေမိသည်။

ညနေကျောင်းဆင်းအပြီး အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး စာထိုင်ဖတ်နေသည်၊ မိန်းမက ညနေစာထမင်းတစ်အိုး ချက်ထားခဲ့ပြီး ဟင်းချိုခပ်ရန် အရွက်ရှာမည်ဆိုကာ ရွာထဲ ထွက်သွားလေသည်။ ကျနော်နေသည့်အိမ်က ကျောင်းဝင်းအတွင်းမှာပင်ရှိသည်။ စာသင်ကျောင်းဆောင်နှစ်ခုအကြားတွင် လမ်းကလေးရှိသည်။ ထိုလမ်းကလေးထိပ်ဆုံးတွင် သွပ်မိုး ပျဉ်ကာ အုပ်ညှပ် လုံးချင်းအိမ်ကလေးသဖွယ် အဆောက်အအုံကလေးရှိသည်။ အိမ်လည်းဟုတ်သည်၊ ရုံးခန်းဆိုလည်းမမှား၊ ကျောင်းချိန်တွင် ကျောင်းအုပ်ကြီး ရုံးခန်းဖြစ်သည်၊ ဆရာ/ဆရာမများနှင့် အစည်းဝေးလုပ်သည့်စားပွဲသည် ကျနော်တို့ လင်မယား၏ ထမင်းစားပွဲလည်းဖြစ်သည်။

ကျနော်သည် ယခုလက်ရှိကျောင်းကို ၁၉၉၀ခုနှစ်၊ ဇွန်လတွင် ရောက်ရှိခဲ့ပါသည်။ ဤရွာသို့ အလယ်တန်းကျောင်းအုပ်အဖြစ် ရောက်လာကတည်းက ရွာထဲတွင် စုံစမ်းပြီးချေပြီ။ ရွာထဲတွင် ရန်ကုန်နှင့် အခြားမြို့များမှ တာဝန်ကျသည့် ဆရာဆရာမများ အချင်းချင်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဆိုသလို စုပေါင်းပြီး အိမ်ငှားနေကြရသည်။

အိမ်တစ်လုံးငှားခကလည်းမသေး၊ နှစ်ရာ့ငါးဆယ် သုံးရာရှိသည်၊ ကျနော်မငှားနိုင်ပါ။ ကျနော်၏ အလယ်တန်း ကျောင်းအုပ်လစာက တစ်လ (၁၂၅၀) ကျပ်။ ဝန်ထမ်းဆန်ဘိုး ဆီဘိုး သက်သာကြေး ငွေစုငွေချေးသမ စသဖြင့် ဖြတ်တောက်ပြီးပါက (၈၀၀)ကျပ် ပျော့ပျော့သာ ကျန်သည်။

ကျနော့်သမီးကြီးက ဒီနှစ်ဆယ်တန်း၊ သားအငယ်က ကိုးတန်းတက်နေသည်။ သူတို့ရှေ့ရေးအတွက် နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်ရာက ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခွင့်တင်ခဲ့ရာ ရန်ကုန်တိုင်းတော့ ရောက်ပါသည်။ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်အပိုင် ရွာလေးတစ်ရွာသို့ ရောက်ခဲ့ရလေသည်။

ခုမှခက်ချေပြီ၊ ရွာမှာ အထက်တန်းကျောင်းမရှိ၊ ကော့မှုးမြို့ပေါ်သို့ သွားရောက်ထားပါက ရနိုင်သော်လည်း ဆွေမရှိမျိုးမရှိသဖြင့် အိမ်ငှားနေရမည်၊ မတတ်နိုင်ပါ။ နောက်ဆုံး ရန်ကုန်ကန်တော်ကလေးရှိ အမအပျိုကြီးများထံ ပို့ထားရလေသည်။ ကြီးတော်များက ကလေးများကို ချစ်ခင်၍ သေသေချာချာ စောင့်ရှောက် ကျွေးမွေးထားသဖြင့် တော်ပါသေးသည်။

ကျနော်ပို့ပေးသော တစ်လ (၅၀၀)ကျပ်သည် ကလေးများ၏မုန့်ဘိုး စာအုပ်စာတမ်းကြေး စသည်ဖြင့် ကျောင်းစရိတ်အတွက် ကာမိရုံသာ။ အစ်မနှစ်ယောက်ကို ကျေးဇူးတင်ရသည်၊ ကျန်ငွေ (၃၀၀) ကျပ်ကို ကျနော်တို့လင်မယားနှစ်ယောက်

ခြိုးခြံစားသောက်ပြီး ကလေးတွေထံ တစ်လတစ်ခါ သွားသည့် လမ်းစရိတ်အဖြစ် လောက်ငအောင်သုံးရသည်။ ငါးပိရည်ကျို တို့စရာနှင့် ဟင်းချိုသည် ကျနော်တို့လင်မယားအတွက် နတ်သုဒ္ဓါပင်၊ အဝတ်အစား ဝယ်ဝတ်ဖို့ဟူသည် အိမ်မက်ပင် မမက်ရဲ၊ ဝယ်လျှင်လည်း ငွေစုငွေချေးမှ ချေး၍ရသည့်အချိန်မှ သမီးနှင့်သားအတွက် လိုတာဝယ်ပေးရသည်။

အဝတ်အစားသည် ကျနော့်အတွက် မလိုအပ်ပါ။ ကျောင်းတက်လျှင် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကို ဝတ်သည်။ အိမ်ပြန်ရောက်ပါက နေကလေးပြ လေသလပ်ခံပြီး နောက်တစ်နေ့ပြန်ဝတ် သည်လိုဖြင့် တနင်္လာမှ သောကြာအထိ အဆင်ပြေသည်။ ဒီကြားထဲ ရွာထဲက အလှုလေးအတန်းလေး ဖိတ်လာလျှင် ဒီအဖြူအစိမ်းတစ်စုံဖြင့် ပြီးသည်။

ချည်ပုဆိုးတစ်ထည်ကတော့ ကော့မှုးမှ ရန်ကုန်က အမအိမ်သွားလျှင် ဝတ်ရသည်၊ ကျောင်းစိမ်းဝတ်စုံဖြင့် သွားမိလျှင် "မင်းမှာ ဒါဘဲရှိသလား" ဟု ခဏခဏမေးတတ်၍ ဖြစ်သည်။ ကလေးတွေကို ကြည့်ပေးထားသည်နှင့်ပင် တော်ပါပြီ၊ ထပ်၍ဝန်မပိစေချင်တော့ပါ။

အိမ်မှာနေရင်ဖြင့် မနှစ်က ကျောင်းစိမ်း အဟောင်းလေးပဲဝတ်သည်။ သို့သော် ထိုပုဆိုး အစိမ်းကလေးမှာလည်း ရေလဲပိုင်းသာသာ ရှိတော့သည်၊ ရေစီးကြောင်းများလိုက်၍ အပေါက်အပြဲများက လှည့်၍ပင်မရ၊ ကိစ္စမရှိ။

ကျနော့်အိမ်သည် ရွာအစွန် ကျောင်းဝင်းအတွင်းမှာပင်၊ ညနေ ကျောင်းသားကျောင်းသူများ ကျောင်းဆင်းပြီးပါက ဖြတ်သွားဖြတ်လာပင်မရှိ။ ရွာအစွန်အဖျား သရဲခြောက်သည် နာမည်ကြီးသဖြင့် ညနေ နေဝင်ရီတရော မည်သူမှမလာရဲသည့်နေရာ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင်၊ အိမ်မှာမိန်းမကလည်းမရှိ၊ ထိုအချိန်မှာမှ အရေးတကြီးကိစ္စဖြင့် ခွင့်ယူလို၍ဆိုကာ ဆရာမဒေါ်သီရိနွယ် ရောက်လာခဲ့သည်။ မိန်းမရှိနေရင်ဖြင့် အိမ်ဆီလျှောက်လာတာ မြင်ကတည်းက လုပ်စရာရှိတာ လုပ်ထား၍ရသည်။

အခုတော့ ထိုင်ရာမထ နှုတ်ဆက်ရလေသည်။ ညနေရွာသို့ မော်တော်ဆိုက်စဉ် ရန်ကုန်မှ လူကြုံနှင့်စာပါလာကြောင်း၊ ဆရာမ၏မိခင် ကျန်းမာရေးမကောင်းဖြစ်နေ၍ အမြန်လိုက်လာခဲ့ပါဟု မှာကြောင်းပြောသည်။ မနက်စောစောထွက်မည့် မော်တော်နှင့်လိုက်သွားလိုသဖြင့် ခွင့်တင်သွားလိုပါကြောင်း အကျိုးအကြောင်းပြောလေသည်။

ကျနော်လှုပ်၍ မရပါ။ တင်ပလ္လင်ခွေထိုင်ရင်း ချွှေးပျံနေသည်။ ဘာလုပ်ရမှန်းမသိ၍ လက်ထဲတွင် ကိုင်ထားသည့် ဖတ်လက်စစာအုပ်ကို စိုက်ကြည့်နေမိသည်။ စာလုံးများသည် ဝိုးတဝါး၊ ဆရာမမျက်နှာသည်လည်း ဝါးတားတား၊ မိန်းမပြန်လာရင်ကောင်းမည်။ ဆရာမ ဒေါ်သီရိနွယ်သည် ကျနော့်ကို စိတ်အလိုမကျစွာ လှမ်းကြည့်နေသည်၊ ခွင့်တိုင်သည့် ပုံစံစာရွက်ကို ထုတ်မပေးဘဲ စာဖတ်မပျက်သည့် ကျနော့်ကို အလိုမကျ ဖြစ်နေချေပြီ။

" မြင့်မြင့်... မြင့်မြင့် ပြန်လာရင်ကောင်းမယ်"

" ဒီမိန်းမ ရွာရိုးကိုးပေါက် လျှောက်သွားနေတယ်......" ဟု စိတ်တိုစွာတွေးမိပြီး

"အင်းလေ သူလည်း ရွာရိုးကိုးပေါက် ခြံစည်းရိုးက အရွက်တွေသွားခူးတာပဲ"ဟု စိတ်ဖြေရသည်။

"ဟာ...........ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်ပန်းတွေပွင့်နေပါလား၊ ကျမက စပယ်ပန်းသိပ်ကြိုက်တာ" ဟု ပြောပြောဆိုဆို အိမ်အပြင်ထွက်ပြီး ပန်းပင်ဆီထအသွားမှာတော့ ကျနော် လှစ်ခနဲ အိပ်ခန်းထဲ ဝင်ပြေးခွင့်ရလေတော့သည်။ တန်းပေါ်မှာ လွှားထားသည့် တစ်ထည်တည်းသော ကျောင်းစိမ်းပုဆိုးကို လဲဝတ်ပြီးတော့မှ အသက်ရှုချေင်လေတော့သည်။

ရုံးခန်းအဖြစ်ကာထားသော အခန်းဆီသို့ဝင်ကာ ဘီရိုထဲမှ ခွင့်တင်သည့် ပုံစံစာရွက်ကိုယူပြီး "ကဲ ဆရာမရေ ခွင့်စာလာယူချည်၊ ပြန်လာမှတင်ရင်တင်၊ ကျနော်လည်း အကျိုးအကြောင်း သိပြီပဲ" ဟု ပြောပြောဆိုဆို ပေးပြီး သတင်းမေးစကား ပြောရလေတော့သည်။

ထိုဆရာမ ရန်ကုန်တွင် ၃ ရက်နေပြီး ကျောင်းပြန်လာတက်သည့်နေ့တွင် ဆရာကြီးအတွက်ဆိုကာ မန္တလေးရှပ် လည်ကတုံးလက်ရှည်အဖြူတစ်ထည်နှင့် ကျောင်းစိမ်းပုဆိုးတစ်ထည် ကန်တော့လေသည်။ ဆရာ ဆရာမများသည် မချမ်းသာကြပါ။ တစ်ချို့ဆို တော်တော် ချို့တဲ့ကြပါသည်။ သူတို့လစာ (၈၇၅) ကျပ်သည် (၅၀၀) ကျပ်လောက်သာ အသားတင်ရကြရာ အိမ်ငှားခ၊ စားသောက်စရိတ်၊ လမ်းစရိတ်တို့ဖြင့် မနည်းလောက်ငအောင် သုံးနေကြရသည်သာ။

တို့သည်လည်း ရန်ကုန်မှာ မိဘများက ကျွှေးမွေးထား၍သာ လာရောက်လုပ်နိုင်ခြင်းဖြစ်သည်၊ မည်သူမှ ကျနော့်ကို လာမကန်တော့နိုင်ပါ၊ ကျနော် အားနာစွာငြင်းပါသေးသည်။ ဆရာမ၏ မိခင်ဖြစ်သူမှ ဝယ်ပေးလိုက်ခြင်းပါဆို၍ လက်ခံလိုက်ပါသည်။ ဒါအဆန်းတော့မဟုတ်ပါ။ သို့သော် တစ်ရက်ခြားလောက်မှာပင် ရွာခံဆရာမတစ်ယောက်က ကန်တော့ချင်ပါသည်ဆိုကာ ကျောင်းစိမ်းပုဆိုးတစ်ထည်နှင့် ချည်ချောပုဆိုးတစ်ထည် ရောက်လာပြန်သည်။

ထို့နောက်ရွာထဲမှ ကျောင်းအကျိုးတော်ဆောင် ရွာလူကြီးတစ်ဦးက လက်ဆောင်ဆိုကာ ရောက်လာပြန်သည်၊ ထိုမှ ထိုမှသည် ဆရာမနောက်ထပ်နှစ်ဦး၊ ဒါဆိုရင်တော့ သမရိုးကျ မဟုတ်တော့ချေ၊ ထိုနေ့က ဆရာမဒေါ်သီရိနွယ်တစ်ယောက် ကျနော့်အဖြစ်ကို သိရှိသွားလေချေပြီလား။

(၂)

စားပွဲပေါ်တွင် အထပ်လိုက်ရှိနေသည့် ပုဆိုးများထဲမှာ ကျောင်းစိမ်းပုဆိုး လေးထည် ပါသည်။ သားကို တစ်ထည်ပေးရမည်၊ ဒီနှစ် သားအတွက်လုံချည်ဝယ်မပေးရသေး၊ သမီးကိုသာဝယ်ပေးလိုက်ရသည်။ မိန်းကလေးဆိုတော့ ထည်လဲလိုသည်၊ သားကနားလည်၍ တော်သေးသည်။ ကိုချစ်အုန်းလည်းသနားစရာ။ သူ့မလည်း ကျောင်းစိမ်းတစ်စုံနှင့် အလှုသွားလည်းဒါ ကျောင်းတက်လည်းဒါ ဖြစ်နေသည်၊ တော်ပါသေးသည်၊ အဖြူ အစိမ်းဆိုတော့ ဒါချည်းပဲဝတ်နေသည်၊ ဒီတစ်စုံထဲရှိသည်ဟု မည်သူမှ မသိနိုင်ချေ။

ကိုချစ်အုန်းအတွက် ကျောင်းစိမ်းလုံချည်လေးတစ်ထည်လောက် ဝယ်ပေးချင်နေတာကြာပြီ။ ဝယ်ပေးရန်လည်း ကြံစည်သေးသည်၊ ရွာထဲက အထည်ရောင်းသည့် အမကြီးဆီမှာ မေးကြည့်တော့ ရွာမှာ တော်တော်များများက ကျောင်းစိမ်းတစ်ထည်ဝယ်ထားလျှင် နှစ်နှစ် သုံးနှစ် ထပ်မဝယ်တော့ပေ။ သို့ဖြင့် ဆိုင်မှာတင် မရောင်းပါ။ လိုချင်ပါက မြို့ပေါ်က မှာပေးမည်ဆိုသည်။ လပေးဆိုပါက အဆမတန်တင်ထားတတ်မှန်းသိသော်လည်း နှစ်လခွဲပေးမည် ဆိုသောအခါ အင်တင်တင်လုပ်နေ၍ မဝယ်ဖြစ်သေးချေ၊ သူကလည်း မြို့သို့မှာရန် မေ့နေသလို ဟန်ဆောင်နေသည့်အတွက် အံကိုက်ဖြစ်နေလေသည်။ ဆရာမဒေါ်သီရိနွယ်အမေ နေမကောင်းဖြစ်၍ ဆရာမ ရန်ကုန်အပြန်မှာ ဆရာမအမေက ကျေးဇူးတင်၍ ဝယ်ပေးလိုက်ဟန်တူသည်၊

" အင်း ဆရာမတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာပဲဖြစ်မယ်၊ သီတင်းကျွတ်တုန်းကတောင် ဘယ်သူမှ ကန်တော့မယ့်သူမရှိ ၊ ခုကျတော့လည်း အချိန်အခါလည်းမဟုတ်၊ တစ်ယောက်ကန်တော့တာမြင်တော့ ကျန်တဲ့ဆရာမတွေကလည်း သူတို့ကို ဂရုစိုက်အောင် ဝိုင်းကန်တော့လိုက်ကြတာ"

ဘယ်လိုပဲဖြစ်ဖြစ် ကိုချစ်အုန်းအတွက် ဟန်ကျလေပြီ၊ အထည်ရောင်းသည့် အမကြီးထံသွားပြီး

"ကိုချစ်အုန်းကို ကန်တော့ထားတာတွေများနေလို့ ပုဆိုးမဝယ်ဖြစ်တော့ဘူး" လို့ ရင်ကော့ပြီး ပြောလိုက်တော့မည်။

(၃)

လုပ်ဖော်ကိုင်ဖက် ဆရာမများက ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုးနှင့် ချည်ပုဆိုးများ ကန်တော့သည်ကို တွေ့သဖြင့် ကျမရင်ထဲ ဝမ်းသာပီတိဖြစ်ရပါသည်။ ကျောင်းဆရာ ဆရာမများကို ဒါးသွေးကျောက်၊ ဖယောင်းတိုင် စသဖြင့် တင်စားကြသည့်အတိုင်း ဆရာ ဆရာမများသည် အနာဂတ်အတွက် ကလေးများကို အသိပညာ အတတ်ပညာများ သင်ကြားပေးရင်း မိမိတို့ဘဝမှာ ချို့တဲ့လှပါသည်။

မိမိကိုယ်တိုင် ချို့တဲ့လှပါသည်ဟု ထင်မှတ်ထားမှုသည် လုပ်သက်အနှစ်နှစ်ဆယ်ကျာ်ရှိ ကျောင်းအုပ်ဆရာကြီးကို မျက်ဝါးထင်ထင်တွေ့ရလေမှ စာဖွဲ့စရာမဟုတ်မှန်း သိလာရလေသည်။ ထိုဆရာကြီးကို ဘယ်အချိန်ကြည့်ကြည့် ကျောင်းဝတ်စုံနှင့်ပင်၊ မော်တော်နှင့် ရန်ကုန်သွားလျှင်ပင် တစ်ခါတရံ အဖြူအစိမ်းနှင့် တွေ့ရသည်။ သို့သော် ဆရာကြီးတွင် ကျောင်းဝတ်စုံ ထိုတစ်စုံသာရှိသည်ကိုတော့ တော်တော်လေးကြာမှ အမှတ်မထင် သိရှိခဲ့ရလေသည်။

ညနေကျောင်းဆင်းအပြီး အိမ်မှာနားနေခိုက် ရွာထိပ်တွင် မော်တော်ဆိုက်သံကြားလို့မှ မကြာ ဆရာမအတွက် ရန်ကုန်မှ စာပါတယ် ဆိုကာ ကလေးတစ်ယောက် စာလာပေးစဉ် ရင်ထဲထိပ်ကနဲ ဖြစ်မိသည်၊ ကျမ၏မေမေ သွေးတိုးနေသည်၊ သွေးပေါင်ချိန် တော်တော်နှင့် မကျသဖြင့် ခေတ္တပြန်လာခဲ့ဖို့မှာခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ကြောက်စရာ ကောင်းသည်။ အန္တရယ်လည်းရှိသဖြင့် ကျမ စိတ်ပူမိသည်။

အတူနေဆရာမက ရေချိုး သနပ်ခါးလိမ်းသည်ကို မစောင့်တော့ဘဲ ဆရာကြီးထံခွင့်တိုင်ရန် ထွက်လာခဲ့သည်။ ကျမ အကျိုးအကြောင်းပြောနေသည်ကို နားထောင်ပြီး ဆရာကြီးသည် ထိုင်မလိုထမလိုလုပ်ကာ စာအုပ်ကို သဲသဲမဲမဲဖတ်နေလေသည်၊ ကျမစိတ်တိုမိချေပြီ၊ ဆရာကြီးကတော် မမမြင့်ကို အရိပ်အယောင်မျှပင် မတွေ့။

" ဒီလိုမှန်းသိ တလေးတစား ခွင့်လာမတိုင်ပါဘူး၊ မနက်စောစော မော်တော်နဲ့လိုက်သွားပြီး တစ်ယောက်ယောက်နဲ့ မှာခဲ့ပါတယ်" ဟုတွေးရင်း ထပြန်ရင်ကောင်းမလားတွေးမိသည်။ ဆရာကြီးကို လှမ်းကြည့်မိသည့်အခါ ဆရာကြီးသည် စာအုပ်ကို စိတ်ဝင်တစားဖတ်နေခြင်းမဟုတ်သည်ကို အကဲခတ်မိလေသည်။ ဆရာကြီး၏ ညိုသောမျက်နှာသည်နီရောင်ပြေးနေပြီး နဖူးတွင်ချွှေးများပင်စို့နေသည်ကို တွေ့ရပြန်သည်။

ကျမက ဆရာကြီးအမျိုးသမီးကို မေးရာ ရွာထဲသွားသည်ဟုဆိုသည်။ ကျမဇဝေဇဝါ ဖြင့်ဝေခွဲရဖြစ်နေစဉ် ဆရာကြီးသည် ထိုင်နေရာမှ ညောင်းလာသည်ထင့်။ အမှတ်တမဲ့လှုပ်ရှားလိုက်ရာ ကျမစိတ်ထဲ စိတ်ထိခိုက်ရမိပါတော့သည်။ အိမ်နေရင်းဝတ်ထားသည့် ကျောင်းစိမ်းပုဆိုးလေးသည် ရိပြဲလို့နေပါလား၊ ကျမသည် ယခုမှချက်ချင်း ထပြန်လို့လည်း မဖြစ်တော့ပေ။

" ဟာ......ဆရာကြီးအိမ်က အချိန်အခါမဟုတ် စပယ်တွေပွင့်လို့ပါလား၊ ကျမကစပယ်ပန်းသိပ်ကြိုက်" ဟု ပြောပြောဆိုဆို အပေါက်ဝထွက်၍ စပယ်ပင်ရှေ့အကြာကြီးရပ်ကာ အိမ်ကိုကျောခိုင်းနေလိုက်ပါသည်။ တစ်အောင့်နေ ဆရာကြီးထွက်လာတာ မြင်ရသည့်အခါ ကျမပိုလို့ပင် စိတ်မကောင်းဖြစ်ရပါသည်။ ကျောင်းတက်လျှင်ဝတ်သည့် ကျောင်းစိမ်းလုံချည်လေးလဲဝတ်ကာ ကျမအား ဖော်ရွာစွာဖြင့် စကားတွေဖောင်ဖွဲ့လျက် ကျမမိခင် ကျန်းမာရေးကို မေးမြန်းလေသည်။

ကျမမိခင်ကို ဆေးခန်းပြ ဆေးပုံမှန်စားရန်ကိစ္စများ လုပ်ကိုင်ပေးပြီး အခြေအနေကောင်းသည်နှင့် ကျောင်းသို့ပြန်ခဲ့လေသည်၊ ဆရာကြီးအတွက် ကျောင်းစိမ်းပုဆိုး တစ်ထည်ကို မဖြစ်မနေဝယ်အပြီး ကျမမိခင်မေးမြန်းရာက အင်္ကျီအဖြူတစ်ထည်ကို ဖြည့်ပီးဝယ်ပေးလိုက်ပါသည်။ ဆရာကြီးကိုကန်တော့ရန် ဆွဲခြင်းထဲတဲ့ယူလာသည့် ကျောင်းစိမ်းဝတ်စုံကို ရွာခံဆရာမ မမရီ တွေ့ရှိသွားရာမှ ထိုနေ့ကအဖြစ်ကို ကျမ ဇာတ်ကြောင်းပြန်မိလေသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ကလေးများကို သင်ကြားတိုင်း မျက်ရည်ကျအောင် ပြောတတ်သည့်ကျမသည် ဆရာမတစ်ချို့ကို မျက်ရည်ကျစေမိလေသည်။ ခွင့်ရ၍ကန်တော့သည် ကန်တော့၍ခွင့်ပေးသည်ဟု အခြားဆရာ ဆရာမများ သံသယမဖြစ်စေချင်ပါ။ မမရီက စောစောကသိရင် ဒီနေ့မော်တော်နဲ့မြို့ကို မှာလို့ရသည်၊ မနက်ဖြန်မှပဲ မှာရတော့မှာပဲဟု တသသ ပြောနေလေသည်။ ချက်ချင်းကို ပေးချင်နေသည်၊ မမရီမှတစ်ဆင့် သူ၏ဖခင်သိရှိကာ မမရီအဖေက ပုဆိုးတစ်ထည်။ နောက် အခြားသော ဆရာ ဆရာမများ ကန်တော့ကြလေသည်။

ထိုသီတင်းတစ်ပတ်အပြီး ကျောင်းပြန်တက်သည့်တစ်ရက်မှာတော့ မန္တလေးရှပ်အကျီအဖြူ ကျောင်းစိမ်းပုဆိုးအသစ်တို့ ဝတ်ဆင်လျက် ကျောင်းရုံးခန်းမှ စာသင်ဆောင်သို့အကူး ကျမစာသင်ခန်းရှေ့ အဖြတ်တွင်တော့ မျက်နှာရဲလျက် အိုးတိုးအန်းတန်းဖြစ်နေပုံရလေသည်၊ ကျမသည် ဆရာကြီး အနေမခက်စေရန် ထုံးစံအတိုင်း မမြင်ယောင်ဆောင်၍ ကျောခိုင်းလိုက်ပါတော့သည်။

ခိုင်ခိုင်စောလွင်

November 8, 2011 (Tuesday)

(Copied from Irrawaddy blog.)

အိမ်အပြန်

အိမ်အပြန်

ထက်မြက်။ နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ (ပြန်လည်ဆန်းသစ်ခြင်း)


လူတိုင်းအဖို့ အိမ်အပြန်မှာ ၀မ်းသာဖို့အကောင်းဆုံး အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ စစ်မြေပြင် မှ မသေ မပျောက် ဘဲ အိမ်ပြန်လာရသည့်စစ်သား။ နှစ်ပေါင်းများစွာ နိုင်ငံခြားအလုပ်သွားလုပ်နေရာမှ အိမ်ပြန် လာသောသူ။ ထောင်ထဲတွင် အချိန်ကြာမြင့်စွာ အကျဉ်းကျခံရနေရပြီး မှ လွတ်မြောက်လာကာ အိမ်ပြန် သည့်လူတို့မှာ အပျော်ဆုံး လူသားများဟု သူတို့ကိုယ်သူတို့ မှတ်ယူကြသည်။ လူတစ်ယောက် ၏ အတွယ်တာဆုံး နေရာမှာ အိမ်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး အိမ်ကို ခင်မင် တွယ်တာကြသည်ချည်းပင်။ တစ်နေ့တာ အလုပ်သွား ကျောင်းတက် ကြသော်လည်း အချိန်တန်လျှင် အိမ်ကို ပြန်လိုကြသည်။ အိမ်မှာ အနားယူ အပန်းဖြေလို ကြသည်။ ခရီးသွားရင် အလွန်ကျယ်ဝန်းသည့် ဟိုတယ်ခန်းကြီး၌ ဇိမ်ကျကျ နေရသည့်တိုင် မိမိ၏ ခပ်စုတ်စုတ် အိပ်ခန်းကျဉ်းလေးသို့ ပြန်လိုကြပါသည်။ ထိုကြောင့် အိမ်အပြန် မှာ လူတစ်ယောက်အဖို့ အကြည်နူး ဆုံး အချိန်ဖြစ်လေသည်။

လူတိုင်း အိမ်အပြန်ကို ကြုံခဲ့ကြသလို ကျွန်တော်တို့အဖို့ ယခုထက်တိုင် အမေ့မပျောက်နိုင်သော အိမ်အပြန် အချိန်တချိန်ရှိခဲ့ပါသည်။ ထိုအိမ်ပြန်ချိန်မှာ ထောင်နှင့် ကျွန်း တွင် ၅ နှစ် ၆နှစ်ခန့် အကျဉ်းခံ ဘ၀ဖြင့် နေခဲ့ရပြီး အိမ်ပြန်ခွင့်ရသည့်အချိန်ဖြစ်ပါသည်။

ကျွန်တော် ထောင်ထဲနေခဲ့ရသည့် ကာလမှာ ယခုထက်ပိုမို ခက်ခဲကြပ်တည်းပါသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပုဒ်မ ၅ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသော်လည်း ထောင်ဝင်စာမတွေ့ရပါ။ အိမ်မှ မိသားစု မျာကို မမြင်မတွေ့ရပါ။ ၆ နှစ်တာကာလအတွင်း ဇနီး သားသမီး မိဘ ညီအစ်ကို မောင်နှမ များကို လုံးဝ မတွေ့ခဲ့ရပေ။ သာကြောင်း မာကြောင်း ကျန်းမာရေး စီးပွားရေး ပညာရေး အကြောင်းကို တစ်လတစ်ကြိမ်ရေးခွင့်ရသော စာတိုလေးမျှသာ ဖတ်ရှုသိရှိရပါသည်။ ဇနီးသည်က ကိုယ်ဝန်နှစ်လဖြင့် သမီး ၂ယောက် ကို ထိန်းကာ ရုန်းကန်ခဲ့ရသည်။ အမေကလည်း ကျန်းမာရေး ကောင်းလှသည် မဟုတ် ပေ။

အင်းစိန်ထောင်တွင် ရှိစဉ်က တစ်လ တစ်ကြိမ် အိမ်ကို စာရေးရသည်မှာ ပုံမှန်နီးပါး ရှိသော်လည်း အဆောင်မှ နေ တိုက်အပို့ခံရပြီး တိုက်ထဲ၌ လပေါင်းများစွာ နေရချိန်တွင် စာ အဆက်အသွယ် ဖြတ် ထားပါသည်။ ထိုကာလ၌ အိမ်အကြောင်းဘာမှ မသိရသလို ကျွန်တော့်ကျန်းမာရေးကိုလည်း အိမ်က သိခွင့် မရတော့ပါ။
နောက် ကိုကိုကျွန်း ပို့လိုက်သည်တွင် အိမ်နှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ ကျွန်းပို့ခါနီး၌လည်း အိမ်ကို စာရေးခွင့် ရပ်ထားသလို အိမ်မှ ရေးသော စာများကိုလည်း ဖတ်ခွင့်မရပေ။ ကိုကိုးကျွန်း၌ ၃ နှစ် နီးပါး နေရချိန် တွင် စာ ၃စောင် လောက်ပင် ရေးခွင့် ဖတ်ခွင့်ရသည်ထင်ပါသည်။ ကျွန်း ရောက် နေကြောင်း ရေးလိုက်သည့်စာများကို ပို့မပေးကြောင်း သိရသည်။


ထိုကြောင့် မိသားစုကို မျှော်လင့်ချက်မထားချင်တော့ပေ။ မိမိကိုယ်ကိုလည်း အသက်ရှင်လျှက် အိမ်ပြန်လာရလိမ့်မည်ဟု မထင်တော့ပေ။ အဖမ်းခံရသည့် အချိန်က အသက် ၂၆နှစ်ကျော်သာရှိသေးပြီး ဇနီးမှာလည်း ၂၃ နှစ်ကျော် ငယ်ရွယ်သူ ဖြစ်၍ အိမ်ထောင်သစ်ထူနိုင်ခွင့်ရှိသည်ဟု ခွင့်လွတ် ထားခဲ့ ပါသည်။ အမေကလည်း ကျန်းမာရေး မကောင်းသဖြင့် အမေ့မျက်နှာကို အိမ်အပြန်တွင် တွေ့တော့မည် ဟု မထင်ပေ။ အထူးသဖြင့် ကိုကိုးကျွန်းအကျဉ်းထောင်တွင် ၃နှစ် နီးပါး နေခဲ့ရသည့် အချိန်က အိမ်နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ ထောင်ပြောင်းသွားသည်။

ကိုကိုးကျွန်းရောက်သွားသည်ကို အိမ်က မသိသလို ကျွန်တော်တို့ကလည်း စာရေးပြီး အသိပေးလို့မရပါ။ ထို့အပြင် ကိုကိုးကျွန်း နှင့် ပြည်မကြား အဓိက အဆက်အသွယ်မှာ ရေလမ်းမှ သွားရသော သင်္ဘောသာဖြစ်သည်။ မုန်တိုင်းထန်သော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ကျွန်းဖြစ်၍ မိုးရာသီဆိုလျှင် အဆက်အသွယ် အလွန်ကျဲသည်။

ထိုကြောင့် ကျွန်တော်တို့ရေးသော စာများလည်း အိမ်မရောက်။ အိမ်မှရေးသော စာများလည်း ကျွန်တော့်ထံမရောက်။ ကျွန်တော့်မိသားစုဆိုလျှင် ကျွန်တော့် မိဘအိမ်တွင် နေတော့မည်ဟု မထင်ပေ။ အမေ့ကိုလည်း ဤလောကတွင် ရှိတော့မည်ဟု မထင်ပေ။ စာအဆက်အသွယ်ရတုန်းက အမေနေမကောင်းဟု သိရသဖြင့် နှစ်ကြာပြီး အဆက်အသွယ်မရေသောကြောင့် အမေနှင့်တွေ့ဖို့ မျှော်လင့်ချက်ကို စွန့်လွတ်ခဲ့ခြင်းဖြစ်ပါသည်။

အင်းစိန်ထောင်သို့ ပြန်ခေါ်ပြီးသော်လည်း အိမ်နှင့်အဆက်အသွယ် မရသေးပါ။ (အမှန်မှာ ကျွန်တော် တို့လွတ်တော့မည်ဖြစ်၍ အဆက်အသွယ် မပေးခြင်းလည်း ဖြစ်ပါလိမ့်မည်။) ဤသို့ဖြင့် ကျွန်းမှာပြန်လာပြီး ၄လခန့်အကြာ နံနက်စာ စားအပြီး နေ့ခင်းဘက် တစ်ရေးတစ်မော ကုတင်ပေါ် အိပ် နေချိန် တွင် အပြင်မှ သော့ဖွင့် သံများ ရုတ်တရက်ကြားလိုက်ရသည်။

နောက်အခန်းတံခါးကြီးကို ၀ုန်းခနဲ့ ဆွဲဖွင့်လိုက်ကာ ထောင်မှုး ဦးကျော်မင်းနှင့် အမှု ထမ်းများ ဖိနပ်သံ တဖြောင်းဖြောင်း နှင့် အခန်းထဲ ၀င်လာကြလေသည်။ ပုံစံထိုင် ခိုင်းလိုက်သဖြင့် ကျွန်တော်တို့အားလုံး ကုတင်ပေါ်တွင် ပုံစံထိုင်နေကြရပါသည်။
ထောင်မှုးက နာမည်ခေါ်တဲ့သူ အဖေနာမည်ကိုပြော ရှေ့မှာလာရပ်


ဇော်လွင်
ရှိ အဖေနာမည် ဦး……

တင်ဝင်း
ရှိ အဖေနာမည် ဦး…..

ကျော်နိုင်
ရှိ အဖေနာမည် ဦးဘိုးသီ


ကျွန်တော့်နာမည် ခေါ်၍သာ အဖေနာမည်ပြောပြီး အမှုထမ်းများရှေ့သို့ သွားရပ်ရသည်။ ဘာကြောင့် ခေါ်မှန်း မသိပါ။ အခန်းပြောင်းမှာလား။ အဆောင်ရွေ့မှာလား။ တိုက်ပို့မှာလား။ ရင်တထိတ်ထိတ်နှင့် ပုံစံရပ်နေလိုက်ပါသည်။ နာမည်ခေါ်ခံရသည့် အခန်းတွင်းမှ အဖော်တော်တော်များ မှာလည်း ဝေခွဲမရသော မျက်လုံးများဖြင့် တန်းစီရပ်နေကြည်ပါသည်။

လာ….လိုက်လာခဲ့ကြ ထောင်မှုး ဦးကျော်မင်းက ပြောပြီး ရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့လည်း ထောင်မှုး နောက်မှ တန်းစီလိုက်ခဲ့ကြ၏။ ကျွန်တော်တို့ ဘေး တစ်ဖက် တစ်ချက် ဆီမှ အမှုထမ်းများ ကလည်း လိုက်ပါလာခဲ့ကြသည်။ အလွန် ထူးခြားသည်မှာ ကျွန်တော်တို့ကို စောင့်ဖြင့် အုပ်ပြီး ခေါ် မလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဟိုသည်ကြည့်ပြီးလိုက်လာခဲ့သည်။ အံ့သြရပါသည်။ နောက်ဆုံး ထောင်ဗူးဝသို့ ရောက်လာပါတော့သည်။

ဗူးအတွင်းပိုင်းကွက်လပ်တခုလုံး နိုင်ငံရေး အကျဉ်းသား အများအပြားကို တွေ့ရသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီ လဖြစ်သည်။ လွတ်လွတ်လပ်လပ် စကားပြောနေကြသဖြင့် ထောင်ပြောင်းခြင်းတော့ မဟုတ်နိုင် ဘဲ ကျွန်တော်တို့ကို လွှတ်လိမ့်မည် ဟု ထင်ရပါသည်။

ကိုကိုးကျွန်းတွင် အတူနေခဲ့ရသည့် ရဲဘော်များကို ယခုမှ နောက်ထပ်ပြန်ဆုံရသည်။ ထောင်မှုး ဦးကျော်မင်း က ကျွန်တော်တို့ကို လွှတ်တော့မည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တွင် နေသူများကို လိုက်ပို့ပေးမည့်ကားများ ထောင်ဗူးအပြင်တွင် ရပ်ထားကြောင်း နယ်မှလူများ သူ့ထံတွင် ခရီးစရိတ်လာထုတ်ယူစေ လိုကြောင်း ပြောပါသည်။ ထောင်မှုး တစ်ယောက်ကလည်း စားပွဲ တစ်လုံးတွင် စာရင်းစာအုပ်များဖြင့် ပစ္စည်းများထုတ်ပေးနေသည်။

ကျွန်တော်တို့ထောင်ရောက်စဉ်က ဗူးဝတွင် စာရင်းဖြင့်သိမ်းထားသော လွယ်အိတ် နာရီ လက်စွပ် ငွေ စသည့် ပစ္စည်းများအား စာရင်းအတိုင်း ပြန်ထုတ်ပေးပါသည်။ အချိန်မှာ ညနေစောင်းသွားပြီ။ သတင်းစာ ရှင်းလင်းပွဲလုပ်ခြင်း၊ လူစာရင်းများ စစ်ခြင်း၊ ပစ္စည်းများ ပြန်ပေးခြင်းဖြင့် လူရာပေါင်းများစွာကို စစ်ဆေးနေရသောကြောင့် အချိန်ကုန်သွားလေသည်။ ဗန်းမော်တင်အောင်၊ သခင်ခင်အောင်၊ ဆရာ ရာဂျန် စသော လူကြီးများအပြင် ဘဖူးညွှန့် ခင်မောင်ဇော် ချိုကြီး အောင်ငြိမ်းစသည့် လူငယ်များလည်း လွတ်စာရင်း တွင် ပါလာသောကြောင့် ၀မ်းသာခဲ့ရပါသည်။

သင်္ကန်းကျွန်း၊ သာကေတ တောင်ဥက္ကလာ ပုဇွန်တောင် စသဖြင့် လိုက်ပို့ပါသည်။ သင်္ကန်းကျွန်း တွင်နေသော ကျွန်တော့်မှာ နောက်ဆုံးဖြစ်သွားသည်။ အိမ်တိုင်ရာ ရောက် တစ်အိမ်ချင်းလိုက်ပို့သဖြင့် အချိန် ကြာသွားရသည်။
တောင်ဥက္ကလာကို ပတ်ပြီး သင်္ကန်းကျွန်းဝင်သောအခါ မိုးစုန်းစုန်းချုပ်သွားပြီ။ ည၈နာရီခန့် ရှိလိမ့်မည်ထင်သည်။ ဖေဖော်ဝါရီလဖြစ်၍ အေးလည်း အေးလာ၏။ ထောင်ပုံစံ အင်္ကျီ အဖြူလက်တိုဖြင့် လိုက်လာရ သောကြောင့် တော်တော်အေးနေပါသည်။ နံနက်ပိုင်းက ခေါင်းညှပ်ထားသလို ရေမချိုးရ သေးသဖြင့် တစ်ကိုယ်လုံး ယားယံနေသည်။ ရဲစခန်းရှေ့မှ ဖြတ်ပြီး လမ်းအတိုင်း မောင်းဝင်ခဲ့ပါသည်။ ကျွန်တော် က ရှေ့ခန်းတွင် ဒုတပ်ကြပ်တစ်ဦး ကားမောင်းသူ ရဲဘော်တစ်ဦး တို့နှင့် အတူ ထိုင်လိုက် လာပါသည်။

ကျွန်တော့်ကို ဖမ်းခေါ်သွားစဉ်က ကျွန်တော်တို့လမ်းမှာ ခပ်ခြောက်ခြောက်ဖြစ်သော်လည်း ယခုမူ ဈေးဆိုင် များဖြင့် ကြပ်သိပ်နေပေပြီ။ နှစ်ချီကြာမြင့်သဖြင့် ကျွန်တော်အိမ်ကို မမှတ်မိတော့ပါ။ ကားမောင်းသမား ရဲဘော်ကို ဈေးဆိုင်လေးတစ်ဆိုင်ရှေ့ ရပ်ခိုင်းလိုက်သည်။ ဒုတပ်ကြပ် က ခင်ဗျား အိမ် အပေါ်ထိ လိုက်မယ်နော် မိသားစုလက်ထဲ ခင်ဗျားကို အပ်ပြီးမှ ပြန်မယ်ဗျာ ဟု အားပါးတရ ပြောနေသည်။

ကျွန်တော် ကားပေါ်မှ ဆင်းပြီး ကျွန်တော့်အိမ်ကို မေးဖို့ လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို လိုက်ကြည့်ရာ ဈေးဆိုင်ခုံပေါ် ထိုင်နေကြသော မိသားစု တစ်စုကို တွေ့လိုက်ရသည်။

မိန်းမက ကလေးတစ်ယောက်ကို ချီထားသည်။ မျက်မှန်နှင့် ယောက်ကျားက ကလေးတစ်ယောက်ကို ပေါင်ပေါ် တင်ထားလေသည်။ ဒီမှာ ဒေါ်သိန်းတင်တို့အိမ်က ဘယ်နားမှာလဲ မျက်မှန်နှင့်လူက ကလေးကို ကောက်ချီပြီး ထိုင်ရာမှ ထလိုက်သည်။ ဓါတ်တိုင်မှ မီးရောင်သည် ကျွန်တော်တို့အပေါ်ထိုးကျနေသည်။ သူက ကျွန်တော့်မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် အစ်ကို……အစ်ကို ၊ကျွန်တော်လေ အစ်ကို့ ညီလေ… သူက ကျွန်တော့် မိန်းမ သူတို့က သမီးတွေလေ ကျွန်တော့်ညီ အငယ်ဆုံးဖြစ်သည်။ ကျွန်တော် အဖမ်းမခံရခင်က သူက ၁၀တန်းကျောင်းသား။ ယခု ကလေး နှစ်ယောက် အဖေ ရုံးစာရေး။ ဘွဲ့လည်း ရနေပေပြီ။ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းက နောက်ဘက်လှည့်ကာ အမေရေ…….. အစ်ကို ပြန်လာပြီ ဟု လှမ်းအော်လိုက်ပါသည်။

ကျွန်တော်ဘက်ပြန်လှည့်ကာ အမေ နေမကောင်းတာ ကြာပြီ၊ အခု အိပ်ယာပေါ်မှာ လမ်း သိပ်မလျှောက် နိုင်ဘူး ဟု ဆက်ပြော၏။ ကျွန်တော်အိမ်ဘက်သို့လျှောက်ခဲ့ရာ သူတို့မိသားစုရော လိုက်ပို့သည့် တပ်မတော် သား များရော နောက်မှ လိုက်လာကြပါသည်။

အိမ်ရှေ့လှေကားရင်း ရောက်သည့်အခါ အိမ်ပေါ်မှ ဆင်းလာသည့် အမေ့ကို တွေ့လိုက်ရသည်။ အမေမှာ တော်တော် အိုမင်းသွားပေပြီ။ ကိုယ်လုံးမှာလည်း ငှက်မွှေးလေးလို ပါးပါးလေးသာရှိသည်။

အမေက ထမင်းလဲ သိပ်မစားဘူး။ လှေကားဆင်းဖို့ နေနေသာသာ လမ်းလျှောက်ရင်တောင် လူတွဲ သွားရတာ။ အခု အစ်ကိုလွတ်လာတော့ အံ့သြဖို့ကောင်းလိုက် တာ။ လှေကား ကို မကိုင်ဘဲ အလွတ် ဆင်း လာနိုင်တယ်။

ကျွန်တော့်ညီက ၀မ်းသာအားရ ပြောပြနေပါသည်။ အမေ့ပုခုံးကို ဖက်ပြီး အိမ်ပေါ်သို့တက်လာခဲ့ပါသည်။ အိမ်ပေါ် တွင် လူကြီး တစ်ယောက်မှ မရှိဘဲ ကလေးငယ် တစ်ယောက်သာ ကစားနေသည်။ အမေက မျက်တောင် မခပ်ဘဲ စိုက်ကြည့်နေ၏။ မျက်လုံးများထဲတွင် မျက်ရည်စများ ၀ဲနေပါသည်။

သားရယ်…..အံ့သြဖို့ကောင်းလိုက်တာ မသေကောင်းမပျောက်ကောင်း ပြန်တွေ့ရတယ်နော်…ဟု ကျွန်တော့် ကို ပြောနေသည်။ အမေမရှိတော့ဟု အမေ့အသက်ကို မမျှော်လင့်ခဲ့သော ကျွန်တော့်မှာ ယခု လို အမေ့ကို တွေ့ရသဖြင့် အလွန်ပျော်သွားပါသည်။

ထိုအချိန်၌ ကစားနေသော ကလေးက အမေ့ပေါင်ပေါ်လာထိုင်ပြီး ကျွန်တော့်မျက်နှာကို ကြည့်နေသည်။ ယောက်ကျား လေးဖြစ်ပြီး ငါးနှစ်လောက်ရှိပေလိမ့်မည်။ အမေက ကလေးကို ကျွန်တော့်ပေါင်ပေါ် တင် ပေး၏။ ကျွန်တော်ကလည်း အသာအယာပင် ပွေ့ဖက်ထားလိုက်ပါသည်။ ကျွန်တော့်ညီ၏ ကလေးဟုပင် ထင်ပါသည်။ ကလေးမှာ တအောင့်သာ ပေါင်ပေါ်ထိုင်ပြီး အမေ့ပေါင်ပေါ် အတင်းသွားထိုင်သည်။

ဖွားဖွား ဒီဦးဦးက ဘယ်သူလဲ ဟု မေးလိုက်သံကို ကျွန်တော်ကြားလိုက်ရသည်။ အမေက ကျွန်တော့်ကို ကြည့်ကာ သား ဒီကလေးကို သိလား မသိဘူး လေ အမေရဲ့ ဟိုကောင့်သား မဟုတ်လား ကျွန်တော့်အဖြေကို ကြားသောအခါ အမေသည် မျက်ရည်များ ကျဆင်းပြီး ၀မ်းနည်းပက်လက် ငိုပါ တော့ သည်။

ကျွန်တော်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။ ကလေးကလည်း သူ့အဖွားငိုသည်နှင့် လိုက် ငို သည်။ ကျွန်တော့်ညီနှင့် ခယ်မမှာလည်း မျက်ရည်များ ကျနေကြပါသည်။

ဒီကလေးက နင့်သားလေ ထောင်ထဲကနေ နင်နာမည်ပေးလိုက်တဲ့သားလေ ဟု အမေက ရှိုက်ရင်း ပြော နေပါသည်။ ကျွန်တော်က ကလေးကို တအံ့တသြ ကြည့် လိုက်ပါ သည်။ သားလေး မွေးသည့် အကြောင်း ကျန်းမာကြောင်းတို့ကို အကေလးမွေးပြီး တစ်နှစ်လောက်အကြာ စာရေးခွင့်ရမှ ကျွန်တော် သိရ ပါသည်။
သားဓါတ်ပုံကိုလည်း ထည့်ပေးလိုက်ပါသည်။ သားနာမည်ပေးသည့်နေ့က တစ်ခန်းလုံးကို ပဲလှော် ဘီစကစ် နှင့် ရေနွေးကြမ်းတိုက်ပြီး ကင်မွန်းတပ်ပွဲ ကျင်းပခဲ့သေး သည်။

သားကိုကြည့်ပြီးနောက် ကျွန်တော်ချီလိုက်သည်။ အဖေနှင့်သား မမှတ်မိပါလား။ ကျွန်တော် ထောင်ထဲ ၀င်စဉ်က ကိုယ်ဝန် ၂လ လောက်နှင့် ကျန်ခဲ့သော သားလေးမှ ယခု ၅ နှစ်နီးပါးရှိခဲ့ပြီ။ ဒီအတိုင်းဆိုလျှင် ကျွန်တော့် သမီးကြီး မှာ ၁၀နှစ်သမီးလောက်ရှိပြီး သမီးလတ်မှာ ၈နှစ်လောက်ရှိပေရော့မည်။ မိန်းမကို တစ်မျိုး ခံစားရပြီး သမီးများကို မြင်တွေ့လိုစိတ်ဖြင့် ၀မ်းနည်းသွားပါသည်။

ထိုအချိန်တွင် လှေကားမှ ဆူဆူညံညံ အသံများ ကြားရကာ အိမ်ခေါင်းရင်းမှ အိမ်နီးချင်းများ ရောက် လာကြ သလို ကလေးနှစ်ယောက်နှင့် ကျွန်တော့်မိန်းမမှာလည်း ဆွဲခြင်းတစ်လုံးဖြင့် အိမ်ပေါ် ရောက်လာ ကြပါသည်။
မိန်းမက ကျွန်တော့်မျက်နှာကို တအံ့တသြ စိုက်ကြည့်နေပါသည်။ သမီး ၂ယောက်ကမူ မျက်နှာစိမ်း တစ်ယောက်လို မျက်နှာစိမ်းတယောက်လို စူးစမ်းသည့်အကြည့်ဖြင့် အဖေကို ကြည့်နေကြသည်။

အိမ်အပြန်လမ်းမှာ မျှော်လင့်ချက်များ လုံးဝ ဆိတ်သုဉ်းခဲ့ရသည့်လမ်းမျိုးမဟုတ်ပေ။ သို့သော်ကြေကွဲမှု ကြည်နှုး မှု မျှော်လင့်ချက် ရောင်ခြည် တောက်ပလာမှု စသော ခံစားမှုပေါင်းစုံဖြင့် ရောထွေးခဲ့ရပါသည်။

ကျွန်တော့်ဘ၀တွင် မိသားစုနှင့် ချီကာ ခွဲခွာ၍ အကျဉ်းထောင်ထဲတွင် ဘ၀ တစ်စိတ်တစ်ပိုင်း ကုန်ဆုံး ခဲ့ ရသော ပထမဆုံး အတွေ့အကြုံ ဖြစ်ပါသည်။ နောင် ဒုတိယ တတိယ စတုတ္ထ စသည့်  အတွေ့ အကြုံ များ အိမ်အပြန်ခရီး များ ထပ်ခါ ထပ်ခါ မကြုံခင် ရှေ့ပြေးအိမ်ပြန်ခရီးအဖြစ် ရင်ထဲတွင် မှတ်မှတ်ရရ စွဲထင် ကျန်ရစ် နေခဲ့ပါတော့သည်။

စာရေးသူ – ထက်မြက်

The Real Lives, Real Stories

Volume 4, August 2011

(သည်စာမူကို ဆရာမောင်စွမ်းရည်က ညွှန်းပါတယ်)

(ရွှေစင်ဦးဘလောဂ့်က ယူပါတယ်)

Saturday, October 29, 2011

"ပန်းတိုင်ရှိရာ"

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့ အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ..။
ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေစမယ်..။
လေးဘက်သွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း ကဲစမ်း
ရဲရဲလှမ်း ကလေး..
(ပြီးရင် )
ပြေးလှမ်းပေါ်တက်ရအောင်...။

မောင်စိန်ဝင်း(ပုတီးကုန်း)

Thursday, October 20, 2011

ဆရာများသို့ ...

မိမာတာနဲ့ တစ်ဂိုဏ်းတည်းဝင် အို အာစရိယအရှင်

ဦးတင်သလျက်

လွန်တာရှိခဲ့လျှင် ၀န္ဒာမိပါ

သမုဒ္ဒရာ၊ ရေမျက်နှာထက်၊

ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း

အဲလို ဘ၀အတိုကလေးမှာ

ဆရာမရှိ လိုချင်မိ၍

မိမိဘာသာ မိမိဟာ ကို

စေရာဆိုထား စည်းတစ်ခြားနှင့်

ဝါးထားရှေ့ နောက် ရောက်ရာရောက်၍

ထောက်ကောက်လေ့လာ တတ်ကာ ရှာတော့

လူပေါင်းဂုဏ်ရှိန် စိတ်ကြီးဝင်၍

စုံလင်ပြသ တတ်သိလှသည့်

ဆရာမွန်နဲ့ တွဲကာယှဉ်လျှင်

ငါပင် အရူးဖြစ်လိမ့်မယ်

အာစရိယ ၀ါဒ ပုဒ်ကို အကြိမ်ကြိမ်ရေရွတ်

ကာယ ၀စီ မနောချီလျက်

လက်ဆယ်လီထိပ်မှာ သ လို့  ရှိခိုးကော်ရော်

ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏

အကျွန့် အမှားအား ခွင့်လွှတ်ပါရန် တောင်းပန်သရင်း

ဆုတောင်းမေတ္တာ ပို့ သပါသည်… ဣရိယာ ပထ္တ မျှစေသား….

မျိုးသန်းထွန်း (ရေဆင်း)

အောက်တိုဘာ ၂၁၊ ၂၀၁၁

Monday, October 17, 2011

ချစ်သူများသို့

ချစ်ခဲ့ဖူးသူတွေရှိတယ်
ကိုယ့်ချစ်သူကို ကိုကို ကိုကိုလို့ခေါ်တာ
ခေတ်စားတဲ့ ကလေးဘ၀တုန်းကပေါ့
ကိုယ့်ချစ်သူကလည်း ကိုကို
ကိုကိုက ဆေးကျောင်းသား
ကိုကို့ရယ်သံ သြရှရှ
စွဲမက်လို့မဆုံးခဲ့ပါ
ဒါပေမယ့် ကိုကိုကတော့ ကိုယ့်ကို
ကလေးတစ်ယောက်ထက်ပိုပြီး
အသိအမှတ်မပြုခဲ့ပါဘူး။

နောက်ချစ်သူတစ်ယောက်
သီချင်းတွေ ကဗျာတွေမြတ်နိုးတတ်တဲ့ ကိုယ့်အတွက်
ချစ်သူက ဂီတသမား
ဂီတာတီးတတ်တယ်
ကျောင်းကပွဲမှာ ကိုယ့်အတွက်
ကိုယ့်နံမည်ပါတဲ့ သီချင်းတစ်ပုဒ်ရွေးဆိုပေးခဲ့ဘူးတယ်
နောက် သူက မြို့နယ်ဂုဏ်ဆောင် ဘောလုံးသမား
အရပ်မြင့်မြင့်နဲ့ သိပ်ခန့်ငြားတဲ့သူပေါ့
ဒါပေမယ့် အတန်းထဲမှာ ကိုယ်က အဆင့်တစ်ဆိုရင်
သူ့နောက်မှာ စာမေးပွဲဝင်မဖြေတဲ့သူတစ်ယောက်ပဲကျန်တယ် ...

နောက်တစ်ယောက်က အင်ဂျင်နီယာ
အိမ်လှလှလေးတွေ စိတ်ကူးယဉ်ချစ်တတ်သူအတွက်
ချစ်သူက စိတ်ကူးယဉ်စရာလေးတွေပိုစေခဲ့တယ်
နေတာက တမြို့စီမို့ သတိရလို့ဖုန်းဆက်လိုက်တိုင်း
ဖုန်းလာဖြေတဲ့ သူ့သူငယ်ချင်းဆိုသူလေးက ပိုင်စိုး ပိုင်နင်းရှိလွန်းတယ် ...

ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ပြန်တွေ့တယ်
တည်ငြိမ်ရင့်ကျက်လို့ပေါ့
ခန့်ငြားတဲ့သူ့အသွင်ကတော့ မပြောင်းလဲဘူး
ဒီဇိုင်နာလုပ်နေတယ်တဲ့
ကိုယ့်အတွက် ကိုယ်တိုင်ဆွဲထားတဲ့ ဒီဇိုင်းနဲ့ အကျီ င်္လေး လက်ဆောင်ပေးတယ်
နင်ငါ့ကို သူများတွေအတွက် မဟုတ်ပဲ ငါ့တစ်ယောက်တည်းအတွက်
သီးသန့်ဒီဇိုင်းတွေ အမြဲဆွဲပေးရမယ်နော်ဆိုတော့
အင်း ... တဲ့
ဒါပေမယ့် ရှေးရိုးဆန်တဲ့ မိဘတွေ လက်မခံနိုင်တဲ့အချက်တွေကြောင့်
မိဘတွေစိတ်ချမ်းသာဖို့ အဓိပါပဲလို့ နှစ်ယောက်လုံးက လက်ခံပေးခဲ့ကြတယ်

နောက် - ရှိသေးတယ်
ကိုယ့်ရယ်သံကို သဘောကျလိုက်တာလို့ပြောတဲ့သူပေါင်းများစွာရှိတဲ့အထဲကမှ
ကိုယ်ရယ်လိုက်တိုင်း အကျယ်ကြီးမရယ်နဲ့လေလို့ ဟန့်တတ်တဲ့သူတစ်ယောက်ပေါ့
ဟဲ့ ငယ်ငယ်ကတည်းက ရယ်ရယ် မောမောနဲ့ကြီးပြင်းလာတာ
ရယ်ချင်တာ အောင့်ထားရရင်သေသွားမှာပေါ့လို့ ပြန်ပြောရင်း
ကိုယ့်မွေးရာပါအခွင့်အရေးကို အဆုံးရှုံးမခံခဲ့ဘူး

တစ်နေ့က ဦးဏှောက်ရဲ့လုပ်ဆောင်ချက်များဆိုတဲ့
စာပေဟောပြောပွဲတစ်ခုသွားနားထောင်ခဲ့တယ်
ရယ်မောခြင်းဟာ ကင်ဆာဆဲလ်တွေကိုတောင် သတ်ပြစ်နိုင်လို့
တစ်နေ့များများရယ်ပေးလေ ကောင်းလေပါပဲတဲ့

ဟူး ... ကျေးဇူးတင်ပါတယ် ဘုရားသခင်
လွပ်လပ်စွာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
ဆက်လက်ကြီးပြင်းခွင့်ပေးခဲ့တဲ့အတွက်ပါ
ကံသီလို့ အမှားကြီးမှားတော့မလို့ပါ
ဒါပေမယ့် ချစ်သူများကိုလည်း ကျေးဇူးတင်ပါတယ်
အမှတ်တရ ကဗျာလေးတစ်ပုဒ် မွေးဖွားခွင့်ပေးခဲ့လို့ပါ။

အီဟွာသူ
အောက်တိုဘာ ၁၈၊ ၂၀၁၁

သီတင်းကျွတ်လပြည့်နေ့ တရားအလှူ (တောင်ကိုရီးယားမှာ မြေအလှူရေစက်ချတရားတော်)



တောင်ကိုရီးယားနိုင်ငံမှာ နီပေါ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံများကပင် မြေကွက်များဝယ်ယူပြီး ထေရ၀ါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးဆောင်ရွက်နေကြတာမို့ မြန်မာတွေလည်း ယခုရှိနေတဲ့ ယာယီဘုန်းတော်ကြီးကျောင်းများအပြင် ထာဝရ ကုသိုလ်အဖြစ် မြေကွက်ဝယ်ယူကာ အဲဒီသာသနာ့မြေပေါ်မှာ မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ အညီ ဘုရား ကျောင်း ဓမ္မာရုံ ယောဂီဆောင် စသည်ဖြင့်ဆောက်လုပ်ပြီး သာသနာပြုကြမယ်လို့ ဓမ္မဒူတဆရာတော် ဒေါက်တာဆေကိန္ဒ ကိုရီးယားကိုကြွလာစဉ် September 11, 2011 ရက်နေ့တရားပွဲမှာ ကြားလိုက်ရပါတယ်။ ဆရာတော်က ကိုရီးယားမြေတိုင်းယူနစ်ဖြစ်တဲ့ ဖျောင်း (၆ပေ ပတ်လည်ကို တစ်ဖျောင်းပါ) နဲ့ဆို တစ်ဖျောင်း ၀မ်သုံးသိန်းလောက် တန်မယ့်နေရာကို ရှာနေပါကြောင်းနဲ့ ဆရာတော်က ဖျောင်း 100 ကို ကမကထပြုပြီး အခြားကုသိုလ်ရှင်အသီးသီးက ဖျောင်းငါးဆယ်စီနဲ့က သုံးဦး ဆယ်ဖျောင်းစီက နှစ်ဦးစသည်ဖြင့် ဂေါပကအဖွဲ့က တရားပွဲမစမှီလျှောက်ထားလိုက်တာ ကြားလိုက်ကတည်းက ငါလည်း တစ်ဖျောင်းလောက်လှူနိုင်ချင်လိုက်တာ တစ်ဖျောင်းဖိုးမတတ်နိုင်တောင် မြေ၀ယ်ဖို့လှူရဦးမယ်လို့စိတ်ထဲ တေးမှတ်ထားခဲ့ပါတယ်။ နောက်တော့ စိတ်ကူးကောင်းလေးရလာတာက ကိုရီးယားရောက် YAU ဘွဲ့ရများဆိုပြီး Mail group လေးဖွဲ့ထားတော့ group mail လေးကနေတစ်ဆင့် အဖွဲ့သားတွေကို မြေလှူကြဦးမလား မေးမြန်းတိုက်တွန်းမိရာကနေ အဖွဲ့ဝင် ၂၂ ယောက်က၀မ်းသာအားရ ကိုယ်နိုင်သလောက် စုလိုက်ကြတာ မထင်မှတ်ထားတဲ့ ပမာဏဖြစ်တဲ့ ၀မ် ၁၈ သိန်းပြည့်သွားပြီး အဲဒီ မြေကြီး ၆ဖျောင်းစာ အလှူငွေကို အောက်တိုဘာ ၉ ရက်နေ့မှာ အဖွဲ့ဝင် ၇ဦးတက်ရောက်ပြီး အဖွဲ့ကိုယ်စား ဓမ္မဒူတကျောင်းမှာ သွားရောက်လှူတန်းဖြစ်ခဲ့ပါတယ်။

မြေအလှူ ရေစက်ချ တရားအကျဉ်းချုပ်လေးကို သူငယ်ချင်းမိတ်ဆွေများ ကြည်ညို သဒ္ဓါပွားရအောင် ဝေမျှလိုက်ပါတယ်။

အခမ်းအနားကိုစတော့ အရင်ဆုံး ဘုရားရှိခိုး ငါးပါးသီလယူပြီး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော်တွေနဲ့တကွ မင်္ဂလသုတ်နဲ့ မေတ္တာသုတ်ကို အားလုံးရွတ်ဆိုကြပါတယ်။ နောက်တော့ ဆရာတော်က အလှူအနုမောဒနာတရားချီးမြှင့်ပါတယ်။ တရားပွဲပြီးတော့ ရေစက်ချပြီး ညစာသုံးဆောင်ပြီး ပြန်ခဲ့ကြပါတယ်။

အနုမောဒနာ တရားအကျဉ်းချုပ်ကတော့ -

လောကမှာပစ္စည်းလေးမျိုးရှိပါတယ်တဲ့

၁။ ထာဝရ ဥစ္စာ (အမြဲတည်တံ့တဲ့ ရွှေ့ပြောင်းမရတဲ့ အိမ်၊ မြေ၊ ဥယျာဉ်ခြံ စသည်တို့ဖြစ်ပါတယ်တဲ့။ ကိုယ်တစ်ဦးတည်းပိုင်ရှိသလို မိသားစုပိုင်ဖြစ်သလို ကိုယ်တခြားနေရာပြောင်းသွားရင်လည်း ယူသွားလို့မရပါဘူးတဲ့ ဘ၀တစ်ပါးကတော့ ပြောမနေနဲ့ပေါ့)

၂။ ဇင်္ဂမဥစ္စာ ( ဘီရို၊ ကြောင်အိမ်၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက် စသည့်ပစ္စည်းတွေအတိုင်းဖြစ်ပြီး သူတို့တွေကိုတော့ သယ်သွားမယ်ဆို ခက်ခက်ခဲခဲ သယ်သွားဖို့ စီစဉ်နိုင်ပေမယ့် သဘောကတော့ ထာဝရဥစ္စာအတိုင်းဖြစ်ပါတယ်)

၃။ အင်္ဂါသမဥစ္စာ (မိမိရဲ့ ခြေ၊ လက်၊ အသဲ၊ နှလုံး စသည့်မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါတဲ့ အဲဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေကလည်း ကိုယ်ပိုင်လို့ထင်ရပေမယ့် ကိုယ်မပိုင်ဘူး သူဖြစ်ချင်ရာဖြစ်တာပါတဲ့ အသက်ကြီးလာတဲ့အခါ ကိုယ့်အလိုကို မလိုက်တာ ပိုသိသာပါတယ်တဲ့ မြန်မြန်သွားလိုက်ချင်ပေမယ့် ခြေထောက်တွေက မသန်တော့တာ၊ လက်မြှောက်လိုက်ချင်ပေမယ့် ငယ်တုန်းကလို ၀ုန်းကနဲ မမြှောက်နိုင်တော့တာ စသည်ဖြင့် ကိုယ်မပိုင်ပဲ ကိုယ့်ဥစ္စာလို့ထင်နေရတဲ့အမျိုးအစားပါတဲ့)

၎။ အနုဂါမိက ဥစ္စာ (အလှူဒါနကဲသို့ သာသနာနဲ့ဆိုင်တဲ့ စပ်တဲ့ ပစ္စည်းတွေပါတဲ့။ အနု+ဂါ+မိက ဆိုတဲ့ ပါဠိသုံးလုံးပေါင်းထားပြီး အနု=အစဉ်အမြဲ၊ ဂါ=သွားသည်၊ မိက= အရိပ်ပမာ ဆိုတော့ မိမိသွားရာသို့အစဉ်အမြဲလိုက်တဲ့ ဥစ္စာတွေပါတဲ့ မည်သူမှလည်း ခိုးယူ လုယူ တိုက်ယူလို့မရတဲ့ ကိုယ်ပိုင်ဥစ္စာစစ်စစ်တွေပါတဲ့)

အခုဆိုရင် အလှူရှင်တွေက မလှူမှီကလည်း ပုဗ္ဗစေတနာတွေဖြစ်နေခဲ့ကြတယ်၊ လှူတဲ့အခိုက်ကော လှူအပြီးပါ မုဉ္စစေတနာ၊ ပရ စေတနာတွေဖြစ်နေရင် ရွှေအိုးကြီးမြှုပ်တာ ရွှေပင်စိုက်တာနဲ့တူပါတယ်တဲ့။ သရက်ပင်စိုက်ရင် သရက်သီးသီးပြီး ရွှေပင်စိုက်ရင်ရွှေသီးသီးမှာပါတဲ့။

အကုသိုလ်တရားတွေဟာ ပြုသူနောက်ကို ၀န်ဆောင်နွားနောက်ကို လှည်းဘီးလိုက်သလို အစဉ်လိုက်သကဲ့ သို့လိုက်နေပြီး

ကုသိုလ်တရားတွေဟာ ပြုသူနောက်ကို အရိပ်ပမာ ပေါ့ပေါ့ပါးပါး မပင်မပန်း အေးချမ်းစွာလိုက်ပါတယ်တဲ့။

စောဒကတက်စရာက အရိပ်ညမှာမထွက်ဘူး အိပ်နေရင် အရိပ်မရှိဘူး စသည်ဖြင့်ပြောလည်းမှန်ပါတယ်တဲ့ ကုသိုလ်တရားတွေဟာ အရိပ်လိုဖြစ်တော့ ပေါ့ပါးပေမယ့် သူလည်း သင်္ခါရ သဘောတရားတွေ အတိုင်း ပျောက်တတ်ပျက်တတ်တဲ့သဘောကတော့ရှိပါတယ်တဲ့။ ဒါပေမယ့် သရက်စေ့ကိုစိုက်လိုက်လို့ သရက်ပင်ပေါက်လာတဲ့အခါ မူလသရက်စေ့ရှာမတွေ့တော့ သလိုဖြစ်ပြီး သရက်ပင်ကြီး ကြီးထွားနေစဉ်မှာလည်း ပင်စည် အကိုင်းအမြစ်စတာတွေမှာ သရက်သီးနဲ့တူတာ ဘာမှမတွေ့ပါဘူးတဲ့ ဒါပေမယ့်အချိန်တန်တော့ ပွင့်လာ သီးလာတဲ့အခါ သရက်သီးတွေဖြစ်လာတဲ့ဥပမာအတိုင်းပါပဲတဲ့ ကုသိုလ်တရားရဲ့ properties တွေဟာ အရိပ်ပမာ ပေါ့ပါးစွာ အစဉ်လိုက်ပြီး ကောင်းသောအကျိုးပေးပါတယ်တဲ့။

မြတ်စွာဘုရားလက်ထက်တော်က မူလတုန်းက သာဝတ္ထိပြည်မှာ ကျောင်းမရှိခဲ့ပါဘူးတဲ့။ သာဝတ္ထိပြည်က သူဌေးကြီး အနာထပိဏ်ဟာ အတော်ဝေးတဲ့ တောင်ငါးလုံးပတ်နေတဲ့မြို့လို့ အဓိပ္ပါယ်ရတဲ့ ရာဇဂြိုလ်ပြည်က သူ့သူငယ်ချင်းသူဌေးကြီးဆီအလည်သွားတာ သူငယ်ချင်း သူဌေးကြီးက ခါတိုင်းလို ပျာပျာသလဲ ခရီးဦးကြို မပြုနိုင် တော့ထူးဆန်းနေတာနဲ့ ဘာလို့လဲဆို စုံစမ်းလိုက်တော့မြတ်စွာဘုရားနဲ့ ရဟန်းတော်တွေကို လုပ်ကြွေးပြုစုနေရလို့ဆိုတာ သိသွားပါတယ်တဲ့။ သူ့လိုလူကိုတောင်ပြစ်ထားပြီး ပြုစုနေ ရတဲ့မြတ်စွာဘုရားဆိုတာ ဘယ်လိုလူတုန်းသိချင်စိတ်အလွန်ပြင်းပြသွားပါတယ်တဲ့ မနက်ကြရင် မြတ်စွာဘုရားသီတင်းသုံးရာ ကိုသွားဖူးမယ် ဆိုတဲ့ စိတ်ဇောနဲ့အိပ်လိုက်တာ မိုးမလင်းသေးပဲ သူ့စိတ်ထဲ လင်းထင်းနေတော့ မနက်ရောက်ပြီထင်ပြီး ထသွားပါတယ်တဲ့။ အပြင်တကယ်ရောက်မှ မိုးမလင်းသေး ပဲ သူသွားရမယ့်နေရာကလည်း မြို့ပြင်ဖက်မှာမို့ သုသန်တစ်ခု ကိုဖြတ် တောတွေ တောင်တွေအနည်းငယ် ဖြတ်ရမှာမို့ ကြောက်သလိုဖြစ်သွားပြီး နည်းနည်းတွန့်သွားပါတယ်တဲ့။ အဲလိုတွန့်သွားတာကို နတ်တစ်ပါးက သူဌေးကြီး ဆက်သွားပါ မြတ်စွာဘုရားကိုဖူးတွေ့ဖို့ ကြိုးစားအားထုတ်ပြီးသွားနေတဲ့ သူဌေးကြီးရဲ့ခြေတစ်လှမ်းတန်ဖိုးကို ၁၆ပုံ ပုံလိုက်ရင် တစ်ပုံရဲ့ တန်ဘိုးဟာ ဟာ ဆင် ၁၀၀၊ မြင်း ၁၀၀၊ ပတ္တမြားလည်ဆွဲ ၁၀၀ တန်ဘိုး နဲ့ညီပါတယ်လို့ပြောပါတယ်တဲ့ (ဆိုလိုတာက ဘုရားဖူးဖို့သွားသူရဲ့ ခြေတစ်လှမ်းဟာ ဆင် ၁၆၀၀၊ မြင်း ၁၆၀၀၊ ပတ္တမြားလည်ဆွဲ ၁၆၀၀ တန်ဖိုး)။ အဲဒီတော့မှ သူဌေးကြီးလည်း အားတင်းပြီး ဆက်သွားတာ မြတ်စွာဘုရားဆီ အစောကြီးရောက်သွားပါတယ်တဲ့ မြတ်စွာဘုရားက အဲဒီနေ့ညမှာ မိနစ်သုံးဆယ်ခန့်သာ ကျိန်းစက်ပြီး နိုးနေခဲ့တာဖြစ်ပါတယ်တဲ့။ ပြီးတော့ သူဌေးကြီးရဲ့ ငယ်နံမည်ကိုသိနေပြီး သုဒတ္ထ လာလော့ဆိုခေါ်ပါတယ်တဲ့။ သူလည်း အံ့သြသွားပြီး မြတ်စွာဘုရား မကျိန်းဘူးလား ဘုရား ကောင်းကောင်းကျိန်းရပါရဲ့လားလို့ ပဋိသန္တာရစကားမေးပါတယ်တဲ့။

{မှတ်ချက်။ ။ လောကမှာ မအောင်မြင်တဲ့ ဘုန်းမကြီးတဲ့သူတွေဟာ ထမင်းတစ်မျိုးပဲစားပြီး အားမရှိဖြစ်နေကြပါတယ်။ နဲနဲလေးအလုပ်များရင် ကိုယ်လက်တွေ စိတ်တွေပင်ပန်းနေပါတယ်တဲ့ အောင်မြင်တဲ့ ဘုန်းကြီးတဲ့သူတွေမှာတော့ အာဟာရလေးမျိုးမှီဝဲနေတာကြောင့်သာမန်လူတွေလောက် အိပ်စရာမလို၊ ပေါ့ပါးကြည်လင် လန်းဆန်းနေတာ တရားထိုင်တဲ့သူတွေကို ကြည့်ရင်သိနိုင်ပါတယ်တဲ့။ အာဟာရလေးမျိုးဆိုတာကတော့ (မနောအာဟာရ၊ ကဗ္ဗလီအာဟာရ (မိမိတို့နေ့စဉ်စားသုံးနေသည်များ)၊ ဖသအာဟာရ နဲ့ ၀ိဥာဏ အာဟာရတို့ဖြစ်ပါတယ်တဲ့)}

ကိုးကွယ်ရာမဲ့သူများကိုထမင်းကျွေးသူလို့ အဓိပ္ပါယ်ရတဲ့ အနာထပိဏ်သူဌေးကြီးလည်းမြတ်စွာဘုရားကို ကိုယ်တိုင်ဖူးခဲ့ပြီး ကြည်ညိုသွားလိုက်တာ သာဝတ္ထိမှာလည်း ကျောင်းဆောက်လှူဒါန်းမယ်ဆိုပြီး သင့်တော်မယ့် မြေနေရာရှာလိုက်တာ ဇေတ မင်းသားရဲ့ဥယျာဉ် ကိုသွားတွေ့ ပါတယ်တဲ့။ ဇေတမင်းသားကလည်း ငွေလိုသူမဟုတ်တော့ သူဌေးကြီး ဘယ်လောက် ငွေတွေတိုးပေးပေမယ့်မရောင်းပါဘူး။ သူဌေးကြီးက တောင်းပန်လွန်းမက တောင်းပန်တော့လည်း နောက်ဆုံးမဖြစ်နိုင်တဲ့ဈေးဖြစ်တဲ့ သူ့ဥယျာဉ်မြေပေါ်မှာ ရွှေပြားတွေ စပ်ခင်းတောင် မရောင်းဘူးလို့ ပြောလိုက်ပါတယ်တဲ့။ ဒါနဲ့သူဌေးကြီးလည်း မတန်တဆဈေးဖြစ်တဲ့ ရွှေပြားတွေ စပ်ခင်းနိုင်ရင်တော့ ရောင်းချင်ရောင်းကောင်းရဲ့ဆိုပြီး အိမ်ပြန်ပြီး ရှိတဲ့ရွှေတွေယူပြီး စပ်စပ်ပြီးခင်းလိုက်တာ ဥယျာဉ်တစ်ခုလုံးအပြည့်နီးပါးဖြစ်သွားပါတယ်တဲ့။ သူဌေးကြီးရဲ့ ဇွဲကိုအားနာပြီး နောက်ဆုံးတော့ မင်းသားလည်း သူ့စကားကျွံထားတဲ့အတိုင်း ရောင်းလိုက်ရတာပေါ့ ဒါပေမယ့် ရွှေပြားစပ်ခင်းတာ မပြည့်တဲ့ မုခ်ဦးပိုင်းကိုတော့ သူလှူပါ့မယ်လေဆိုပြီး ဥယျာဉ်ကြီးတစ်ခုလုံး ကျောင်းဆောက်ဖို့မြေနေရာရသွားပြီး ကျောင်းဆောက်တော့လည်း ဇေတ၀န်ကျောင်းတော်လို့ အမည်တွင်ပါသတဲ့။

မြတ်စွာဘုရားဟာ ဇေတ၀န်ကျောင်းတော်မှာ အကြိမ်များစွာ ၀ါဆိုခဲ့ပြီး ကျောင်းကြီးအမှီပြုပြီး လူပုဂ္ဂိုလ်တွေလည်း သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ စသည်ဖြင့်လည်း မရေမတွက်နိုင်အောင်ဖြစ်ခွင့်ရသွားကြပါသတဲ့။ မြတ်စွာဘုရား မရှိတော့တဲ့ ယခုထိတိုင်ပင် အဲဒီဇေတ၀န်ကျောင်းတော်နေရာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေဟာ မင်္ဂလသုတ် မေတ္တာသုတ်တွေ ကိုယ်တိုင်သိတဲ့လူကလည်း ရွတ်ဆိုကြ ရွတ်ရမှန်းမသိတဲ့သူတွေကိုလည်း ကျောင်းက လူတွေက တိုက်တွန်းမှုကြောင့်ရွတ်ဖြစ်ကြရင်း ယခုထိတိုင် ကုသိုလ်တွေပွားပေးနေရာဌာနကြီးဖြစ်နေပါတယ်တဲ့။

အခုဒို့တွေရဲ့အလှူကလည်း အထက်က ဇာတ်လမ်းလေးလိုပဲ အရင်ဆုံးကျောင်းတော် အတွက်မြေနေရာကိုမြေဈေးက ရွှေဈေးလောက်ကြီးတဲ့နိုင်ငံမှာ ကနဦးပြု လှူခွင့်ရကြတာမို့ နောင် ကိုယ်ပြန်သွားသည့်တိုင် မိမိမရှိတော့သည့်တိုင် ဒီမြေနေရာကို အမှီပြုပြီး သာသနာပြန့်ပွားနေသမျှကာလပတ်လုံး နောင်လာနောက်သားတွေက အော် ရှေးကလူတွေ အမျှော်အမြင်ရှိကြပါပေတယ်။ ဆိုပြီး နတ်လူသာဓုခေါ်နေကြမှာပါတဲ့။

အောက်တိုဘာ ၁၂၊ ၂၀၁၁ (ဗုဒ္ဓဟူးနေ့)


ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်များ အထူး ပူဇော် ၊ လိုက်နာ ကျင့်သုံးနိုင်ရန် အလို့ငှာ ဤစည်းကမ်းဝိသေသ ( ၁၀ ) ချက်

ဗုဒ္ဓသာသနာ ပိုမို ထွန်းပြောင် ၊ တည်တံ့ စေခြင်းအလို့ငှာ တချိန်က ကမ္ဘာ က လေးစားလောက်အောင် အသိအမှတ်ပြုကြတဲ့ ၊ ချီးမွမ်းထောပနာပြုကြတဲ့ မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နဲ့ ကျောင်းတိုက်အား စည်းစနစ်တကျ ၊ ကမ္ဘာကပင် မျက်စိကျလောက်အောင် တည်ထောင်ခဲ့တဲ့ အမရပူရမဟာဂန္တာရုံဆရာတော် အရှင်ဇနကာဘိဝံသကိုပူဇော်လျက် ဆရာတော်ဘုရားရဲ့ချမှတ်ထားတဲ့ စည်းကမ်းဝိသေသများကို ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်များ အထူးပူဇော်၊ လိုက်နာ ကျင့်သုံးနိုင်ရန် အလို့ငှာ ဤစည်းကမ်းဝိသေသ ( ၁၀ ) ချက်ကို ပူဇော် ရေသား တင်ပြလိုက်ရပါတယ် ။

( ၁ )းးး စိတ်ကောင်းရှိဖို့က ပထမ

ရှောင်ရန်စိတ်ထားများ

( က ) အကြီးက အငယ်ကိုနိုင် ၊ အငယ်က အကြီးကို မရိုသေ ဆိုတဲ့ စိတ်မျိုး ၊

( ခ ) ကိုယ့်ထက်သာသူကို မနာလိုတဲ့ စိတ်မျိုး ၊

( ဂ ) ဥာဏ် ၊ ၀ီရိယကောင်းသူကို တိုးတက်မှာစိုးတဲ့ စိတ်မျိုး ၊

( ဃ ) အလွန်သိသာ ထင်ရှားတဲ့ တဏှာရာဂ စိတ်မျိုး ၊

( င ) ဂုဏ် နဲ့ လာဘ်ကို အလွန် လိုလားတဲ့ လောဘ စိတ်မျိုး ၊

( စ ) ပြင်းထန်တဲ့ ဒေါသ စိတ်မျိုး ၊

( ဆ ) ပြင်းထန်တဲ့ မာန်မာန စိတ်မျိုး ... စတဲ့ စိတ်ယုတ်မာတွေပါ ။

လိုက်နာကျင့်သုံးအပ်တဲ့ စိတ်ထားများ

( က ) ဆရာပီပီ ၊ တပည့်ပီပီ ရိုသေ လေးစားတဲ့ မေတ္တာစိတ်မျိုး ၊

( ခ ) သူတပါး ပညာတတ်သည် ။ ချမ်းသာကြွယ်ဝလာစေသည်(လာဘ်ပေါသည်)

ကို ၀မ်းမြောက်တဲ့ မုဒိတာစိတ်မျိုး ၊

( ဂ ) ဘုရား ၊ ဘာသာ ၊ သာသနာ ၊ ကြီးသူတို့ရဲ့ ဝေယျာဝစ္စ ကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်မျိုး ၊

( ဃ ) သဒ္ဓါ တရားကောင်းတဲ့ စိတ်မျိုး ၊

( င ) ပျော့ပြောင်းနူးညံ့တဲ့ စိတ်မျိုး ၊

( စ ) အပါယ်လေးပါး ကြောက်တဲ့ စိတ်မျိုး ၊

( ဆ ) မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတဲ့ စိတ်မျိုး ...စတဲ့ စိတ်သူတော်လေးတွေပါ ။

( ၂ )းးး စည်းကမ်း လေးစားဖို့က ဒုတိယ

ရဟန်းသာမဏေ မှန်လျှင် ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာတော်ကို လိုက်နာမှာသာ အပယ်လေးပါးက လွတ်ပြီး ၊ သာသနာတော် မကွယ်အောင်လဲ စောင့်ရှောက်နိုင်မှာပါ ။ သာသနာတော် တာရှည်တည်တံ့ဖို့ ဖြစ်တဲ့ အသက်ဟာ ၀ိနည်း သာဖြစ်ပါတယ် ။

ထို့အတူ တိုင်းပြည်တစ်ပြည် ၊ မြို့တစ်မြို့ ၊ အိမ်ထောင်တစ်စု ၊ ပုဂ္ဂိုလ် တစ်ဦးစီမှာလဲ စည်းကမ်းဟာ အသက်ပါဘဲ ။ စည်းကမ်းရှိမှ ၊ လူ့ကျင့်ဝတ် လေးစားမှ အရာရာ တည်တံ့ခိုင်မြဲပြီး ပျက်သုဉ်းခြင်း ကင်းဝေးမှာပါ ။

( ၃ )းးး ကျန်းမာဖို့က တတိယ

စိတ်ကောင်းရှိရုံ ၊ စည်းကမ်းလေးစားရုံနဲ့ မပြီးပါဘူး ။ ထိုနှစ်ပါးညီညွှတ်ပြီး ကျန်းမာနေဖို့ကလဲ အရေးကြီး ပါတယ် ။ နာမကျန်းဖြစ်နေရင် ဘာကိုမှ မလုပ်နိုင်တော့ပါဘူး ။

( ၄ )းးး သန့်ရှင်းဖို့က စတုတ္ထ

မကျန်းမာရတဲ့ အကြောင်းတွေထဲမှာ မသန့်ရှင်းမှုကလဲ အကြောင်းတစ်ခုပါဘဲ ။ ဥတုနဲ့ လျော်ညီအောင် ရေမှန်မှန် ချိုးလို့ ၊ တကိုယ်ရေ သန့်ရှင်းစေပြီး ၊ အ၀တ် ၊ အခန်း ၊ အိမ်ကျောင်း ပတ်ဝန်းကျင် ကိုသန်ရှင်း စေရပါမယ် ။ မိမိနေရာ တစ်ခုလုံး ၊ ခန္ဓာကိုယ် တစ်ခုလုံး သင်းပြန့် မွှေးကြိုင်စေပြီး၊ လုပ်ရည် ကိုင်ရည်လဲ တိုးလာမှာ ဖြစ်ပါတယ် ။ များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့ သန့်ရှင်းအောင် မကြိုးစားကြတာပါ ။

( ၅ )းးး အ၀တ်နဲ့အစားတတ်ဖို့က ပဉ္စမ

ရဟန်းတော်များအနေနဲ့ သင်္ကန်းကို “ ရဟန္တာများရဲ့ တံခွန်အောင်လံ ” လို့ခေါ်ပါတယ် ။ မတို မရှည် ၊ ညီညီ ၀တ်တတ်ဖို့ လိုပါတယ် ။ အရောင်ရင့်ရင့် ဆိုးတဲ့သင်္ကန်းကို သိက္ခာပုဒ်တော်များနဲ့ အညီ ၀တ်တတ်ဖို့နဲ့ စည်းကမ်းတကျ အသံ တိတ်တိတ်ဆိတ် ဆွမ်းစား တတ်ဖို့လိုပါတယ် ။ လူပုဂ္ဂိုလ်များ အဖို့လဲ အ၀တ်ကို သူ့နေရာနဲ့သူ ၊ သန့်သန့်ရှင်းရှင်း သေသေသပ်သပ် ၀တ်တတ်ဖို့လိုပါတယ် ။ ဥတုနဲ့ လျော်ညီအောင် စနစ်တကျ စားတတ်ဖို့လိုပါတယ် ။

( ၆ )းးး အနေအထိုင်တတ်ဖို့က ဆဋ္ဌမ

အသင်အပြ မရှိရင် ၀ါကြီးသူ ။ ကိုယ့်ထက်ကြီးသူ ၊ ဆရာသမားတို့ရဲ့ အနီးမှာ လေးလေးစားစား နေနည်း ၊ ထိုင်နည်း မသိကြပါဘူး ။ မရကြပါဘူး ။ လက်ဦးဆရာ မိဘမှ အစပြုပြီး ဆရာသမားကောင်းတွေ လိုပါတယ် ။

( ၇ )းးး အပြောအဆိုတတ်ဖို့က သတ္တမ

ရဟန်းတော်များ အနေနဲ့ ယခုအခါမှာ လူလူချင်းပြောကြသလို “ မင်းနဲ့ ငါနဲ့ ” ဆိုတာတွေ ပြည့်လျှံလို့ နေပါပြီ ။ရှောင်ကျဉ်ရပါမယ် ။ “တပည့်တော် ၊ အရှင်ဘုရား ၊ ကိုရင် ၊ ဦးဇင်း ၊ ဘုန်းကြီး ” စသဖြင့် ၀ါစဉ်အရ ယဉ်ယဉ်ကျေးကျေး သုံးရပါမယ် ။

လူပုဂ္ဂိုလ်များအနေနဲ့လဲ “ဟေ့ကောင် ၊ ဟိုကောင် ၊ ဒီကောင် ၊ မင်း ငါ” စတာတွေ အစား “ ဘကြီး ၊ ဦးကြီး ၊ အကိုကြီး ။ ညီလေး ၊ အဒေါ်ကြီး ၊ အဒေါ် ၊ အမကြီး ၊ ညီမလေး ” စသဖြင့် ယဉ်ကျေး ချစ်ခင် နှစ်လိုဖွယ် ပြောဆိုတတ်ရပါမယ် ။

( ၈ )းးး အသွားအလာတတ်ဖို့က အဋ္ဌမ

ယခုအခါ ရဟန်းတော်တွေ ဆွမ်းခံကြွရာမှာ တစ်ပါးနဲ့ တစ်ပါး ရင်ဘောင်တန်းလို့ ၊ စကားတွေပြောလို့ ၊ မျက်စိက ကျီးကန်းတောင်းမှောက်နဲ့ ကိုယ်အမူအယာတွေကလဲ လှုပ်ခါရမ်းပြီး အတော့ကို ကြည့်ရ ရုပ်ဆိုး နေပါပြီ ။ ကျမ်းစာများနဲ့အညီ ဘုရားရှင် မြို့ထဲ ကြွသည့် အလား ရှေ့နောက်တန်းလို့ ၊ သေသေသပ်သပ် ၀တ်လို့ ၊ တည်တည်ငြိမ်ငြိမ် စက္ခုကို ချလို့ သိက္ခာရှိရှိ ၊ လူရှင် ရိုသေအောင် သွားလာတတ်ရပါမယ် ။

လူပုဂ္ဂိုလ်များအဖို့လဲ ရဟန်း ၊ သာမဏေ ၊ လူကြီးသူမက အစ ကိုယ့်ထက်ဝါကြီးသူများ အနီးမှာ သော်၎င်း ၊ အဝေးမှာသော်၎င်း ရိုရိုသေသေ ၊ တည်တည်ငြိမ်ငြိမ် ၊ ရှပ်တီးရှပ်ပြာ မနေဘဲ သွားလာသင့်ပါတယ် ။

( ၉ )းးး စည်းကမ်းလိုက်နာဖို့က န၀မ

စည်းကမ်းတွေ လေးစားရုံနဲ့ မပြီးသေးပါဘူး ။ လိုက်နာ ကျင့်သုံး ကြရပါမယ် ။ ရှေး လူကြီးများ ၊ ဆရာသမားများရဲ့ ကောင်းတဲ့ စည်းကမ်း ထုံးစံ ဥပဒေတွေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ် ။

သူ့စည်း သူ့ကမ်းနဲ့ မလိုက်နာနိုင်ရင် သူ့နေရာမှာ ရေရှည်နေဖို့ မလွယ်ပါဘူး ။ ဒါကြောင့် စည်းကမ်းလိုက်နာ တတ်ဖို့ကလဲ အရေးကြီးပါတယ် ။

( ၁၀ )းးး စာတတ်ဖို့က ဒသမ

အများ အယူအဆကတော့ စာတတ်ဖို့က ပထမ လို့ယူဆကြဟန်တူပါတယ် ။ ဒါပေမဲ့ စိတ်ကောင်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ စည်းကမ်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ထို့အတူ နာမကျန်းဖြစ်နေရင် ၊ ညစ်တီးညစ်ပတ် ဖြစ်နေရင် ၊ ၀တ်ပုံ စားပုံ မတတ်ရင် ၊ အနေအထိုင် မတတ်ရင် ၊ မပြောအဆို မတတ်ရင် ၊ အသွားအလာ မတတ်ရင် ၊ စာတွေ ဘယ်လောက်တော်တော် အလကားပါဘဲ ။ ကိုယ့်အကျိုး သူ့အကျိုး ဘာတစ်ခုမှ မပြုနိုင်ပါဘူး ။ စိတ်ကောင်းရှိမှု စသဖြင့် အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်မှာပါ ။ ဒါကြောင့် စာတတ်ဖို့ကို နောက်ဆုံးမှာ ထားတာပါ ။

ကဲ - ဒီလောက်ဆို ဆရာတော်ရဲ့ အတုယူ ၊ လိုက်နာဖွယ် နည်းနာတွေ သိလောက်ပြီ ထင်ပါတယ် ။

ဒါနဲ့ ထပ်ပြောပါဦးမယ် ။ ဆရာတော်ရဲ့ အဆိုအရ “ စာမတတ်လို့ အပါယ်မကျပါဘူး ၊ စိတ်ကောင်းမရှိရင် ၊

ဝိနည်း စည်းကမ်း မလေးစားရင် အပါယ်ကျနိုင်ပါတယ် ။ဒါကြောင့် စာတတ်မှုဟာ စိတ်ကောင်းရှိမှုလောက်

အဖိုးမတန် ၊ အရေးမကြီးပါဘူး ” တဲ့ ။ မှတ်သားဖွယ် အင်မတန် ကောင်းပါတယ် ။

ရဟန်းသာမဏေ ၊ သူတော်စင် အပေါင်းနဲ့ ထေရ၀ါဒ ဗုဒ္ဒဘာသာဝင်အပေါင်းတို့ လေးသင်္ချေနဲ့

ကမ္ဘာ တစ်သိန်း ပါရမီ အဟုန်နဲ့ နောက်ဆုံးဘ၀မှာ အကောင်းတကာ့ ကောင်းဆုံး စင်္ကြာ ထိုက်လောက်တဲ့

လောကစည်းစိမ်ကို စွန့်ပြီး ၊ ဒုက္ခ ခံ ၊ အပင်ပန်း အဆင်းရဲခံ ခဲ့ပြီး ၊ လူတွေရဲ့ အကျိုး သတ္တ၀ါတွေရဲ့အကျိုး

( ၄၅ ) ၀ါ တိုင်တိုင် မနားမနေ ကြိုးစားအားထုတ်ခဲ့တဲ့ တည်ထောင်ခဲ့တဲ့ ထေရ၀ါဒ ဗုဒ္ဒသာသနာကို အရှည်

တည်တံ့ ပြန့်ပွား နိုင်စေရန်၊ စွမ်းစွမ်းတမံ ရွက်ဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ .... ။


(မိတ်ဆွေတစ်ဦး၏ Facebook စာမျက်နှာတစ်ခုမှတစ်ဆင့် ကူးယူတင်ပြပါသည်။)

Thursday, August 4, 2011

မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတစ်ချို့

"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ"

မေခ နဲ့ မလိခ
ဆုံမိကြ သည်မှာ။

သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊

သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊

ကမ္ဘာတည်သ၍
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။ ။

"မြစ်ကော"

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလန်းရပေမည်၊

ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊

ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊

တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Wednesday, August 3, 2011

နေမျိုးရဲ့ ကဗျားများ စုစည်းမှု

နွားပြာကြီးအကြောင်းဖွဲ့ ခေတ်ပေါ်ကဗျာ

နွားပြာကြီးအကြောင်း
ကဗျာကောင်းကောင်းတစ်ပုဒ်လောက်
ငါရေးချင်တယ်
ရှေးအခါက ရှေးဆရာတွေ ရှေးကဗျာနဲ့ဖွဲ့သလို
ခေတ်ပေါ်အခါမှာ ခေတ်ပေါ်ကဗျာနဲ့
နွားပြာကြီးကိုဖွဲ့ဆိုမယ်။
နွားပြာကြီးကိုဖွဲ့ဆိုဖို့
နွားပြာကြီးဆီ ငါသွား
နွားပြာကြီးနားမှာ ငါနေခဲ့
နွားပြာကြီးကဲ့သို့ လမ်းလျှောက်
ရေသောက်ရင်လည်း နွားပြာကြီးလို
သြော် . . .အဲဒီလိုအကြည့်နဲ့ ကမ္ဘာကြီးကို ကြည့်မိလေတော့မှ
ငါဟာ နွားပြာကြီးကိုကောင်းစွာနားလည်ခဲ့ရရဲ့
နွားပြာကြီးမှာ အောက်သွားတွေမရှိတော့ပါဘူးကွယ်
ငါဟာ နွားပြာကြီးရှေ့မှာရပ် ငါမင်းကိုကဗျာစပ်မလို့ကွဲ့လို့
ပြောမိတယ်။
နွားပြာကြီးဟာ စာရွက်ထဲကိုလမ်းလျှောက်
စာရွက်ကိုထွန်ယက်ဖို့ ၀င်ရောက်လာတယ်
ကြမ်းထော်အဖေးတက်နေတဲ့ သူပုခုံးကိုဆတ်ခနဲတွန့်လိုက်
ဆတ်ခနဲ၊ ထပ်ပြီးတော့ ဆတ်ခနဲ
ငါက အကျအန သူ့ကိုကြည့်ရှုပြီး
ဟောဒီလို ကဗျာဖွဲ့တယ်
နွားပြာကြီးရေ မင်းခြေရာခွက်ထဲမှာ
သင်္ဘောတွေ ခုတ်မောင်းနေလေရဲ့
သင်္ဘောထဲမှာ ကိုလံဘတ်အသစ်တစ်ယောက်လည်းပါသကွဲ့
နွားပြာကြီးရေ
ကောက်ရိုးထဲမှာ နှမ်းဖတ်နည်းနည်းပဲပါပေမယ့်
အရသာရှိရဲ့မဟုတ်လား
ကောက်ရိုးထဲမှာ နှမ်းဖတ်မပါတဲ့နေ့တွေ
ရောက်လာလိမ့်မယ်
မင်း မြိန်ယှက်ပါစေကွယ်
နွားပြာကြီးရဲ့ကြမ်းထော်ထော်ပုခုံးဟာ
လှည်းဘီးတွေကိုလည်စေခဲ့တယ်
လှည်နေတဲ့ဘီးတွေဟာ ကျေးလက်နဲ့မြို့ကြီးကို
ချစ်ခင်ရင်းနှီးမှုပိုစေခဲ့
နွားပြာကြီးရေ
ငါ့အဖေဟာ. . .မင်းအရေပြားကို ဗုံကျက်လို့တီးခဲ့တယ်
အဲဒီဗုံသံကြားရင် လူတွေ ကခုန်ကြတယ်
ဗုံထဲမှာ မင်းအရေပြားဟာတုန်ခါလို့
တုန်ခါမှုဟာ ဂီတဖြစ်လို့
ဂီတထဲမှာ ငါတို့မြူးတူးမိကြတယ် အခါခါ
နွားပြာကြီးရေ
မင်းဦးချိုကို လေးခွလုပ်လို့
တွေ့ကရာကို ငါတို့လက်တည့်စမ်းခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းဦးချိုကို တံပိုးခရာလုပ်
လေတဟူးဟူးလွင်ပြင်ပေါ်မှာရပ်ပြီး
ငါတို့မှုတ်ခဲ့ဖူးပေသပေါ့
နွားပြာကြီးရေ
မင်းနံရိုးငေါငေါတွေဟာ ငါတို့အတွက်
ခွန်အားတွေဘယ်လောက်ထုတ်လုပ်ပေးခဲ့တယ်ဆိုတာ
ထင်ရှားတဲ့အမှတ်အသားတစ်ခုပါပဲ။
နွားပြာကြီးတစ်ကောင်အဖို့
အောက်သွားမရှိတဲ့နေ့ရက်တွေဟာ ရောက်လာစမြဲပါကွာ
ဟုတ်ရဲ့လား နွားပြာကြီးရဲ့
နွားပြာကြီးရေ
မြက်ခင်းစိမ်းစိမ်းကြီးတစ်ခုကို
မင်းအိပ်မက်မက်ခဲ့ဖူးသလား
လာပါ နွားပြာကြီးရဲ့
မင်းနဲ့ငါ အစိမ်းရောင်ကမ္ဘာကြီးဆီသွားကြမကွဲ့။ ။

နေမျိုး

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့

နေ့တစ်နေ့
မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။

နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။

နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။

နေမျိုး

ကျွန်တော်နဲ့ မ၀င်းမေ

သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်
သူ့ငိုသံတစ်ဝက် ကျွန်တော်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက် ဖြစ်သွားတယ်
သူ့ပိုက်ဆံတချို့ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးက မြို့လေးတစ်မြို့
သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ။

နေမျိုး
(လူဖြစ်ရတာကောင်းတယ်)



မက်လင်ပင်ကြီးတွေအောက်မှာ

ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့သေတ္တာကို
ဒီမနက်မှာတဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာတွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက်ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်စာဟာ ‘အကယ်၍’ ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ

ငါ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကျောင်းမှလည်း မရခဲ့ပါဘူး

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လိုပဲ ဖြစ်မှာပေါ့။ ။

နေမျိုး
(လူဖြစ်ရတာကောင်းတယ်)

လူရွင်တော်

မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
ကိုယ်မင်းကို
ရယ်ရွင်ဖွယ်တွေပြောပြမယ်

ကိုယ့်ကဗျာတွေဖတ်ပြီးအနည်းဆုံး
ရယ်မောနိုင်အောင်ပဲဖြစ်ဖြစ်
ကျွန်မမရယ်ဘဲနေမယ်လို့ကတိမပေးနဲ့
ကိုယ်ဟာမင်းအတွက်ရယ်စရာတစ်ခုထက်
ပိုပါတယ် ။

မင်းကိုရယ်စရာတွေပြောပြတဲ့အခါ
နားနှစ်ဖက်ပိတ်ထားချင်ထား
မင်းမကြားနိုင်ပေမယ့်
ရယ်ချင်မှာပါကွာ

ရှေးလူရွင်တော်ကြီးတွေဟာ
ဘာစကားမှမပြောဘဲ
စင်ပေါ်မှာရပ်လို့ငြိမ်နေရင်တောင်
ရယ်စရာကောင်းသတဲ့
ကိုယ်မမြင်ဖူးပေမယ့်
အဲသလို
မင်းကိုရပ်ပြမယ်
အဆွေးသမားကြီးတစ်ယောက်
အိုက်တင်မျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့

ကိုယ်ဟာရယ်စရာကောင်းတဲ့ညစာတစ်နပ်ကိုကမ္ဘာမှာ
ပထမဆုံးစားဖူးသူပါ
ဒီအကြောင်းမင်းကိုပြောပြမယ်
ရယ်ရွင်ဖွယ်

မင်းကနားနှစ်ဖက်ကိုပိတ်ချင်ပိတ်ထား
မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
မင်းရယ်တာသိပ်လှတယ်လို့
ကိုယ်ကြားဖူးတယ် ။

တစ်ခုပဲကွယ့်
ရယ်ရွင်ဖွယ်တွေကိုယ်က
ပြောပြတဲ့အခါမှာ
ကိုယ့်ကိုကြည့်ပြီး
မင်းမျက်ရည်မလည်စေချင်တာ ။ ။

နေမျိုး

(လူဖြစ်ရတာကောင်းတယ်ကဗျာစာအုပ်မှ)


လူဖြစ်ရတာ ကောင်းတယ် (နေမျိုး)


လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေ့း့  ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့်ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။


ပင်လယ်

သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း




ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ (နေမျိုး)

တချို့ငိုလိမ့်မယ် တချို့ရယ်လိမ့်မယ်

ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ပြီးရင် ဘယ်သူမှယုံကြမှာမဟုတ်ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဝံပုလွေအိုကြီးတွေအူလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
နီယွန်မီးရောင်တွေ စူးစူးရဲရဲလင်းနေလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
မြို့ကြီးပေါ် မိုးတစိမ့်စိမ့်ရွာလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ခွေးသွားစိတ်တွေ တ၀ီဝီလည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သော့တွေအားလုံး ပွင့်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ညနေခင်းကြယ်ကို လူတွေမြင်တွေ့ရလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဗုံတစ်လုံး (၀က်ဝံအရေပြားနဲ့ ကျက်ထားတာ)
သူ့အလိုလိုမြည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သူကတော့ နားနှစ်ဖက်ကိုပိတ်ထားမှာပဲ
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ငါတို့ဟာ ငါတို့မဟုတ်တော့ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
အသံလှိုင်းသက်သက်သာ ကျန်ရစ်ခဲ့မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ

(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)

မြို့တစ်မြို့အကြောင်း မိတ်ဆက် (နေမျိုး)


လမ်းပေါ်မှာ ယူစရာသံဝေဂတွေ
ဖွေးဖွေးလှုပ် ပြန့်ကျဲနေတဲ့မြို့
အ၀ါးရခက်တဲ့ပေါင်မုန့်နဲ့ ကဗျာဆရာထွက်တဲ့မြို့ပေါ့
ဘ၀င်မြင့်နေတဲ့ တိမ်တိုက်တွေ
နောင်တရ မျက်ရည်ကျရာမြို့
တယ်လီဖုန်းဝိုင်ယာကြိုးထဲမှာ သူ့ဒဏ်ရာတွေ
တုန်ခါစီးဆင်းနေတဲ့မြို့
ပုရစ်ကြော်၊ ယန်းပေါဆတ်နဲ့ ဘောလုံးပွဲ ကြိုက်နှစ်သက်တဲ့မြို့
ကဖေးဆိုင်၊ အရက်ဆိုင်နဲ့ rotten eggs တွေ စည်ကားရာမြို့
နွားနို့နဲ့ ဖဲချပ်တွေ စာတိုက်က သောကြာနေ့တိုင်းရောက်လာတတ်တဲ့မြို့
မိုက်မဲမှုတွေ အတောင်ပေါက်ကာ ပျံဝဲတဲ့ရာသီဥတု သူ့မှာရှိတဲ့မြို့
အရိုးများတဲ့ အတွေးအခေါ်နဲ့ သင်္ဘောပျက်တွေ အရောင်းအ၀ယ်ဖြစ်ရာမြို့
လကွယ်ညတိုင်း ထရိုဂျင်မြင်းတွေ မှောင်ထဲမှာခုန်ပေါက်မြူးတူးရာမြို့
လူပျောက်ကြော်ငြာထဲမှာ ဘယ်တော့ သူ့နာမည်ပါလာမလဲလို့
စောင့်ဖတ်နေတဲ့မြို့
မြို့တစ်မြို့ဆီ ခရီးထွက်ဖို့ စဉ်းစားနေတဲ့မြို့
သူ့ကိုယ်သူ မြို့မှန်းမသိတော့တဲ့ မြို့ပေါ့
ညအခါ သူအိုတွေ ကျမ်းစာရွတ်ဖတ်ချိန်
တစ္ဆေကြယ်တွေ မှောင်ထဲမှာ ရွေ့လျားရာမြို့
သူ့ဦးခေါင်းထဲကို ကွန်တစ်ချက်ပစ်လိုက်ယုံမျှ
ဆာလောင်နေတဲ့ငါးတွေ တဖျတ်ဖျတ်ရနိုင်ရာမြို့
ဘယ်သူဟာ အပျော်သဘောနဲံ့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်မလဲလို့
တွေးခေါ်ခဲ့ဖူးသူမြို့ပေါ့
ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ
လေထီးမပွင့်သူမြို့ (ချိုင်းထောက်နဲ့ပတ်တီးကို မုန်းသတဲ့)
ပြတင်းဝမှာ ညနေတိုင်း
အော်မြည်နေတဲ့ မျက်လုံးတစ်စုံနဲ့ ထိုင်ငေးတတ်သူမြို့ပေါ့
သူ့အထ္ထုပတ္တိကို သူကိုယ်တိုင်ရေးပြီး
မီးရှို့ပစ်ခဲ့သူမြို့
အဲဒီမြို့ဟာ သင့်ဆီကို မတ်လ (၄) ရက်နေ့မှာ
အရောက်ထွက်ခွာလာမှာ ဖြစ်ပါတယ်မိတ်ဆွေ။

(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)



ဥာဏ်ပညာထက်မြက်တဲ့မြို့ (နေမျိုး)


ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဟိုင်းဝေးလမ်းမကြီးဘေးမှာ
(မိဘမဲ့ကလေးများ)လူငယ်သင်တန်းကျောင်းကိုဖွင့်ထားတယ်
အဲဒီက ခပ်လှမ်းလှမ်းမှာ လူအိုရုံတစ်ရုံကို ဖွင့်လှစ်ထားရှိပြီး
အဲဒီရဲ့ ဟိုဘက်မှာတော့ ဆေးရုံတစ်ရုံကို ဖွင့်လှစ်ထားရဲ့
အင့်း့  အဲဒီကနေ ဆက်သွားမယ်ဆိုရင်တော့
မီးသင်္ဂြိုဟ်စက်ကြီးဆီ ရောက်ရှိသွားနိုင်တာပေါ့
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့လက်ဖျံပေါ်မှာ
သူ့အမည်ကို ဆေးမင်ကြောင်နဲ့ ရေးထိုးထားတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ၀ံပုလွေတွေရဲ့ဘာသာစကားတတ်တယ်
ကောင်းကင်ဘုံဘာသာစကားလည်း တတ်မြောက်ထားသတဲ့
ဒါပေမယ့် သူက စကားနည်းပါတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဘယ်တက္ကသိုလ်ကောလိပ်ကမှ
ဘွဲ့ဒီဂရီ မရခဲ့ပါဘူး ဒါပေမယ့် သူဟာ ဥာဏ်ပညာထက်မြက်တဲ့မြို့ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဦးနှောက်တစ်ခြမ်းက အိပ်နေပြီး
ဦးနှောက်တစ်ခြမ်းက နိုးနေတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ အူဟောင်းလောင်းဖြစ်နေတဲ့
ဘဏ်တိုက်ကြီးတွေကို ၀လင်အောင် အစာမှန်မှန်ကျွေးတယ်
တနင်္ဂနွေတွေမှာဆိုရင် သူဟာ
ရက်စတောရင့်တွေရှိရာဆီ တစ်နေကုန်လျှောက်သွားတတ်တယ်
အဲဒီနေ့တွေဟာ ငါးခေါင်းဟင်းရည်တွေ ရောင်းကောင်းကြတဲ့နေ့ပေါ့
တချို့ တနင်္ဂနွေတွေမှာတော့ သူဟာ
ငါးမျှားမလား ဘုရားသွားမလား စဉ်းစားတယ်
ဒါပေမယ့် နှစ်ခုစလုံး မလုပ်ဖြစ်ဘဲ
ရက်စတောရင့်တွေဆီပဲ ရောက်ရောက်သွားတတ်သူပါ
သူဟာ အစာမစားဘဲ ရက်ပေါင်းများစွာ နေနိုင်သလို
အစားအစာအမြောက်အမြားကိုလည်း တစ်ကြိမ်တည်းနဲ့ကုန်အောင်
စားပစ်နိုင်သတဲ့
ကြယ်တွေကိုရေရင် အူပြတ်တတ်တယ်ဆိုတာကို
ကြားဖူးပေမယ့် ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကြယ်တွေ ရေတွက်တယ်
အဲသလိုရေတွက်ရင်း သူအိပ်ပျော်သွားတာပဲ
(သူ့ဂဏန်းပေါင်းစက်ထဲမှာ ကြယ်တွေအများကြီး)
သူအိပ်ပျော်သွားရင် အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘယ်တော့မှ ရထားမမီဘူးတဲ့
ရထားမမီတဲ့ အိပ်မက်တွေကို သူ ခဏခဏ မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘူတာရုံရောက်တော့
ရထားဟာ ထွက်ခွာသွားပြီလေ
ဘာကြောင့်များ သူ ဒီအိပ်မက်ကို ခဏခဏ မက်ပါလိမ့်
သူကြာကြာမစဉ်းစားပါဘူး
ဘာကြောင့်လဲဆိုတော့ မနက်မိုးလင်းပြီဆိုရင်
ရထားတွေ တစ်စင်းပြီးတစ်စင်း သူ့ဆီ ဆိုက်ရောက်လာလို့ပါပဲ။
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့ဦးခေါင်းကို
နည်းနည်းချင်းဖဲ့ပြီး ဆာလောင်မွတ်သိပ်နေသူတွေကို ကျွေးတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
မုန်တိုင်းကို ဖန်ပုလင်းထဲထည့်တတ်တယ်
သူ့မှာ ဖန်ပုလင်းတွေ အများကြီးပေါ့
ပြီးတော့ ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကျွမ်းကျင်တဲ့စိုက်ပျိုးရေးသမားတစ်ယောက်ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ LUX ဆပ်ပြာကိုကြိုက်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ယောက်တည်းဖဲကစားတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ခါတစ်လေ (ဗုံတီးသံတွေကြားရင်)
အခန်းတံခါးပိတ်ပြီး ရှိုက်ငိုတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ကွန်ကရစ်တောအုပ်ထဲမှာ
သူ့ကိုယ်ကို ဖျောက်ထားနိုင်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ပင်လယ်ကြမ်းပြင်အောက်မှာ စွဲလောင်နေတဲ့
မီးကို ငြှိမ်းသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းကို
သိသူတွေထဲက တစ်ယောက်ဖြစ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဒီတနင်္ဂနွေမှာ
အပြာရောင်ဂျင်းဂျက်ကက်ကို ၀တ်ပြီး ထရပ်ကားပေါ်ကိုတက်တယ်
ဒရိုင်ဘာကမေးတော့
မင်းမောင်းချင်ရာကိုမောင်းပါ ဝေးချင်သလောက်ဝေးပါစေကွာ တဲ့
ပြီးတော့ ကျွန်တော်ရေးတဲ့ ဒီကဗျာကို
ဇိမ်နဲ့ဖတ်ရင်း လိုက်ပါလာခဲ့ပါတော့တယ်။

(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈



ဂျက်ကပြောတယ် ...

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့

ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့

ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့

ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ

ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့
ဘူးတဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ

ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်
ဘူးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့

ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါ တို့ က သူ
တို့ ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့

ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး

ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်

ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။ ။

နေမျိုး


သေဘာၤ (ေနမ်ိဳး)

လက္ဘက္ရည္ဆိုင္ထဲမွာ
ပင္လယ္ကူးသေဘာၤၾကီးမ်ား
ကျောက်ချရပ်နားပြီ..။
ပေါလော
မလိုင်အတုတွေဖန်ခွက်ထဲမျောလို့
တအိအိ
မုန်တိုင်းမိလာသလိုမျိုး..။
ဝေးလံသောအရပ်မှ
ညများစွာခုတ်မောင်း
နက္ခတ်မှန်ပြောင်းတွေသာမရှိခဲ့ရင်ဖြင့်
အိပ်မက်ဟောင်းကြီးထဲမှာ
ရာစုနှစ်တစ်ခုလုံးပိတ်မိနေခဲ့ကြမှာပဲ..
ရိက္ခာကနည်းနည်းရယ်..။
ဟန်ဆောင်မှုကောင်းကောင်းနဲ့
သူ့ကိုယ်သူဖောင်းကား
စားပွဲတင်ပေါင်မုန့်က
မရှုမလှလှဲလျောင်းလို့
တဝီဝီ
ယင်ကောင်တွေကလည်း
အပ်ကြောင်းထပ်အသံတွေမြည်လို့
စားပွဲပေါ်မှာတော့
ဖောက်လက်စ စကားလုံးစည်သွပ်ဗူးတွေသာ
ပြန့်ကျဲလို့..။
နပိုလီယံတဲ့ ကိုလံဘတ်စ်တဲ့
မဒမ်ဗိုဗာရီ တဲ့ စပီးလ်ဘတ်တဲ့
ဆာ့တ်တဲ့…မော်ဒန်တဲ့
(၂၀ရာစုနောက်ပိုင်းမှာ)
အားလုံးမှိုစော်နံ့နေပေါ့..။
ဝေါ့ကနဲပျို့တက်လာခဲ့
ပြီးတော့ခပ်မြန်မြန်မျိုချလိုက်ရ
ဒီနည်းနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရ
(နှစ်ဘဝစာ)နောက်တစ်ခါဆို
ဝေလငါးကြီးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကိုအစာတပ်ထားမယ်..။
ရေဘဝဲတစ်ကောင်
ဟိုထောင့်မှောင်ရိပ်ထဲက
(ပြုံးပြီး..)လက်နှစ်ချောင်းထောင်ပြရဲ့
ဒီလိုဖြစ်ခဲ့ဖူး
ဟောဒီ ကုလားထိုင်ပေါ်မှာ
မျှော်လင့်ချက်မုန်တိုင်းမိစဉ်
မိုးကောင်းကင်ပေါ်
ကိုယ့်အမည်ကို
အကြိမ်ကြိမ်ဟစ်ပြီးအော်ခေါ်ရဲ့…..။
ဒီလိုနဲ့
လှိုင်းလေငြိမ်သက်တဲ့နေ့တစ်နေ့
ကမ်းခြေမြို့ကလေးရဲ့
လက်ဘက်ရည်ဆိုင်မှာ
သံချေးတွေခွာရင်း
(ရေချိုတွေဖြည့်တင်းရင်း)
ကမၻာပတ္မယ့္သေဘာၤ
ခု….
ဒီကောင်မောနေပေါ့…။ ။

(ရုပ်ရှင်တေးကဗျာ – စက်တင်ဘာ၊ ၁၉၉၀)

http://sites.google.com/site/poetmyatwai/tlkb/--15
မှကူးယူဖော်ပြပါသည် ။

ထူးအိမ်သင် ကဗျာများ စုစည်းမှု

ထူးအိမ်သင် ကဗျာများ

... အမေ ...
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်



... မြ ...
အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။
သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ
(အဲဒါ သူ့ကလောင်တွေပါ)


... စင်သီယာ ၁ ...
ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...
သျှပ်မှူးကျော်


... စင်သီယာ ၂ ...
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။
သျှပ်မှူးကျော်


... စင်သီယာ ၃ ...
ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။
သျှပ်မှူးကျော်



... စင်သီယာ ၄ ...
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။
သျှပ်မှူးကျော်



... စင်သီယာ ၅ ...
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်
သျှပ်မှူးကျော်


... မနှင်းဖြူ ...
“ တစ် ”
ချစ်သူ
သင့်နှလုံးသားသည်
ပျားသို့ချို၏။
သို့ပြီးတကား
ဓားသွားမူ ထက်စွာ၏ .. ။

“ နှစ် ”
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးနှင်းဆီဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတစ်ပါးရဲ့ အလှကို ငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာ နှင်းကျတယ်
တစ်လလုံးပါပဲ
ပထမဆုံးနှင်းပွင့်ကတော့
သူပေါ့ကွယ်၊ ဆွတ်ဆွတ်ဖြူဖြူ
ငန်းမွှေးတောင်သွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့ ၊ သူ ....
“ မနှင်းဖြူ ” လေ။

“ သုံး ”
“ မနှင်းဖြူ ”
မင်းဘယ်သူလဲ ..
ငါကလွဲလို့ ၊ မင်းတောင်မှမသိ
မြတ်နိုးမိသူပါ။ သူဟာ ...
ငါ့ဘ၀ရဲ့ ပထမဦးဆုံး
နှင်းဖုံးတောင်တန်းများရဲ့ နတ်မိမယ်
သံယောဇဉ်အနွယ်များရဲ့ မိခင်
ပွင့်ဦးသခင် ဆိုနိုင်ပါရဲ့။
နွဲ့လျတဲ့ခြေလှမ်းများ
ငါ့နှလုံးသားမှာ ..
ဒဏ်ရာထင်အောင် ပြင်းထန်ခဲ့ ၊ ကဲ ...
ဒီလိုဘယ်သူသိမလဲကွယ်။

“လေး”
ဆောင်းညရဲ့ နှုတ်ခမ်းအစွန်းမှာ
လမ်းများပေါ် “ငါ ” တေးသီခဲ့တယ်
နားမလည်နိုင်တဲ့ ခံစားမှုဘဝ
တေးချင်းမှာ စတည်ခဲ့ပေါ့။
ဖျော့တော့တဲ့လရောင်သွန်းချိန်
မှိန်ပြာပြာ နှင်းစက်ကြွေသံလို
ကောင်းကင်ငိုနေရဲ့ ၊ အို .. အလှ
မင်းကို တမ်းတလို့ ..
“ကိုစောငြိမ်း” ရဲ့ “ပွင့်ဦး”
ငါဆိုခဲ့ဖူးပြီ .. ။

“ငါး”
ဟောသည်မှာ အချစ် ..
ကဗျာလိုလှတဲ့ ပန်းပွင့်၊ သစ်ရွက်
စက်နဲ့လုပ်တာမဟုတ်။
မင်းအတွက်ပဲ သည်မှာ
နုံချာပေမယ့် လတ်ဆတ်တဲ့နှလုံးသား
ဥပက္ခာမထားစေချင်
အရှင် .. သခင် ..
သစ်ခက်ပလ္လင်မှာစံ၍
တေးချင်းကို နာခံ
မိုးယံ၌ပြည့်သော ပီတိနှင့်
တင့်တယ်စေပါမည်။

“ခြောက်”
လုံမရဲ့ အကြည့်
နေထိတဲ့ ပန်းပါပဲ၊
ညိုးလျော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့
စောင့်စားသူ နေပူမှာရပ်လို့
မင်းကို စောင့်ဖို့ ငါအသက်ရှင်တယ်။
သစ်ပင် ၊ တောတောင် ၊ နေရောင် ..
ငါ့သခင် အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို .. အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ ..
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်၏ တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကို နွံ၌နစ်စေသူ ..
ချစ်ခြင်း ၊ မုန်းခြင်း ၊ ဥပက္ခောနှင့် ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအား အကြည့်ဖြင့်သိမ်းပိုက်သူ .. ။

“ ခုနှစ် ”
အို .. ချစ်သူလုံမ
ပထမဘ၀မှာ တွယ်ငင်သော
သံယောဇဉ်ပိုင်စိုးသူ
နှင်းမြူသည်းပွတ်၊ ဆွတ်ဆွတ်ဖြူစင်၍
အိပ်မက်အငွေအသက်ပမာ
ငါမြတ်နိုးသူ .. ငါ့အား ..
သနားသဖြင့် ဥပက္ခာသစ်ရိပ်မှ
ဖဲကျဉ်ခွင့်ရစေပါ။ ငါ့အား ..
ဝါမျှင်ဂွမ်းစကဲ့သို့ ချီမ၍
သင့်အနမ်း၍ကြွေသော ပန်းပွင့်ရေအိုင်ထက်
သက်စေပါဘိ။
သက်ရွက်လောင်းလှေဦးတွင်
သခင်မစံပါ။
ကဗျာသစ်ခက်ဖြင့်ပြုသော
လှော်တက်ကို ငါကိုင်မည်။
အောင်နိုင်ခြင်းနှင့် ဒဏ်သင့်သောငါ့အား
အသာယာဆုံး တိတ်ဆိတ်ခြင်းဖြစ်သည့်
အချိုမြိန်ဆုံးတေးချင်းကို
ဆိုခွင့်ပြုပါ ၊ ထိုအခါ ..
ကမ္ဘာမြေသည် သခင်မအပြုံး၌ပွင့်သော
ဆည်းဆာပန်းပွင့်သစ်၏
နှစ်ချို့ စပျစ်အရက်ပမာ
ငါမူးယစ်စွာ မွေ့ပျော်စေလိမ့်မည်။

“ ရှစ် ”
အားလုံးပြီးဆုံးသွားခဲ့ပြီ ..
“ မနှင်းဖြူ ”
အားလုံးပြီးဆုံးသွားပြီလေ၊
အခုတော့ ......

“ကိုး”
မြစ်တစ်စင်းမှာ သူ .. ငါ ..
နှစ်ခါရေမချိုးနိုင်
စီးဆင်းနေဆဲ အချိန်စက်ဝန်း
ပုံတူသွန်းလုပ်၊ အရုပ်ဆင်းတု
ပြုစုသူမဲ့ပေရဲ့ .. ။
ပစ္စုပ္ပန်မဲ့သောအခါ
အနာဂတ်မတည်စွမ်းသာ
သည်သို့ .. သံသရာရှိလျှင်အဆုံး၊ ငါမို့ဖြစ်ရင်း
ချစ်ခြင်းအပ မြဲစေ ..
ကျိန်စာဆိုခဲ့လေသလား
အို .. နတ်ဘုရားတို့ ။
အို .. ပိုင်ဆိုင်သူတို့ ။
သျှပ်မှူးကျော်


... အစ၏အဆုံး (သို့မဟုတ်) အဆုံး၏အစ ...
ကမ္ဘာဦးသူတို့သည် ရသပထ၀ီကိုစားကုန်၏။ အချို့အဆင်းလှကုန်၏။
အချို့အဆင်းမလှကုန်။
ထိုသူတို့တွင်
အဆင်းလှသူတို့သည် အဆင်းမလှသူတို့ကို
မထီမဲ့မြင်ပြုကြကုန်၏။
ထိုသို့ပြုသည်ရှိသော် .. ။
(ဦးကုလားရာဇ၀င်)
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့
သျှပ်မှူးကျော်



... အသက်သည် အိမ်မက် ...
အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။
သျှပ်မှူးကျော်



သက်တံ

ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊
ထူးအိမ်သင်




ချောင်းကြည့်ပေါက်များ

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။
(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။
(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း

Peepholes

in his wishes...
after above-mentioned reasons
so are the thoughts
(1)
'words' are false and
'mind' is 'real' so said...
(2)
'feet' are 'paths' and
'self'' is 'the end journey' so said...
(3)
then so
with those very false feet
wearing those very words-filled paths
wearing and wearing and going that...
ever reach that very end journey?
ever might be that very real?
so tired of that very mind
'even that very self' said
yeah!
'boring' is the very burden
helplessly, unbearingly...
.........

icy (1-7-2009)

စံပါယ်ဖြူအိပ်မက်


ကိုထူးအိမ်သင်ကိုယ်တိုင်ရေးကဗျာလေးပါ။ ၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာ"လင်းထက်"ဆိုတဲ့ကလောင်
နာမည်နဲ့ရေးသားခဲ့ပါတယ်။

စံပါယ်ဖြူအိပ်မက်

လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊သည်ရင်မှာ
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို
အို.....လှလိုက်တာ။

သဲသောင်ခုံလား၊ရေစွယ်လားလေ
ခြေသံဖွဖွ၊ကြားနေရပေါ့
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့
သင်းပျံနေဆဲ၊ရင်ထဲမှာ...။

စကားတိုးတိုး၊မြူခိုးဝေေ၀
စံပယ်ရေ..စံပယ်ဖြူ...
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။

သည်အိမ်မက်မှ၊မောင် နိုးထလည်း
တမ်းတတပ်မက်၊ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ..။
စံပယ်ရေ..စံပယ်ဖြူ
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါမေ။

လင်းထက်




မမခင်ဦးစံပယ်သို့ တမ်းချင်း (၂)

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်မှာ ငှက်တကောင်ရှိတယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံတဖက်တည်းနဲ့ မြေကြီးကိုယက်ပြီး
ကောင်းကင်ပေါ်တက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
တောင်ပံမပါဘဲနဲ့လည်း မြေကြီးထဲကထွက်ပြီး
မိုးပေါ်ကိုတက်လာနိုင်တယ်။

မြေကြီးအောက်ကငှက်ဟာ
ဂစ်တာတလက်နဲ့လည်း ကမ္ဘာမြေငြိမ်းချမ်းဖို့ 
တေးတို့ နိုင်တယ်။
မြေကြီးအောက်ကငှက်ဟာ
ဂစ်တာမပါဘဲနဲ့လည်း ကမ္ဘာပေါ်ကစစ်ပွဲတွေရပ်စဲဖို့ 
တေးညှို့ နိုင်တယ်။

မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
သောင်ရင်းမြစ်ကို ဖြတ်ပြီးတော့လည်း သွားခဲ့ဖူးတယ်
သောင်ရင်းမြစ်ကို ကျော်ပြီးတော့လည်း ပြန်ခဲ့ဖူးတယ်။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဟာ
ချစ်ခြင်းမေတ္ထာနဲ့ဥာဏ်ပညာကိုယုံကြည်သတဲ့။

မြေကြီးအောက်ကငှက်ဟာ
မမခင်ဦးစံပယ်ရဲ့ မိသားစုလူနာဖြစ်ခဲ့ဖူးသလို
ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် လူငယ်လည်းဖြစ်ခဲ့ဖူးတယ်။

မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့မတောင်းရမ်းခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်ဟာ
မာနမဲ့ ဒူးထောက်အရှံးမပေးခဲ့ဖူးဘူး။

မြေကြီးအောက်ကငှက်-
သူဟာ “အတ္တမဲ့အလင်း”
မြေကြီးအောက်ကငှက်ဟာ
ပေါ်လစီသီချင်းတွေ မဆိုခဲ့သလို
ပေါ်လစီသီချင်းတွေလည်း မရေးခဲ့ဘူး။

ပေါ်လစီစတိတ်ရှိုးစင်ပေါ်ကိုလည်း
ဘယ်တော့မှမတက်ခဲ့ဘူးလေ။

မြေကြီးအောက်ကငှက်ကို
အာဏာ၊ ငွေကြေး ၊ရမ္မက်၊ ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ 
မြှူဆွယ်လို့ မရဘူးလေ။

မြေကြီးအောက်ကငှက်ဟာ
ကမ္ဘာ့ဒုက္ခနဲ့အသည်းကွဲခဲ့ဖူးသလို
မြန်မာ့ဒုက္ခနဲ့လည်း အသည်းကွဲခဲ့ဖူးသူ။

မြေကြီးအောက်ကငှက်ဟာ
အတောင်ညောင်းလို့ အိပ်စက်ရတဲ့အခါ
ဆရာကြီးမင်းသုဝဏ်နဲ့ ဘေးချင်းယှဉ်ပြီး အိပ်စက်ရတယ်။

မြေကြီးအောက်ကငှက်ဟာ
သေနတ်များကိုလည်းခုံမင်ပြီး
နှင်းဆီပန်းများကိုလည်း စွဲလမ်းသူဖြစ်တယ်။

မြေကြီးအောက်ကငှက်ဟာ
ရှစ်လေးလုံးအရေးတော်ပုံကို ကောင်းကောင်းရင်ခုန်ခဲ့ဖူးတယ်။

အကယ်၍ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင်
မြေကြီးအောက်ကငှက်ဟာ
ရွှေဝါရောင်တော်လှန်ရေးကိုလည်း ကျိန်းသေ ရင်ခုန်ဦးမှာပဲ။

ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်ဘဲနဲ့ 
တော်လှန်ရေးလုပ်လို့ မရဘူးဆိုရင်
မမခင်ဦးစံပယ်ရဲ့
မြေကြီးအောက်ကငှက်ဟာ
တော်လှန်ရေးသမားစစ်စစ်ပေါ့။

တကယ်တော့ မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ဆိုတာ
ကောင်းကင်ကိုတောင် ငုံ့ကြည့်နိုင်စွမ်းရှိသူပေပဲ။

မြေကြီးအောက်ကငှက်ဟာ
ဘယ်လောက်တောင် ကြီးကျယ်သလဲဆိုရင်
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကိုတောင်
ရုပ်ရှင်ရိုက်ပြဦးမတဲ့။

မမခင်ဦးစံပယ်ရဲ့
မယုံမရှိနဲ့
မြေကြီးအောက်ကငှက်ဟာ
သီချင်းနဲ့ပုန်ကန်သူ
အနုပညာသူပုန်စိတ်ကြီးသူ။

မမခင်ဦးစံပယ်ရယ်
မြေကြီးအောက်ကငှက်ကို
အနာဂတ်ကလည်း နှစ်လိုပေမယ်။

သူ့ကိုဂုဏ်ပြုဖို့ 
ကျွန်တော်တို့ ဘဝ လုံခြုံအောင်လုပ်ရမယ်။

ဘဝလုံခြုံဖို့ ဆိုရင်
(၁)စစ်အာဏာရှင်စနစ်ပြုတ်ကျမှဖြစ်မယ်
(၂)ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရမှဖြစ်မယ်
(၃)ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပေါ်ထွန်းမှဖြစ်မယ်။

မြေကြီးအောက်ကငှက်ကို
လွမ်းတဲ့အခါ
“ရာဇဝင်များရဲ့ သတို့သမီး” သီချင်းနားထောင်ပါ။

အခု ကျွန်တော်သူ့ကိုလွမ်းနေတဲ့အကြောင်း
မြေကြီးအောက်ကငှက်ဆီကို
အီးမေးလ်ပို့လိုက်မယ် မမခင်ဦးစံပယ်။

ပြီးတော့ သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ဒီကဗျာ
သူ့သမီး မိကွန်ထော ဖတ်ဖို့ 
ဖက်စ်နဲ့ ပို့ရဦးမယ်။
သူ့ဇနီး သွယ်သွယ်ထွေးကိုလည်း
ကျနော်သတိရကြောင်းပြောပြပေးပါ။

မမခင်ဦးစံပယ်
ကျွန်တော်ပြန်လာတဲ့အခါ
မြေကြီးအောက်ကငှက်အမှတ်တရ
ကဗျာရွတ်ဆိုပွဲတခုလုပ်ကြတာပေါ့
သူ့သီချင်းတွေလည်းဆိုကြတာပေါ့
တချိန်ချိန်ပေါ့။

တနေ့တော့
ကျနော်တို့ လုပ်ကိုလုပ်နိုင်ရမယ်။

တနေ့
ကျနော်တို့ မုချ နိုင်ရမယ်။

အခုတော့ မစ်ရှီဂန်မှာ
လွမ်းရုံပဲ လွမ်းနိုင်သေးတာ။

မြေကြီးအောက်ကငှက်ကို အားနာတယ်။
တိုင်းပြည်ကိုလည်း အားနာတယ်။

မမခင်ဦးစံပယ်ရေ
ကောင်းကင်ပေါ်မှာ ငှက်တကောင်ရှိတယ်လေ။ ။

အောင်ဝေး
(ထူးအိမ်သင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်ရ၊ ၁၄ ဩဂုတ် ၂၀၀၈)



နှုတ်ဆက်တေး

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
ငါတို့ အသက်ကယ်လှေပေါ် ရှင်သန်နေဆဲပါ
မင်း သဘောင်္ကြီးနဲ့အတူ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရာ
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
မင်းဝိညာဉ် ကမ်းကြည့်ငှက်ကလေး ပြန်လာတဲ့အခါ
ငါတို့တနေ့ အောင်ပွဲနဲ့ ကုန်းမြေကို တွေ့နိုင်တာ။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
နောင်တချိန် ငါတို့ လွတ်လပ်စွာ မွေးဖွားခွင့်ရှိရင်
ကလေးတွေကို မင်းနာမည်ပေးမှာ အသေအချာ
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင။်
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။ ။


နှုတ်ဆက်တေး
အောင်ဝေး
သြဂုတ် ၁၄၊ ၂၀၀၈

http://sites.google.com/site/poetmyatwai/--18/--22
မှကူးယူဖော်ပြပါသည်