Changdeok Palace ချန်ဒေါက်နန်းတော် ကို ဂျိုဆောင်ခေတ် (Jeseon Dynasty) 14th Century ၁၄ ရာစုနှစ်မှာ ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ နှစ်ပေါင်း ၆၀၀ ကျော်နေပြီဖြစ်တဲ့ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တာမို့ ၁၉၉၇ ခုနှစ်မှာ UNESCO က World Heritage အဖြစ်စာရင်းသွင်းပြီး ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ သာမန်အချိန်တွေမှာ ပြတိုက်အဖြစ် နိုင်ငံခြားသားခရီးသွားများအတွက် Tourist attraction point တစ်ခုဖြစ်ပါတယ်။







Registration ကိုဖြတ်ပြီးဝင်လာတော့ လက်ဆောင်ပေးနေတဲ့နေရာမှာ တန်းစီရတဲ့လူတန်းကြီးကရှည်နေတာနဲ့ ကိုယ့် နောက်ကတန်းစီနေတဲ့ ကောင်မလေးကို ဓါတ်ပုံလေးရိုက်ပေးပါလားဆိုပြီး အမှတ်တရတစ်ပုံ ရိုက်ဖြစ်ခဲ့ပါသေးတယ်။
နောက်ပြီး အရုပ်ကြီးတွေကလည်းချစ်စရာကောင်းတာနဲ့ အမှတ်တရပေါ့ . . .



နန်းတော်အတွင်းဆောင်ကိုဝင်တော့ တံတားပေါ်မှာ အပျိုတော်လေးတွေကလည်းကြိုနေကြပါတယ်။ သူတို့လည်း ဖြတ်သွားသမျှလူတိုင်းကို ပြုံးပြနေရတာ အတော်ပင်ပန်းနေပုံရပါတယ်။ ပြုံးပြီးရပ်နေရုံပဲဆိုပေမယ့် အတော်တော့ ပင်ပန်းတဲ့အလုပ်ပဲနော်။

ိ

ပွဲမစခင် နန်းတော်ရှေ့မြေကွက်လပ်ကွင်းပြင်မှာ ကိုရီးယားရိုးရာ တော့ဂ်လို့ခေါ်တဲ့မုန့်လုပ်နည်းကို လက်တွေ့လုပ်ပြ နေပါတယ်။ ပြီးတော့ လုပ်ပြီးသားမုန့်တွေကိုလည်း အာဂျူမိုးနိ (အာဂျူးမကို ယဉ်ကျေးအောင်ခေါ်တာ) တွေက လိုက် ကျွေးနေတာမို့ ကြိုက်သလောက်စား အ၀စားလို့ရပါတယ်။ ကောက်ညှင်းနဲ့လုပ်တဲ့မုန့်ကို နဂိုကတည်းက ကြိုက်တဲ့ သူဆိုတော့ တော်တော်လေးစားဖြစ်ခဲ့ပါတယ်။




မုန့်တွေလည်းစားပြီးရော မြားပြစ်ကစားတဲ့ဆီကိုရောက်သွားပါတယ် တစ်ယောက်ကိုမြှား ၅ချောင်းပေးပါတယ်။ အဲဒီ မြားကို ရှေ့မှာချထားတဲ့သံကွင်းထဲကိုပစ်ထည့်ရတာပါ။ ၀င်တဲ့သူကို လက်ဆောင်လေးတွေပေးပါတယ်။ ကြိုးစားပြီး ပြစ်ထည့်ခဲ့ပေမယ့် တစ်ချောင်းမှမ၀င်ခဲ့ပါဘူး။ ကိုယ်တင်မ၀င်တာမဟုတ်ဘူး ဆောဂန်းတက္ကသိုလ်က ကင်ညာသူငယ် ချင်းလည်းတစ်ချောင်းမှမ၀င်ဘူး။ (သူခိုးသေဖော်ညှိတာ-ဟဲဟဲ။ လွယ်သလိုနဲ့ လွယ်မှမလွယ်တာလေ . . .)












ကိုရီးယားခရီးသွားနှစ် ၂၀၁၀-၂၀၁၂ ကိုတရားဝင်ဖွင့်လှစ်အပြီးမှာ ကိုရီးယားရိုးရာယဉ်ကျေးမှု အဆိုအတီးတွေနဲ့ ပရိတ်သတ်တွေကိုဖျော်ဖြေခဲ့ပါတယ်။ အဓိက ကတော့ ဗုံတွေကို အမျိုးမျိုး လက်စွမ်းပြတီးခတ်ကြတာပါပဲ။ ဟိုပွဲ ဒီပွဲ ကြားနေဖြစ်ပေမယ့် နားထောင်တိုင်းလည်း အမြဲဆန်းနေပါတယ်။ ခေါင်းပေါ်မှာ ဆောင်းထားတဲ့ခမောက်ပေါ်က ကြိုးစအဖြူ အရှည်ကြီးကို လှုပ်လှုပ်ပြီး ကြိုးကိုပုံဖော်ပြီးကရတဲ့ အကကတော့ လွယ်မလို နဲ့ အတော်မလွယ်တဲ့ အကတစ်ခုပါ။ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ဦးရဲ့ အသံနဲ့ သီဆိုဟန်ကလည်း တစ်ခါကြားရုံနဲ့ ကို မမေ့နိုင်စရာပါ။ ဒါကြောင့်လည်း မင်းပွဲ စိုးပွဲ နိုင်ငံတော်အခမ်းအနားမှာ ဖိတ်ကြားခံရတာပေါ့။ အမျိုးသမီးငယ်လေး တွေရဲ့ လူ ၂၀ ကျော်လောက်ကို အ၀တ်အစားအကောင်းလေးတွေဝတ်ပြီး လှပညီညာစွာ ကပြအသုံးတော်ခံသွားတာ လေးတွေလည်း ကြည့်ခဲ့ရပါတယ်။







အပြန်လမ်းမှာ အပျိုတော်လေးတွေက ရိုးရာ စက္ကူမီးအိမ်လေးတွေကိုင်လို့ နောက် နန်းတော်တွင်း အစောင့်အကြပ်တွေ နဲ့ဆိုတော့ တကယ့်နန်းတော်ရဲ့ အငွေ့အသက်ကို ခံစားစေမိသလို ချန်ဂင်ဇာတ်ကားတို့ ဂျူမုံဇာတ်ကားထဲကလို မြင်ကွင်းတွေကိုလည်း အမှတ်ရစရာဖြစ်စေခဲ့ပါတယ်။





အခမ်းအနားပြီးတော့အပြန်ဘူတာမှာ ရထားစောင့်ရင်း ဒါရိုက်တာရင်ရယ် ကိုရီးယားရဲ့ icon လေးဖြစ်တဲ့ ကမ္ဘာကျော် ရေခဲပြင်စကိတ် ချန်ပီယံ Kim Yuna (ကင်မ်ယူနာ) တို့ 2010 World Cup မှာခြေစစ်ပွဲအောင်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုရီးယားအသင်းကို Once again Korea ! (다시한번 대한민국 - ဒါရှီဟန်ဘော်န် ဒယ်ဟန်းမင်းဂု) ဆိုပြီး အားပေးထားတဲ့လျပ်စစ်ကြော်ငြာပိုစတာကြီးတွေကလည်း လှလွန်းလို့အမှတ်တရ ဓါတ်ပုံရိုက်ယူလာဖြစ်ခဲ့ပါတယ်။
Inspiring Night in Korea ဆိုသလိုပဲ မှတ်မှတ်ရရ ဆိုးလ် ညလေးတစ်ညပေါ့။



No comments:
Post a Comment