"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Friday, August 27, 2010

East Sea Tour (Day Three) Visiting Ullungdo

အူလွန်းဒိုကျွန်းခရီးစဉ် အပိုင်း (၃)

Deep sea water ထုတ်လုပ်ရာ Pana blu ကနေပြန်ထွက်လာကြပြီး ဒေါ်ဒေါက်မြစ် (더덕 ) လက်တွေ့ တူးဖော်တဲ့အတွေ့အကြုံ ရယူနိုင်ဖို့ ကျွန်းအလယ် မီးတောင်ဝချိုင့်ဝှမ်း (Basin) ထဲမှာရှိတဲ့ ဒေါ်ဒေါက်မြစ်စိုက်ခင်းဆီသို့ ခရီးဆက်ခဲ့ကြပါတယ်။ တကယ်တန်းစိုက်ပျိုးရေးမှာ အလုပ်လုပ်နေတဲ့လူတွေက သက်ကြီးရွယ်အိုတွေလို့ဆိုတဲ့အတိုင်း ပဲ စိုက်ခင်းထဲမှာ သစ်မြစ်တူးနေကြတဲ့ အဖွားတွေက အသက် ၇၀ ကျော်နေကြပါပြီ။ တရွေ့ရွေ့နဲ့ အလုပ်တော့လုပ်နိုင် အောင်ကျန်းမာနေကြတုန်းပါပဲ။ စိုက်ခင်းမရောက်ခင် သစ်ပင်ရိပ်လေးမှာ အူလွန်းဒိုမြို့တော်ဝန်က ကြိုရောက်ပြီး စောင့် နေပါတယ်။ ကျောင်းသားတွေကို ကြိုဆိုကြောင်းနဲ့ ၀မ်းသာကြောင်း သူတို့အူလွန်းဒိုကျွန်းက ခုထိ untouched beauty ဖြစ်နေသေးတဲ့အကြောင်း green island ဖြစ်နေသေးကြောင်း ဂုဏ်ယူစွာပြောပြပါတယ်။ နောက်တော့ ဒေါ်ဒေါက်ဖျော် ရည်နဲ့ ဧည့်ခံပါတယ်။ တစ်မနက်လုံးတောင်ပေါ်တွေတက်ကြ နေပူထဲမှာလျှောက်သွားထားကြတာကတစ်ကြောင်း မနက်စာမစားခင်လေး ဆာဆာနဲ့ကတစ်ကြောင်းကြောင့် ဖျော်ရည်လေးက အတော်ကို သောက်လို့ကောင်းခဲ့ပါတယ်။ အရသာကလည်းတကယ့်ကို unique taste လေးပါ။ သစ်မြစ်ကိုလတ်လတ်ဆတ်ဆတ် ကြိတ်ထားတော့ သစ်မြစ်နဲ့မွှေး မွှေးလေးနဲ့ ချိုချိုအေးအေးလေးဆိုတော့ တကယ့်ကိုလန်းဆန်း အမောပြေသွားခဲ့ပါတယ်။
သစ်မြစ်တွေမတူးခင် အပင်တွေကို ဓါးနဲ့ရမ်းပြီးရှင်းထားပြီးမှ အမျိုးသားတွေက သစ်မြစ်တွေရှိမယ့်နေရာတွေကို ခက်ရင်း ခွနဲ့လိုက်ဆွပေးပါတယ်။ အဲဒီနောက်မှ အဖွားတို့က လက်ကိုင် တလပါကော်လေးတွေနဲ့လိုက်ဖွ လိုက်တူးရပါတယ်။ အမြစ်တွေကို မထိုးမိအောင်သတိထားရတာပေါ့။ နောက်တော့ လက်တွေ့လုပ်ချင်တဲ့ကျောင်းသားတွေက လက်တွေ့ လုပ်ကြ တူးကြည့်ကြပါတယ်။ အမြစ်အရွယ်အစားအမျိုးမျိုးအလိုက်ဈေးရပါတယ်။ စာရေးသူကိုင်ထားတဲ့ အရွယ်လောက် ဆို ၀မ်တစ်သောင်းလောက်တန်တယ်ပြောပါတယ်။







စိုက်ခင်းကတက်လာတာနဲ့ နေ့လယ်စာစားမယ့်နေရာလေးကိုရောက်ခဲ့ကြပါတယ်။ ကျွန်းမှာ ဒီနေရာကပဲ မီးတောင် ချိုင့်ဝှမ်းလွင်ပြင်ဖြစ်တာမို့ မြေနေရာကျယ်ကျယ်ပြန့်ပြန့်လေးတွေ့ခဲ့ရပါတယ်။ သစ်ပင်ရိပ်အောက်မှာ ကွပ်ပျစ်ပေါ်မှာ တင်ပလင်ခွေထိုင်ပြီး ကိုရီးယားစတိုင်စားနေကြတာကိုတွေ့ရတာလည်း သဘောကျစရပါ။ မြန်မာ့ဓလေ့နဲ့သွားတူနေ တာကိုး။ ကျောင်းသားတွေအဖွဲ့ကတော့ ကြိုတင်မှာထားတာမို့ သီးသန့် အခန်းထဲမှာပဲစားခဲ့ရပါတယ်။ အပြင်မှာ လေကောင်းလေသန့်လေးရှူရင်း သဘာဝလေအေးလေးနဲ့ စားလိုက်ရရင် ပိုကောင်းမှာပဲလို့တွေးမိခဲ့ပါသေးတယ်။ အထက်တန်းကျောင်းတစ်ကျောင်းက ခရီးထွက်လာတဲ့ကျောင်းသားတွေလည်း ရောက်လာကြလို့ ဆိုင်လေးက ပြည့် ကြပ်သွားခဲ့ပါတယ်။ ကိုရီးယားမှာက မူကြိုကလေးကစပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်း သား အရွယ်စုံ အဖွဲ့လိုက် ခရီးသွားကြပါတယ်။ စာရေးသူတို့ ကိုရီးယားရောက်ကာစ ၂၀၀၈ ဒီဇင်ဘာမှာ ကစားကွင်း တစ်ခုကိုကျောင်းကလိုက်ပို့တော့ ဒီလောက် အနှုတ်ရောက်အောင်အေးနေတဲ့ ဆောင်းမှာ မူကြိုကလေးလေးတွေက သူတို့ဆရာမတွေနဲ့ ခရီးထွက်လာကြတာမြင်ရလို့ အံ့သြမဆုံးဖြစ်နေခဲ့တာကို အမှတ်ရမိပါသေးတယ်။ အရွယ်စုံ ခရီးသွားခြင်းအရသာနဲ့ ဗဟုသုတတွေကို ရှာမှီးကြတာ အတုယူစရာပါ။
အောက်ကဓါတ်ပုံမှာပါတဲ့ အရံဟင်းတွေထဲက အနီရောင်ဟင်းလျာက စောစောက ကိုယ်တိုင်သွားတူးခဲ့တဲ့ ဒေါ်ဒေါက် ကင်မ်ချီပါ။ သူတို့ကတော့ ရှိသမျှဟင်းသီးဟင်းရွက်ကို ဂိုချူးဂျန်းလို့ခေါ်တဲ့ Korean pepper paste နဲ့နယ်ပြီး Kimchi လုပ်လိုက်ကြတာပါပဲ။ ဒါကြောင့် ကင်မ်ချီအမျိုးပေါင်း ၁၃၀ ကျော်ရှိတယ် ပြောတာဖြစ်ပါတယ်။


နေ့လယ်စာလည်းစားပြီးရော ဒီနေ့နေ့လည်ပိုင်းမှာ သွားကြမယ့်နေရာက အတော်ပင်ပန်းမှာဖြစ်တာမို့ ညဖက် Concert လည်းကြည့်ကြဦးမယ်ဆိုတော့ မိမိခံနိုင်ရည်နဲ့ ချိန်ဆပြီး နေ့လယ်အစီအစဉ်ကို မလိုက်ပဲ ညနေမှ စတိတ်ရှိုး ကြည့်မယ့်သူတွေကို အခန်းမှာပြန်နားနေဖို့ အဆောင်ပြန်ပို့ပေးမယ်လို့ပြောပါတယ်။ အတော်များများက အခန်းမှာ ပြန်နားဖို့ လက်ထောင်တာမို့ ထမင်းစားပြီး ဟိုတယ်ကို အရင်မောင်းခဲ့ကြပါတယ်။ နေခဲ့မယ့်သူတွေကိုချပြီး စာရေးသူ တို့ ကွန်မင်ဒို လက်ရွေးကျန်တပ်ဖွဲ့ပဲ 약수 (ယာ့ဂ်ဆူ=ဆေးဖက်ဝင်ရေ သို့ စိမ့်စမ်းရေ) ရှိတဲ့ view point ကိုတက်မယ် ဆိုချီတက်ခဲ့ကြပါတယ်။ အူလွန်းဒိုမှာ လေးလုံးမြောက်တောင်ကိုစတက်ခဲ့ကြပါပြီ။ Cable car စီးပြီးသွားမှာဆိုပေမယ့် အဲဒီ Cable car စီးရမယ့်နေရာကိုရောက်ဖို့တက်ရတာ လျှာကိုထွက်အောင်မောပါတယ်။ လမ်းမှာ မတ်ရပ် ဗုဒ္ဓဆင်းတု တစ်ဆူကိုလည်း သပ္ပါယ်စွာဖူးတွေ့ခဲ့ရပါတယ်။ သစ်သားနဲ့လုပ်တဲ့ပစ္စည်းလေးတွေရောင်းတဲ့ဈေးတန်းလေးကလည်း ပုပ္ပါးကဈေးတန်းလေးနဲ့ အတော်ဆင်တာမို့ ပုပ္ပါးခြံမှာ ၀န်ထမ်းလုပ်ခဲ့ဘူးတဲ့ဘ၀လေးကို အမှတ်ရမိစေခဲ့ပါသေးတယ်။



Cable Car စီးရမယ့်နေရာကို ချွေးသံရွှဲရွှဲနဲ့ရောက်ခဲ့ကြပါပြီ။ အသွားအပြန်အတွက် လက်မှတ်က ၀မ် ၇၅၀၀ ပါ။ စီးရတဲ့အချိန်လေးက ငါးမိနစ်လေးပဲကြာပါတယ်။ အပေါ်ကနေဆီးကြည့်ရတဲ့ မြင်ကွင်းတွေက တော်တော်လေး လှတာ မို့ ဓါတ်ပုံတွေရိုက်ပြီး အခုလေထဲမှာရောက်နေတုန်း ဘယ်သူ့ကိုဖုန်းဆက်ကြွားမလဲစဉ်းစားလိုက်တော့ စာမေးပွဲပြီးနေ ပြီဖြစ်တဲ့ ဒေါ်ယုလေးပဲခေါင်းထဲပေါ်လာလို့ လှမ်းပြီး ဖုန်းဆက်ရင်း နှုတ်ဆက်ကြွားလေး ကြွားခဲ့မိပါသေးတယ်။ ကိုယ့် အစ်မကြီးကို အထာတွေသိ နားလည်စွာနဲ့ သီးခံပေါင်းသင်းပေးကြတဲ့ သူငယ်ချင်းလေးတွေအားလုံးကို အမြဲသတိရနေ မှာပါ။ ကြွားတာထက် ကိုယ်ရောက်သလို ကိုယ်သွားသလို ကိုယ်စားသလို သွားစေချင် စားစေချင်တဲ့စေတနာက တကယ့်ကို bottom of my heart ကလာတဲ့ စေတနာအမှန်သာဖြစ်ပါတယ်။






Cable car နဲ့တက်လာပြီး တောင်ထိပ်ရောက်သွားတော့ observatory ရောက်ဖို့က တောင်တက်/ဆင်းလုပ်ရပြန်ပါ သေးတယ်။ လာထား တက်ထားမယ်ဆို သွားလိုက်ကြတော့လည်းရောက်သွားတာပါပဲ။ မြန်မာပြည်မှာတော့ ရှုခင်း ကြည့်တဲ့နေရာလေးတွေကို အင်္ဂလိပ် လို view point လို့ခေါ်ကြပေမယ့် ဒီမှာတော့ Observatory လို့ခေါ် ပါတယ်။ အသွားမှာ အဆင်းပိုများပါတယ်။ ခြေထောက်ကို ကုပ်ကုပ်ပြီးဆင်းရတာ အပြန်ခရီးအတွက်ကြိုစဉ်းစားရင်းပေါ့။ view point ရောက်သွားတော့ မြင်လိုက်ရတဲ့ ရှုခင်းကလည်း မောခဲ့တာတွေအကုန်လုံးကို မေ့သွားစေခဲ့ပြန်ပါတယ်။ ဒါကြောင့် လည်း လူတွေ စွန့်စားကြ အပင်ပန်းခံပြီးသွားကြတာကိုးလို့ သဘောပေါက်လိုက်ပါတယ်။ အူလွန်းဒိုကျွန်းအ၀င် သင်္ဘောဆိပ်ကို လှမ်းမြင်ရတဲ့နေရာလေးဖြစ်ပြီး သင်္ဘောဆိပ်ကို သဘာဝက တောတောင်တွေနဲ့လှပစွာ ကာရံပေးထား တာကိုတွေ့ခဲ့ရပါတယ်။






သူငယ်ချင်းတွေကတော့ ကျောက်တောင်စွန်းလေးပေါ်ထိ ကုပ်ကပ်တက်ပြီး ဓါတ်ပုံရိုက်ခံနေကြပါသေးတယ်။ အရှေ့တီမော၊ အိန္ဒိယ၊ ပါရာဂွေး၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ကျောင်းသားတွေပါ။

အပြန်ခရီးမှာတော့ အဆင်းနဲနဲ အတက်များများ တောလမ်းလေးအတိုင်း ခပ်သုတ်သုတ်လှမ်းရင်း ရေဒီယိုဖွင့်ပြီး Korean classical music လေးနားထောင်ရင်းသွားနေတဲ့အဖွဲ့နောက်က ကပ်လိုက်တော့ အမောသက်သာတာပေါ့။ အဖွဲ့သား အချင်းချင်းကလည်း စောင့်ခေါ်ကြပါတယ်။ ကိုယ်က ဘိတ်ချီးတော့ဖြစ်မနေပါဘူး။ မည်သို့ပင်ဆိုစေကာမူဆိုသလိုပဲ အူလွန်းဒိုကျွန်းမှာ တောင်လေးလုံးအောင်မြင်စွာ တက်နိုင်ခဲ့တာကိုတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့မိပါတယ်။

Cable car နဲ့ပြန်ဆင်းအလာ တောင်ခြေမှာရှိတဲ့ Dokdo Museum ကိုဝင်လေ့လာခဲ့ပါတယ်။ ဒီပုံလေးကတော့ဒုတ်ဒိုပြ တိုက်ရှေ့မှာအမှတ်တရနဲ့ ကွန်မန်ဒိုလက်ရွေးကျန်အဖွဲ့အမှတ်တရအဖွဲ့လိုက်ပုံလေးတွေပါ။


ပြခန်းထဲမှာတော့ ကိုရီးယားနဲ့ ဂျပန် ဒီကျွန်းကို ကျွန်တော်မျိုးတို့သာပိုင်သင့်ပါတယ်ဆိုပြီး အငြင်းပွားမှုမှာ ကိုရီးယားဘက်ကို အသာရစေတဲ့ သမိုင်းဝင် အထောက်အထားမြေပုံတွေကို ပြတိုက်မှူး အမျိုးသမီးက သေချာရှင်းပြ ခဲ့ပါတယ်။ ဒီကျွန်းလေးကို မနက်ဖန်ရောက်ဖူးတော့မှာမို့ မနက်ဖန်ဝတ်ဖို့ ဒုတ်ဒိုအမှတ်တရတီရှပ်တွေလည်း ၀ယ်တဲ့သူတွေလည်း အများကြီးပါ။ Seeing is believing. ဆိုတဲ့အတိုင်း မနက်ဖန် မြင်ခွင့် ခြေချခွင့်ကြုံတော့မယ့် ကျွန်းငယ်လေး ရဲ့ သမိုင်းကြောင်းကို ကြိုတင်သိခွင့်ရတာကို ၀မ်းသာစွာနဲ့ပဲ ပြတိုက်ထဲလှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။




ပြတိုက်ကထွက်လာကြတော့ လာကြိုမယ့်ကားကထွက်မလာသေးလို့ တောင်အောင်မဆင်းသေးပဲ ပြတိုက်ရှေ့က ခုံလေးတွေမှာထိုင်လိုက်ကြတယ်ဆိုရင်းပဲ တနေ့တာပင်ပန်းမှုက ဇာတိပြပါတော့တယ်။

ဆင်းခဲ့ရင်ရပြီလို့ဖုန်းသတင်းလဲဝင်လာရော ခနလေးထိုင်နားလိုက်ရတော့ ပြန်အားပြည့်လာတာနဲ့ပဲ တောင်အဆင်းမှာ သူများထက်အရင် ခပ်သွက်သွက်ဆင်းလာခဲ့ပါတယ်။ အတက်တုန်းက သူများတွေမှီအောင် အတင်းကုန်းပြီးတက်နေရ လို့ သေချာဓါတ်ပုံမရိုက်နိုင်ခဲ့တဲ့ မတ်ရပ်ဆင်းတုတော်ကိုဓါတ်ပုံရိုက်ဖို့ စဉ်းစားထားလို့လေ။


ဘုရားဆင်းတုတော်ထုလုပ်ထားတဲ့လက်ရာက အတော်ကိုသပ္ပါယ်လှသလို ဘုရားခြေရင်းက ခြင်္သေ့တွေကလည်း ခြင်္သေ့ နဲ့တူလှပါတယ်။ တခြားဘုရားစူးခြင်္သေ့ရုပ်တုတွေလည်းတွေ့ဖူးထားတာမို့ပါ။ ခုတော့ စာဖတ်သူတွေလည်း ကိုရီးယား မှာ ခြင်္သေ့ကို အထီးအမ ဘယ်လိုခွဲတယ်ဆိုတာ သိနေလောက်ပါပြီနော်။ အရင် post တစ်ခုမှာရေးဖူးခဲ့တယ်လေ။



လိပ်လေးရဲ့ ပါးစပ်ကထွက်နေတဲ့ သဘာဝစမ်းရေလေးပါ။ စမ်းရေအေးအေး အမောပြေသောက်သုံးနိုင်ကြပါတယ်ဆို ပေမယ့် ကြီးကျယ်တာတော့မဟုတ်ပေမယ့် ငယ်ငယ်ကတည်းက ရေကျက်အေးပဲသောက်လာခဲ့တော့ ရေစိမ်းကို မသောက်တတ်တော့တာတော့အမှန်ပါပဲ။ အမြဲတမ်းအပင်ပမ်းခံပြီး တစ်အိမ်လုံးကို ရေကျက်အေးသာ သောက်စေခဲ့တဲ့ အမေ့ကို ကျေးဇူးပါမေမေ . . .

ဒါကတော့ ကျောက်ဖြစ်နေတဲ့ပန်းပွင့်တွေပါ။ ရှင်းပြမယ့်သူလည်းရှိမနေတော့ သမိုင်းကြောင်းမသိခဲ့ရပေမယ့် ထူးဆန်းစွာ ငွေရောင်တွေတောက်ပြီးလှနေတာတော့ အမှန်ပါ။
ဒီအန်းကုန်းရုပ်တုတွေတွေ့တိုင်း သဘောကျလွန်းလို့ ဘ၀မှာ အမြဲရယ်မောနေနိုင်တဲ့သူဖြစ်ရပါစေလို့ ဆုတောင်းဖူးပါရဲ့

ညစာကို သင်္ဘောဆိပ်တစ်ဝိုက်က ဆိုင်မှာပဲစားမှာမို့ပြန်ဆင်းအလာမှာ ညစတိတ်ရှိုးပွဲအတွက် အဆင်သင့်ဖြစ်နေတဲ့ Stage ခုံကို ပင်လယ်ပြင်နောက်ခံနဲ့ အကြိုဓါတ်ပုံရိုက်ခဲ့ပါတယ်။ နောက်မှာ စက်သမားကလည်း အဆင်သင့်ပြင်နေပါပြီဒ ဒီကပွဲတွေမှာတော့ နောက်က စက်ခုံထိုင်တဲ့ ပညာရှင်ရဲ့ ကဏ္ဍက အတော့်ကိုအရေးကြီးပါတယ်။ မီးဆလိုက်တွေ ကင်မရာရွေးချယ်ပြသတာတွေ တခြား effect တွေထည့်တာကအစ သူပဲခလုပ်နှိပ်ရတာဆိုတော့လေ . . .

ညနေစာစားမယ့်ဆိုင်ကိုရောက်ခဲ့ကြပါပြီ။ ဆိုင်နံမည်ကြည့်လိုက်တယ်ဆိုရင်ပဲ ကိုယ်တို့တော့ သွားပြန်ပြီဆိုတာသိလိုက် ရပါတယ်။ အူလွန်းဒိုစပါယ်ရှယ်အမဲသားကင်ဆိုင်မို့ပါ။ အမဲသားကလည်း ဆေးဘက်ဝင် အပင်တွေကျွေးပြီးမွေးထားတဲ့ 약소 (ယာ့ဂ်ဆို=ဆေးဘက်ဝင်အမဲသား) ကိုမှ ရိုးရိုး gas မီးနဲ့ကင်တာမဟုတ်ပဲ မီးသွေးမီး (숯불) နဲ့ကင်ရောင်းတဲ့ဆိုင် ပါ။ အကုန်လုံးက Special တွေချည်းဆိုတော့ ဈေးကလည်း Special နေမှာပါပဲ။ အမဲသားမစားတဲ့အဖွဲ့လေးမှာတော့ ဘီဘင်မ်ဘတ်ဘ်လေးနဲ့ ကြက်ဥကြော်လေးနဲ့ပဲ နှစ်ပါးသွားခဲ့ရပါတယ်။


ကဲ- မနေ့ကတည်းက သတင်းကြားကတည်းက ကြည့်ကြမယ်ဟေ့ဆိုအားခဲထားတဲ့ Stage Show အစီအစဉ်အချိန်ကျ ရောက်တော့မှာမို့ ဇာတ်စင်ဆီအပြေးချီတက်ခဲ့ကြပါတယ်။ အဖွင့်သီချင်းတောင် စနေပါပြီ။ ပရိတ်သတ်ထဲက လူတစ်ချို့ ကိုဖိတ်ခေါ်ပြီး စခဲ့တဲ့ warming up လေးအပြီးမှာတော့ Latin music band တစ်ခုနဲ့စဖွင့်ပါတယ်။ ဒီခရီးစဉ်စထွက် လာကတည်းက ယဉ်ရပ်နားစခန်းတစ်ခုမှာ တီးပြနေတဲ့ လက်တင်သီချင်းတွေကို နားထောင်ရင်း အမှတ်မထင်လေးဖြစ် သွားခဲ့တာကနေ ခုတော့တိုက်တိုက်ဆိုင်ဆိုင် ၀တ်စုံပြည့်နဲ့ Grand Stand ဖျော်ဖြေတာကို နားထောင်ခွင့်ရခဲ့ပါတယ်။ အာဖရိကန်ဝတ်စုံတွေနဲ့ ပင်လယ်နောက်ခံနဲ့ ထူးဆန်းစွာလိုက်ဖက်နေတဲ့ တေးသွားကတော့ ရက်ပေါင်းများစွာ ရင်ထဲ စွဲငြိနေခဲ့ပါတယ်။ ပါလာတဲ့ ကင်မရာလေးနဲ့ တစ်မိနစ်ခွဲစာလောက် video ရိုက်လာခဲ့ပေမယ့် အခု post မှာတင်မရလို့ နောက်မှ တနေရာရာမှာ တင်ပြီး link လေးပေးပါဦးမယ်။ သုံးပုဒ်ဆိုတာမှာ ပထမတစ်ပုဒ်က တကယ့် no two အရသာ ကိုပေးစွမ်းခဲ့သလို တတိယတစ်ပုဒ်ကလည်း နံမည်ကြီး African movie "Mr. Bone" ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ် ကိုတီးမှုတ်ဖျော်ဖြေသွားတာပါ။ ဇာတ်ကားကိုလည်းကြည့်ဖူးထားတော့ သီချင်းလေးက ထပ်မံ heart ထိစေပြန်ပါတယ်။
လက်တင်အဖွဲ့သီဆိုမှုပြီးတော့ အူလွန်းဒိုရဲ့ နောင်တစ်ခေတ်ရဲ့အောင်စစ်သည်လေးများရဲ့ တိုက်ကွမ်ဒိုစွမ်းရည်ပြကွက် တွေပါ။ အရွယ်လေးတွေနဲ့မမျှ တော်ကြပါပေတယ်။ ကိုယ်ကတော့ ဘာအားကစားမှမရတဲ့သူဆိုတော့ မြင်မြင်သမျှ သြချနေရတာချည်းပါပဲ။ အဲဒီနောက် လှပျိုဖြူလေးများရဲ့ ဗုံတီးတဲ့အစီအစဉ်၊ နောက် စကပ်တိုမလေးသုံးယောက်ရဲ့ တယောနဲ့သီချင်းဆိုတဲ့အစီအစဉ် အားလုံးအပြီးမှာတော့ အများမျှော်လင့်နေတဲ့ YB အဖွဲ့ရဲ့ အလှည့်ရောက်လာခဲ့ပါ တော့တယ်။ ရိုးရိုးသားသားဝန်ခံရရင်တော့ သူများ YB လို့သာ လိုက်ဘီလိုက်ရပေမယ့် လွန်ခဲ့တဲ့ ၅နှစ်လောက်က လျှမ်းလျှမ်းတောက်ခဲ့ပေမယ့် အခုသူ့သီချင်းတွေခေတ်စားမနေတော့ နားထဲရင်းနှီးမနေလို့ သိပ်မခံစားတတ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မြန်မာပြည်မှာဆို ဘယ်ပွဲမဆိုမြနန္ဒာနဲ့ဇာတ်သိမ်းသလို ဒီမှာလည်းဘယ်ပွဲမဆို 아라랑 (အာရီရံ) နဲ့ ပွဲသိမ်းလေ့ရှိပါတယ် ဒါပေမယ့် ဒီပွဲတော်ကို နံမည်ကိုက 독도아리랑 (ဒုတ်ဒို အာရီရံ) လို့နံမယ်ပေးထားတာကြောင့် ဒီအာရီရံသီချင်းက မဖြစ်မနေကိုဆိုရမှာဖြစ်ပါတယ်။ ချန်ဂင်ဇာတ်ကားထဲက ဇာတ်ဝင်တေး မဟာဂန္ဓ၀င်တေး လည်း ဖြစ်ပါ တယ်။ ဒီသီချင်းကို အဆိုတော်အမျိုးမျိုးက မိမိတို့စိတ်ကြိုက် version အမျိုးမျိုးနဲ့ဆိုနေလိုက်ကြတာ အခုလည်း rock လုပ်ပြစ်လိုက်တာမှ ပီးရော ပီးရောလို့ အော်နေဖို့ပဲကောင်းပါတော့တယ်။

ကဲ- ပွဲတစ်ပွဲဆို အိမ်ကဘယ်လောက်ပြောပြော ပတ်စာခွာဖျာသိမ်းထိကြည့်ရမှကျေနပ်တဲ့သူ အခု ဒီပွဲမှာလည်း ပတ်စာခွာ ဖျာသိမ်းမှပဲ လူတွေပြန်စုပြီး ဟိုတယ်ပြန်လာခဲ့ကြပါတော့တယ်။ အဆိုတော်အဖွဲ့နဲ့ ဧည့်သည်ဆရာတော် တစ်ချို့လည်း ဒီဟိုတယ်မှာပဲတည်းတာမို့ အခွင့်အရေးလက်လွတ်မခံတတ်တဲ့သူတွေ ဖိုးကျိုင်းတုတ်ဖြစ်ခဲ့ရပါသေးတယ်။ မနက်ဖန် ဒုတ်ဒိုသွားရမှာမို့ မနက် ၈နာရီအပြီး Check out လုပ်ဖို့ပြောထားလို့ စောစောအိပ်သင့်ပေမယ့်လည်း တနေကုန်တောင်တက် ပွဲကြည့်ပြီး ပင်ပန်းထားတာတောင် ရေမိုးချိုးပြီး မလျော့သောဇွဲနဲ့ ဘုရားကို အရှည်ပြီးအောင် ရှိခိုးအပြီး (တစ်ခါတစ်လေ အခြေအနေပေါ်မူတည်ပြီး ဘုရားကို အတိုရှိခိုးလေ့ရှိပါသည်) ညတစ်နာရီခွဲလောက်မှာ အိပ်လိုက်တာ မာမာအေးသီချင်းထဲကလို ခေါင်းဦးနဲ့ ခေါင်းနဲ့မထိခင် အိပ်ပျော်သွားရပါတယ်ရှင် ပေါ့ ...

(နောက်နေ့ ဒုတ်ဒို ခရီးစဉ်ကို ဆက်လက်ဖတ်ရှုပါရန်၊)