"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Monday, August 23, 2010

East Sea Tour (Day Four) A Visit to Dokdo

အရှေ့ပင်လယ်သို့ ခရီးတစ်ခေါက် (စတုတ္ထနေ့) ဒုတ်ဒိုကျွန်းသို့

East Sea Tour ခရီးစဉ်စတုတ္ထနေ့နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ July 30 ရက်နေ့မှာ တည်းခိုရာဟိုတယ်ကနေ မနက်စော စာ စားအပြီး မနက် ၈နာရီမှာ Check out လုပ်ကြရမယ်လို့ပြောထားတာကြောင့် ညက Concert ကိုပတ်စာခွာ ဖျာသိမ်း တဲ့အထိ ကြည့်ပြီး ည ၁နာရီကျော်မှ အိပ်တာကို မနက်ကျတော့ နေမြင့်အောင်မအိပ်နိုင်ပဲ အစောကြီးထ တစ်ယောက် တစ်လှည့်ရေချိုးနေတုန်း အပြင်ကတံခါးလာခေါက်သံကြားလို့ ညီမလေး Juliana တံခါးသွားဖွင့်သံ စကားပြောသံ တစ်ချို့ကြားပါတယ်။ နောက်တော့ ဂျူလီယာနာက အစ်မရေ ရာသီဥတုမကောင်းလို့ ဒုတ်ဒိုမသွားဖြစ်တော့ဘူး Trip Cancel လို့လာပြောတာလို့ လာအော်ပြောတော့ တက်ကြွနေတဲ့လူကို မောသွားတာပါပဲ။ တစ်နှစ်မှ ရက် ၅၀လောက်ပဲ သွားဖို့အဆင်ပြေတဲ့ ကျွန်းလေး၊ ကိုရီးယားလူမျိုးအများစုတောင် မရောက်ဖူးတဲ့ အရမ်းသွားချင်ကြတဲ့နေရာကို ကိုယ်က သွားခွင့်၊ ရောက်ခွင့်ကြုံတော့မှာမို့ အပျော်လွန်နေတဲ့စိတ်လေးလည်း ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားပါတော့တယ်။ ရာသီဥတုက မနေ့ကတော့ ကြည်လင်တောက်ပနေလိုက်တာ။ ဒီနေ့မိုးတော့နဲနဲအုံ့တာပေါ့။ သွားလည်းဖြစ်ပါတယ် သွားလိုက်တာမဟုတ်ဘူး ဆိုပြီး ကိုယ်ကတော့ ဘာသိတာမှတ်လို့ သွားချင်တာပဲသိတဲ့သူဆိုတော့ အဲလိုပြောဖြစ်ခဲ့ပါ သေးတယ်။ ဒါပေမယ့် သင်္ဘော Captain နဲ့ ဒေသခံတွေက မသွားသင့်ဘူးဆုံးဖြတ်တော့လည်း ဘာတတ်နိုင်မှာလည်း နော်။ သူတို့က သူတို့ဒေသအခြေအနေနဲ့ ရာသီဥတုအပြောင်းအလဲကို သူတို့အသိဆုံးဖြစ်မှာပေါ့။ သူတို့ခမျာ နိုင်ငံခြားသား ကျောင်းသူ/သားတွေကို တာဝန်ယူပို့ပေးရမှာ တစ်ခုခုများဖြစ်ခဲ့ရင် နဲနဲနောနောတာဝန်ကြီးတာ မဟုတ်ဘူး လေးဆိုပြီး စီစဉ်တဲ့သူတွေဘက်ကပြန်တွေးပေးပြီးတော့ပဲ စိတ်ကိုလျှော့ထားလိုက်ရပါတယ်။

ကဲ- နိုးနေမှတော့မထူးဘူးဆိုပြီး ပြင်ဆင် ထုတ်ပိုးပြီး Breakfast စားဖို့ ပင်မဆောင်ရှိရာ တောင်ခြေဖက်ကို ဆင်းလာခဲ့ ကြပါတယ်။ တရုတ်သူငယ်ချင်းမလေး နှစ်ယောက်လည်း ကိုယ်တို့လိုပါပဲ စိတ်ပျက်လက်ပျက်နဲ့ ဆင်းလာတာတွေ့လို့ ရာသီဥတုကိုပဲ စိတ်တိုရင်း မနက်စာအတူစားပြီး ဒီနေ့အတွက်အစီအစဉ်က Dokdo ကိုသွားကြဖို့ပဲဖြစ်ပြီး ဟိုဘက်ကမ်း ပြန်ဖို့ သင်္ဘောချိန်က ညနေ ၅နာရီ ၅၀ မိနစ်မို့ တနေကုန် ဘယ်လိုအချိန်ဖြုန်းရပါ့စဉ်းစားရင်း အင်တာနက်သုံးဖို့ အင်တာနက်ခန်းရှိတဲ့ ဒုတိယလွှာကိုတက်လာခဲ့ပါတယ်။ ကွန်ပျူတာက နှစ်လုံးတည်းမို့ ကိုယ့်အလှည့်ရောက်ဖို့က တန်းစီစောင့်ရပါတယ်။ ကိုယ့်အလှည့်ရောက်တော့ Email စစ်ရင်း gmail account မှာ မီးလင်းနေတဲ့ သူငယ်ချင်း အချို့ကို နှုတ်ဆက်ရင်း ဒီနေ့ခရီးစဉ်ပျက်သွားကြောင်းနဲ့ စိတ်ညစ်ကြောင်း အလာပ သလာပပြောနေခဲ့ပါတယ်။ အရေး ကြီး စာအချို့ဖွင့်ဖတ်၊ စာပြန်လုပ်နေတုန်း အင်တာနက်ကို စောသုံးပြီး စောပြန်သွားတဲ့ ညီမလေးဂျူလီယာနာက ဖုန်းလှမ်း ဆက်ပါတယ်။ အစ်မရေ အခန်းမြန်မြန်ပြန်လာခဲ့ပါ။ အခု ၁၅မိနစ်အတွင်း Check out လုပ်ရမယ်။ Dokdo သွားဖြစ်သွားပြီလို့ အခန်းတွေကိုဖုန်းဆက်တယ်လို့လှမ်းပြောတော့ လူဆိုတာ ပျော်သွားလိုက်တာ မပြောပါနဲ့တော့။ စောစောကခရီးစဉ်ပျက်သွားတာ ကောင်းတယ် ၀မ်းသာတယ်လို့ စိတ်ပုတ်နဲ့ပြောတဲ့သူငယ်ချင်းကိုလည်း ဟေး-ဒုတ်ဒို သွားဖြစ်သွားပြီကွ၊ ခုသွားတော့မယ်၊ ဘာရမလဲ DSMT ပါဆိုမှ၊ ဘုန်းနဲ့ ကံနဲ့ရွှေသဇင်ပါဆို စာရိုက်ပြီး မခံချင်အောင် ကလိခဲ့ပြီး အခန်းရှိရာ အဆောင်ကို အပြေးပြန်တက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်လေဆိုပြီး အပြီး အစီးထုတ်ပိုးခဲ့ပြီးသားမို့ ကိုယ့်အခန်း ရောက်တာနဲ့ စောင့်နေတဲ့ ညီမလေးနဲ့ ဥဇဘက်က သူငယ်ချင်းနဲ့အတူ အထုတ်ကိုဆွဲဆင်းလာရုံပါပဲ။

အဖွဲ့သားအားလုံးပဲ ပျော်ရွှင်တက်ကြွစွာနဲ့ ကမန်းကတန်းအထုတ်တွေဆွဲဆင်းလာကြတာ ကောင်မလေးတစ်ယောက် ဆို ဆံပင်တောင်ခြောက်အောင်မသုတ်နိုင်ပဲ မျက်နှာပြောင်နဲ့ဆင်းလာတာတွေ့ရပါတယ်။ သူလဲကားပေါ်ရောက်မှ ဆံပင်ခြောက်အောင်သုတ် မိတ်ကပ်လိမ်းလုပ်ရပါတယ်။ အမှတ်တရလေးတွေပေါ့။ အရေးကြီးပါတယ်ဆိုမှ မသွား ဖြစ်တော့ဘူးဆိုပြီး အနီးအနားကတောင်ပေါ်ကိုတက်သွားတယ်ဆိုတဲ့ ကုလားသူငယ်ချင်းတစ်ယောက်ကို စောင့်ရပါ သေးတယ်။ အဖွဲ့နဲ့သွားရင် ဆင်ခြင်ဖို့တွေပေါ့။ အဖွဲ့ကို ဘယ်တော့ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်သူကို အသိပေးအကြောင်းကြားပြီးမှ သွားသင့်လုပ်သင့်ပါတယ်။ ၁၅မိနစ်လောက်စောင့်လို့မှရောက်မ လာနိုင်တဲ့အဆုံး စိတ်မကောင်းစွာနဲ့ သူ့ကိုထားခဲ့ရတော့မှာပဲဆို ကားမောင်းထွက်လာမှ ဟိုတယ်အပေါက်ဝအပြင်ဘက် လမ်းပေါ်မှာ မောင်မင်းကြီးသားက ချွေးသံရွှဲရွှဲနဲ့ ပြေးလာနေတာတွေ့လို့ခေါ်တင်ခဲ့ရပါတယ်။

ဒီလိုနဲ့ သင်္ဘောဆိပ်ကို အပြေးမောင်းခဲ့ကြတော့ အဆင်သင့်စောင့်နေတဲ့ သင်္ဘော Captain နဲ့
အူလွန်းဒိုကျွန်းရဲ့ မြို့တော်ဝန် (Mayor of Ullungdo Island) တို့က သင်္ဘောအောက်မှာ အဆင်သင့်စောင့်ကြိုနေကြတာတွေ့တော့ အားနာ လိုက်တာ။ နောက်ပြီး ရုပ်မြင်သံကြားကင်မရာတွေကလည်း နေရာအတော်များများကနေ ချိန်ပြီးရိုက်နေ ကြတာတွေ့ လိုက်မှ ဟ- ငါတို့တကယ့် VIP တွေဖြစ်နေပါပေါ့လားဆိုပြီး စိတ်ကြီးဝင်မိခဲ့ပါသေးတယ်။ (နောက်မှသိရ တာက KBS ရုပ်မြင်သံကြားနဲ့ Arirang TV ကအဖွဲ့တွေလည်း ကျောင်းသားအဖွဲ့တွေနဲ့အတူပါလာပြီး KBS Channel ကနေ ဒီ - ဒုတ်ဒိုကျွန်းခရီးစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်တဲ့) ကက်ပတိန်နဲ့ မြို့တော်ဝန်ကို ကျေးဇူးတင်ကြောင်းပြော လက်ဆွဲနှုတ်ဆက်ပြီး သင်္ဘောပေါ်တက်ခဲ့ကြပါတယ်။ အဖွဲ့သားတွေလည်း စုံတာနဲ့ သင်္ဘောက စထွက်ပါတော့တယ်။ စီစဉ်ထားတဲ့အချိန်ထက် ၁နာရီခွဲကျော်လောက်နောက်ကျပေမယ့် အားလုံး အဆင်ပြေ ချောမောစွာခရီးစခဲ့ပါတော့တယ်။ ဒီတစ်ခါ သင်္ဘောလေး (High speed boat) က အပြတ်သားနား ပါတယ်။ အထဲမှာ လည်းလေယဉ်လိုပါပဲ။ တောသားလို့ပြောချင်လည်းပြော ခုမှ ဒီတစ်ခါ ဒီလိုအကောင်းစားလေးစီးဘူးတာဆို တော့နဲနဲတော့ကြွားရမှာပဲလေ။ နံနက် ၁၀နာရီ ၁၅မိနစ်မှာ သင်္ဘော စထွက်တာနဲ့ မြို့တော်ဝန်က ဂုဏ်ယူကြောင်း ကြိုဆိုကြောင်း မိန့်ခွန်းတိုလေး ပြောပါသေးတယ်။ သူလည်းမိန့်ခွန်းပြောပြီးတာနဲ့ အပြင်ထွက်လို့ရလားလို့ သင်္ဘော ၀န်ထမ်းတစ်ယောက်ကို မေးလိုက်တော့ ရတယ်ဆိုတော့ အပြင်ထွက်ပြီး ပင်လယ်ကြီးကို ကြည့်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ အပျော်တွေကလည်း မျက်နှာပေါ်မှာ မဖုံးနိုင် မဖိနိုင်အောင်ပါပဲ။


သင်္ဘောနောက်ဖျားမှာ ကျန်ခဲ့တဲ့လှိုင်းအလှနဲ့တူ ကျန်ခဲ့တဲ့အူလွန်းဒိုကျွန်းမြင်ကွင်း




နဲနဲဝေးလာတော့ ကမ်းမမြင် လမ်းမမြင်ဖြစ်လာတဲ့ ပင်လယ်ကြီးရဲ့ အလှကိုခံစားရင်း


ရောက်ဖူးချင်လွန်းလှတဲ့ ဒုတ်ဒိုကျွန်းလေးကိုမြင်ရပါပြီ။ ဒီလောက်မြန်တဲ့နှုန်းနဲ့မောင်းတာတောင် နှစ်နာရီခွဲလောက်ကြာပါတယ်။ နေ့လယ် ၁၂ နာရီ ၄၀ လောက်မှာရောက်ပေါတယ်။ အစီအစဉ်ပျက်သွားပြီဆိုတာကနေ ရုတ်တရက် ကောက်ကာငင်ကာထလာဖြစ်လို့ စီစဉ်သူတွေအဖွဲ့က sea sick အတွက်ဆေးကြိုမတိုက်ခဲ့နိုင်လို့ တချို့လူတွေ အတော်လေး မူးကြ အံကြပါသေးတယ်။ အိတ်တွေထဲမှာ အမြဲထည့်ထားတတ်တဲ့ မြန်မာပြည်ကပါလာတဲ့ B6 ဆေးဝါ လေးတွေသောက်ထားလို့ လှိုင်းမမူးခဲ့လို့ တော်ပါသေးရဲ့။ ကမ်းကပ်ခွင့်မရတော့ လှည့်ပတ်ဓါတ်ပုံတွေရိုက်ရင်း အားလုံးစုပေါင်းပြီး 독도는 우리땅! (ဒုတ်ဒိုနွန်း အူရီတန်းင်) လို့ အားရပါးရအော်ခဲ့ကြပါတယ်။ ဒုတ်ဒိုသည် ငါတို့မြေလို့ အဓိပ္ပါယ်ရပါတယ်။


ကျွန်းလေးက သေးရတဲ့အပြင် 동도 ဒုံဒို (အရှေ့ကျွန်း)နဲ့ 서도 ဆောဒို (အနောက်ကျွန်း)ဆိုပြီး ၂ပိုင်းက ကွဲနေလိုက်ပါသေးတယ်။ သာမန်ကိုရီးယားနိုင်ငံသား ၃ဦးပဲနေထိုင်လျက်ရှိပါတယ်။ အဖိုးကြီး အဖွားကြီး လင်မယား နှစ်ယောက်နဲ့ မီးပြတိုက် စောင့်တစ်ယောက်တို့ဖြစ်ပါတယ်။ ကျန်တဲ့ ကျွန်းစောင့်တပ်ဖွဲ့ကတော့ရှိတာပေါ့။ ဂျပန်နဲ့ ကိုရီးယားနှစ်နိုင်ငံ သူပိုင်တယ် ကိုယ်ပိုင်တယ် အငြင်းပွားနေရလောက်အောင် ဘာများမက်စရာရှိလဲလို့ မေးမိခဲ့ပါသေးတယ်။ လူတောင်နေလို့မဖြစ်တဲ့ ကျွန်းပေါက်စလေးပေမယ့် တန်ဘိုးထားတတ်တဲ့လူတွေ အတွက်တော့ အလွန်အဖိုးတန်ပါတယ်။ ဒုတိယ ကမ္ဘာစစ် မှာတုန်းက စစ်ရေးအရ အရေးပါတဲ့ကျွန်းလေးဖြစ်ခဲ့ပြီး အခုဒီကျွန်းလေး ကိုပိုင်ရင် ငါးဖမ်းလုပ်ငန်းကောင်းကောင်း လုပ်နိုင် မယ့်နေရာဖြစ်ပြီး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေထွက်ဖို့အလား အလာ ရှိတဲ့ကျွန်းလေးဖြစ်တယ်လို့ဆိုပါတယ်။


독도는 우리땅! (ဒုတ်ဒိုနွန်း အူရီတန်းင်) လို့အော်နေကြတာ


လိုက်ပို့ပေးကြတဲ့ KOIS (Korea Information and Tourism Service) ကအဖွဲ့သားတွေပါ။ သူတို့လည်း ခုမှအတူတူရောက်ဖူးကြတာပေမယ့် သူတို့ကိုယ်တိုင် ဓါတ်ပုံအရိုက်ခံဖို့အရေးထက် ကျောင်းသားအဖွဲ့တွေကို မှတ်တမ်းတင်ဖို့ကပိုအရေးကြီးနေတာမို့ သူတို့အဖွဲ့ကို ကိုယ်က ဓါတ်ပုံအရိုက်ခံရင်းကနေ ပြန်ပြီးမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ယူလာခဲ့ပါတယ်။


ညီမလေး ဂျူလီယာနာနဲ့အတူအမှတ်တရ

KBS ရုပ်မြင်သံကြားက ပင်တိုင်အဆိုတော်မလေးတွေလို့ပြောပါတယ်။ ဒါကြောင့်အလန်းစားလေးတွေဖြစ်နေတာကိုး။

ဒုတ်ဒိုကျွန်းလေးကို ထောင့်အမျိုးမျိုးက ဓါတ်ပုံတွေ ရိုက်ယူခဲ့အပြီးမှာတော့ . . .


နှုတ်ဆက်ခဲ့ကြပါပြီ။ Good Bye Dokdo! See you once again!

အပြန်ခရီးမှာ စီစဉ်လာတဲ့ နေ့လည်စာဘူးလေးတွေဝေပေးပါတယ်။ ဂျာကင်အ၀ါနဲ့ လူကြီးက Tourism ကဌာနမှူး ကြီးပဲ။ သူလည်း အခုမှ ကျောင်းသားအဖွဲ့ကိုပို့ရင်း ရောက်ဖူးတာတဲ့။


အူလွန်းဒိုကို ညနေ ၃နာရီ ၅၅ မှာပြန်ရောက်ခဲ့ကြပါပြီ။ ပင်လယ်ခရီး ၅နာရီခွဲလောက်သွားခဲ့ပြီးအပြန်ထိ လန်းဆန်းနေသေးတဲ့ ကိုယ့်ကိုယ်ကို ပြန်ကျေးဇူးတင်မိပါတယ်။


ဟိုဘက်ကမ်းကိုပြန်ဖို့ ဆိပ်ကမ်းမှာပါ။ အပြန်ခရီးမှာစီးရမယ့် ဒီဇိုင်းဆန်း Speed Boat လေးနဲ့အတူ။
(နောက်မှ Marine Technology နဲ့ Master ပြီးလို့ပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးကြည့်လိုက်တော့ ဒီကောင်လေးကို Trimaran လေးလိုကခေါ်ပါတယ်တဲ့။ ဗဟုသုတပေါ့နော်။ အရှိန်မြန်သလောက် ရေပြင်ကိုခွဲသွားဖို့ ဆောက်ထားတဲ့ ကကြီးပုံဒီဇိုင်းလေးနဲ့ မှောက်မှာမစိုးရိမ်ရတာ ကလေးတောင်သိနိုင်ပါတယ်။ Balance လည်းကောင်းပြီး ငြိမ်နေတာပါပဲ။

အူလွန်းဒိုကနေ ညနေ ၅နာရီ ၅၀မှာစထွက်ခဲ့ပါတယ်။ ဒုံဟဲဘက်က ဆိပ်ကမ်းကို ည ၈နာရီ ၁၅မှာရောက်ပါတယ်။ ရောက်ရောက်ချင်း Seoul ကိုခရီးတန်းဆက်မှာဖြစ်လို့ သင်္ဘောမကပ်ခင်ကတည်းက အပေါ့အပါးသွားထားကြဖို့ လာသတိပေးထားပါတယ်။ စီစဉ်သူတွေတော်ကြပါတယ်။ တကယ့်ကို လိုလေသေးမရှိပါပဲ။ သောက်ရေဘူးတို့ စားစရာ ပေါ့ပေါ့ပါးပါးလေးကဝေပေးပါသေးတယ်။ ဒီနေ့ ရေပြင်ခရီးကိုပဲတွက်ကြည့်လိုက်ရင် စုစုပေါင်း ၈နာရီ ၁၀မိနစ်ရှိပါတယ်။
လန်းလန်းဆန်းဆန်း ကားဆက်စီးနိုင်သေးတဲ့ ကိုယ့်ကိုကိုယ်လည်းအံ့သြမိပါရဲ့။ ကားရပ်နားစခန်းမတိုင်မှီမှာ တစ်ယောက်ကို ညစာအတွက် ၀မ် ၁၀၀၀၀ စီထုတ်ပေးမှာဖြစ်ပြီး မိနစ် ၃၀အတွင်းစားပြီး ပြန်ခဲ့ကြဖို့မှာလိုက်ပါတယ်။
ဒီတော့ ပူပူနွေးနွေး ကင်မ်ချီခေါက်ဆွဲ (김차우동-ကင်မ်ချီအူဒုံ) လေးစားပြီး ပဲနို့နွေးနွေးလေးတစ်ပုလင်းနဲ့ ပြောင်းဖူး ရေနွေးကြမ်း (옥수수차- အုတ်စူးစူးချား) တစ်ပုလင်းဝယ်သောက်ခဲ့ပါတယ်။ ဆိုးလ်ကိုပြန်ရောက်တော့ ညတစ်နာရီထိုး ကာနီးပါပြီ။ မြေအောက်ရထားတွေက ည ၁၂နာရီအထိပဲပြေးဆွဲတာမို့ Texi နဲ့လည်း တစ်ယောက်တည်းမပြန်ရဲတာနဲ့ ပြန်ဖို့အဆင်မပြေတဲ့လူတွေ တစ်ညအိပ်ဖို့စီစဉ်ပေးထားတဲ့ Co-op Resident မှာ တစ်ညအိပ်ခဲ့ရင်း လေးညတာ အရှေ့ပင်လယ်ခရီးစဉ်ကို ကြည်နူးစွာ အဆုံးသတ်ခဲ့ရပါတယ်။ ။




독도- ဒုတ်ဒိုကျွန်းပုံစံငယ်လေးတွေကို Public awareness အတွက် မြို့တော်ခမ်းမဘူတာမှာချပြထားတာလေးတွေပါ။

4 comments:

  1. I've never got a chance to go by a sea :(

    ReplyDelete
  2. If you really want, believe that you will have it. But at that time, don't miss it. Opportunities rarely come twice.

    ReplyDelete
  3. ရေးထားတာကောင်းပါတယ်။ သူများတွေအတွက်လဲ ဗဟုသုတ ရတာပေါ့။အထူးသဖြင့် အမတို့လို ကိုရီးယား ကို ခဏလေး လာသူတွေအတွက် ပိုပီး အားကျစရာပေါ့။ စာဖတ်ရင်းနဲ့ဓါတ်ပုံယှဉ် ကြည်ရ့ရင် ပိုကောင်းမလားလို့နော်။
    အမ ထင်တာပြောတာလေ။
    နောက်ထပ် အများကြီးထပ်ရေးနိုင်ပါစေ။
    အားပေးနေမယ်။
    mm.aye.og

    ReplyDelete
  4. အစ်မရေ-အစ်မတို့မှတ်ချက်လေးတွေ့တာ တကယ်အားတက်မိပါတယ်။ ဒီနေ့တော့အလုပ်များနေသေးလို့ နောက်နေ့မှ တစ်ခုထပ်တင်ပါဦးမယ်။ ရေးဖို့တွေတန်းစီထားတာ ၈ခုလောက်ကျန်သေးတယ်။ ကျောင်းမဖွင့်ခင်တော့ မပြီးတော့ဘူး။ အချိန်လု လုပ်ရမှ ပိုမိုက်သလိုပဲနော်။

    ReplyDelete