အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ မြို့
နေ့တစ်နေ့မြို့ ကြီးသို့ သားလီးဓားအပြည့် တင်ဆောင်ထားသော
လော်ရီကားကြီးများ ၀င်ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ခွဲစိတ်ကုဆရာဝန်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မိန်းမပျက်နှင့် ကဗျာဆရာများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ စည်သွတ်ဘူးနှင့် ပူပူနွေးနွေးချက်လက်မှတ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ "အငမ်းမရဖြစ်ခြင်းနှင့် ကောင်းစွာသေဆုံး
ခြင်း" စာအုပ်အသစ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ ကောင်းကင်ဘုံက ရိုက်လိုက်တဲ့ သံကြိုးစာ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ တရားဟောဆရာ(တွေးခေါ်ရှင်) နှင့်
အမဲလိုက်ခွေးများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ အိပ်ပျော်ရသော သစ်စေ့ (သူ့အိပ်မက်က
သစ်ပင်တဲ့) နှင့် ပိုးဟပ်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ မီးသတ်သမားနှင့် နတ်ကတော်များ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နှိုးစက်နှင့် ဘူဖဲများ
ရောက်လာခဲ့သည်။
နောက်တစ်နေ့
မြို့ ကြီးသို့ နေရောင်ခြည်နှင့် လတ်လတ်ဆတ်ဆတ်
ဆီးနှင်းများ ရောက်လာခဲ့သည်။
နောက်တစ်နေ့
"ကောင်းသောနံနက်ခင်းပါ"
မြို့ ကြီးရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို
ကျွန်တော်က လူကြီးမင်းထံ ရေးသားပေးပို့လိုက်ပါသည်။
နေမျိုး
ကျွန်တော်နဲ့ မ၀င်းမေ
သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်
သူ့ငိုသံတစ်ဝက် ကျွန်တော်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက် ဖြစ်သွားတယ်
သူ့ပိုက်ဆံတချို့ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးက မြို့လေးတစ်မြို့
သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ။
နေမျိုး
(လူဖြစ်ရတာကောင်းတယ်)
မက်လင်ပင်ကြီးတွေအောက်မှာ
ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့သေတ္တာကို
ဒီမနက်မှာတဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာတွေ့ရ။
ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက်ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်စာဟာ ‘အကယ်၍’ ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ
ငါ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကျောင်းမှလည်း မရခဲ့ပါဘူး
ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လိုပဲ ဖြစ်မှာပေါ့။ ။
နေမျိုး
(လူဖြစ်ရတာကောင်းတယ်)
လူရွင်တော်
မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
ကိုယ်မင်းကို
ရယ်ရွင်ဖွယ်တွေပြောပြမယ်
ကိုယ့်ကဗျာတွေဖတ်ပြီးအနည်းဆုံး
ရယ်မောနိုင်အောင်ပဲဖြစ်ဖြစ်
ကျွန်မမရယ်ဘဲနေမယ်လို့ကတိမပေးနဲ့
ကိုယ်ဟာမင်းအတွက်ရယ်စရာတစ်ခုထက်
ပိုပါတယ် ။
မင်းကိုရယ်စရာတွေပြောပြတဲ့အခါ
နားနှစ်ဖက်ပိတ်ထားချင်ထား
မင်းမကြားနိုင်ပေမယ့်
ရယ်ချင်မှာပါကွာ
ရှေးလူရွင်တော်ကြီးတွေဟာ
ဘာစကားမှမပြောဘဲ
စင်ပေါ်မှာရပ်လို့ငြိမ်နေရင်တောင်
ရယ်စရာကောင်းသတဲ့
ကိုယ်မမြင်ဖူးပေမယ့်
အဲသလို
မင်းကိုရပ်ပြမယ်
အဆွေးသမားကြီးတစ်ယောက်
အိုက်တင်မျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့
ကိုယ်ဟာရယ်စရာကောင်းတဲ့ညစာတစ်နပ်ကိုကမ္ဘာမှာ
ပထမဆုံးစားဖူးသူပါ
ဒီအကြောင်းမင်းကိုပြောပြမယ်
ရယ်ရွင်ဖွယ်
မင်းကနားနှစ်ဖက်ကိုပိတ်ချင်ပိတ်ထား
မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
မင်းရယ်တာသိပ်လှတယ်လို့
ကိုယ်ကြားဖူးတယ် ။
တစ်ခုပဲကွယ့်
ရယ်ရွင်ဖွယ်တွေကိုယ်က
ပြောပြတဲ့အခါမှာ
ကိုယ့်ကိုကြည့်ပြီး
မင်းမျက်ရည်မလည်စေချင်တာ ။ ။
နေမျိုး
(လူဖြစ်ရတာကောင်းတယ်ကဗျာစာအုပ်မှ)
လူဖြစ်ရတာ ကောင်းတယ် (နေမျိုး)
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေ့း့  ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့်ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။
ပင်လယ်
သူမဟာ ပင်လယ်လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။
နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ (နေမျိုး)
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ပြီးရင် ဘယ်သူမှယုံကြမှာမဟုတ်ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဝံပုလွေအိုကြီးတွေအူလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
နီယွန်မီးရောင်တွေ စူးစူးရဲရဲလင်းနေလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
မြို့ကြီးပေါ် မိုးတစိမ့်စိမ့်ရွာလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ခွေးသွားစိတ်တွေ တ၀ီဝီလည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သော့တွေအားလုံး ပွင့်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ညနေခင်းကြယ်ကို လူတွေမြင်တွေ့ရလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဗုံတစ်လုံး (၀က်ဝံအရေပြားနဲ့ ကျက်ထားတာ)
သူ့အလိုလိုမြည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သူကတော့ နားနှစ်ဖက်ကိုပိတ်ထားမှာပဲ
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ငါတို့ဟာ ငါတို့မဟုတ်တော့ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
အသံလှိုင်းသက်သက်သာ ကျန်ရစ်ခဲ့မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)
မြို့တစ်မြို့အကြောင်း မိတ်ဆက် (နေမျိုး)
လမ်းပေါ်မှာ ယူစရာသံဝေဂတွေ
ဖွေးဖွေးလှုပ် ပြန့်ကျဲနေတဲ့မြို့
အ၀ါးရခက်တဲ့ပေါင်မုန့်နဲ့ ကဗျာဆရာထွက်တဲ့မြို့ပေါ့
ဘ၀င်မြင့်နေတဲ့ တိမ်တိုက်တွေ
နောင်တရ မျက်ရည်ကျရာမြို့
တယ်လီဖုန်းဝိုင်ယာကြိုးထဲမှာ သူ့ဒဏ်ရာတွေ
တုန်ခါစီးဆင်းနေတဲ့မြို့
ပုရစ်ကြော်၊ ယန်းပေါဆတ်နဲ့ ဘောလုံးပွဲ ကြိုက်နှစ်သက်တဲ့မြို့
ကဖေးဆိုင်၊ အရက်ဆိုင်နဲ့ rotten eggs တွေ စည်ကားရာမြို့
နွားနို့နဲ့ ဖဲချပ်တွေ စာတိုက်က သောကြာနေ့တိုင်းရောက်လာတတ်တဲ့မြို့
မိုက်မဲမှုတွေ အတောင်ပေါက်ကာ ပျံဝဲတဲ့ရာသီဥတု သူ့မှာရှိတဲ့မြို့
အရိုးများတဲ့ အတွေးအခေါ်နဲ့ သင်္ဘောပျက်တွေ အရောင်းအ၀ယ်ဖြစ်ရာမြို့
လကွယ်ညတိုင်း ထရိုဂျင်မြင်းတွေ မှောင်ထဲမှာခုန်ပေါက်မြူးတူးရာမြို့
လူပျောက်ကြော်ငြာထဲမှာ ဘယ်တော့ သူ့နာမည်ပါလာမလဲလို့
စောင့်ဖတ်နေတဲ့မြို့
မြို့တစ်မြို့ဆီ ခရီးထွက်ဖို့ စဉ်းစားနေတဲ့မြို့
သူ့ကိုယ်သူ မြို့မှန်းမသိတော့တဲ့ မြို့ပေါ့
ညအခါ သူအိုတွေ ကျမ်းစာရွတ်ဖတ်ချိန်
တစ္ဆေကြယ်တွေ မှောင်ထဲမှာ ရွေ့လျားရာမြို့
သူ့ဦးခေါင်းထဲကို ကွန်တစ်ချက်ပစ်လိုက်ယုံမျှ
ဆာလောင်နေတဲ့ငါးတွေ တဖျတ်ဖျတ်ရနိုင်ရာမြို့
ဘယ်သူဟာ အပျော်သဘောနဲံ့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်မလဲလို့
တွေးခေါ်ခဲ့ဖူးသူမြို့ပေါ့
ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ
လေထီးမပွင့်သူမြို့ (ချိုင်းထောက်နဲ့ပတ်တီးကို မုန်းသတဲ့)
ပြတင်းဝမှာ ညနေတိုင်း
အော်မြည်နေတဲ့ မျက်လုံးတစ်စုံနဲ့ ထိုင်ငေးတတ်သူမြို့ပေါ့
သူ့အထ္ထုပတ္တိကို သူကိုယ်တိုင်ရေးပြီး
မီးရှို့ပစ်ခဲ့သူမြို့
အဲဒီမြို့ဟာ သင့်ဆီကို မတ်လ (၄) ရက်နေ့မှာ
အရောက်ထွက်ခွာလာမှာ ဖြစ်ပါတယ်မိတ်ဆွေ။
(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)
ဥာဏ်ပညာထက်မြက်တဲ့မြို့ (နေမျိုး)
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဟိုင်းဝေးလမ်းမကြီးဘေးမှာ
(မိဘမဲ့ကလေးများ)လူငယ်သင်တန်းကျောင်းကိုဖွင့်ထားတယ်
အဲဒီက ခပ်လှမ်းလှမ်းမှာ လူအိုရုံတစ်ရုံကို ဖွင့်လှစ်ထားရှိပြီး
အဲဒီရဲ့ ဟိုဘက်မှာတော့ ဆေးရုံတစ်ရုံကို ဖွင့်လှစ်ထားရဲ့
အင့်း့  အဲဒီကနေ ဆက်သွားမယ်ဆိုရင်တော့
မီးသင်္ဂြိုဟ်စက်ကြီးဆီ ရောက်ရှိသွားနိုင်တာပေါ့
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့လက်ဖျံပေါ်မှာ
သူ့အမည်ကို ဆေးမင်ကြောင်နဲ့ ရေးထိုးထားတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ၀ံပုလွေတွေရဲ့ဘာသာစကားတတ်တယ်
ကောင်းကင်ဘုံဘာသာစကားလည်း တတ်မြောက်ထားသတဲ့
ဒါပေမယ့် သူက စကားနည်းပါတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဘယ်တက္ကသိုလ်ကောလိပ်ကမှ
ဘွဲ့ဒီဂရီ မရခဲ့ပါဘူး ဒါပေမယ့် သူဟာ ဥာဏ်ပညာထက်မြက်တဲ့မြို့ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဦးနှောက်တစ်ခြမ်းက အိပ်နေပြီး
ဦးနှောက်တစ်ခြမ်းက နိုးနေတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ အူဟောင်းလောင်းဖြစ်နေတဲ့
ဘဏ်တိုက်ကြီးတွေကို ၀လင်အောင် အစာမှန်မှန်ကျွေးတယ်
တနင်္ဂနွေတွေမှာဆိုရင် သူဟာ
ရက်စတောရင့်တွေရှိရာဆီ တစ်နေကုန်လျှောက်သွားတတ်တယ်
အဲဒီနေ့တွေဟာ ငါးခေါင်းဟင်းရည်တွေ ရောင်းကောင်းကြတဲ့နေ့ပေါ့
တချို့ တနင်္ဂနွေတွေမှာတော့ သူဟာ
ငါးမျှားမလား ဘုရားသွားမလား စဉ်းစားတယ်
ဒါပေမယ့် နှစ်ခုစလုံး မလုပ်ဖြစ်ဘဲ
ရက်စတောရင့်တွေဆီပဲ ရောက်ရောက်သွားတတ်သူပါ
သူဟာ အစာမစားဘဲ ရက်ပေါင်းများစွာ နေနိုင်သလို
အစားအစာအမြောက်အမြားကိုလည်း တစ်ကြိမ်တည်းနဲ့ကုန်အောင်
စားပစ်နိုင်သတဲ့
ကြယ်တွေကိုရေရင် အူပြတ်တတ်တယ်ဆိုတာကို
ကြားဖူးပေမယ့် ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကြယ်တွေ ရေတွက်တယ်
အဲသလိုရေတွက်ရင်း သူအိပ်ပျော်သွားတာပဲ
(သူ့ဂဏန်းပေါင်းစက်ထဲမှာ ကြယ်တွေအများကြီး)
သူအိပ်ပျော်သွားရင် အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘယ်တော့မှ ရထားမမီဘူးတဲ့
ရထားမမီတဲ့ အိပ်မက်တွေကို သူ ခဏခဏ မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘူတာရုံရောက်တော့
ရထားဟာ ထွက်ခွာသွားပြီလေ
ဘာကြောင့်များ သူ ဒီအိပ်မက်ကို ခဏခဏ မက်ပါလိမ့်
သူကြာကြာမစဉ်းစားပါဘူး
ဘာကြောင့်လဲဆိုတော့ မနက်မိုးလင်းပြီဆိုရင်
ရထားတွေ တစ်စင်းပြီးတစ်စင်း သူ့ဆီ ဆိုက်ရောက်လာလို့ပါပဲ။
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့ဦးခေါင်းကို
နည်းနည်းချင်းဖဲ့ပြီး ဆာလောင်မွတ်သိပ်နေသူတွေကို ကျွေးတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
မုန်တိုင်းကို ဖန်ပုလင်းထဲထည့်တတ်တယ်
သူ့မှာ ဖန်ပုလင်းတွေ အများကြီးပေါ့
ပြီးတော့ ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကျွမ်းကျင်တဲ့စိုက်ပျိုးရေးသမားတစ်ယောက်ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ LUX ဆပ်ပြာကိုကြိုက်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ယောက်တည်းဖဲကစားတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ခါတစ်လေ (ဗုံတီးသံတွေကြားရင်)
အခန်းတံခါးပိတ်ပြီး ရှိုက်ငိုတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ကွန်ကရစ်တောအုပ်ထဲမှာ
သူ့ကိုယ်ကို ဖျောက်ထားနိုင်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ပင်လယ်ကြမ်းပြင်အောက်မှာ စွဲလောင်နေတဲ့
မီးကို ငြှိမ်းသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းကို
သိသူတွေထဲက တစ်ယောက်ဖြစ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဒီတနင်္ဂနွေမှာ
အပြာရောင်ဂျင်းဂျက်ကက်ကို ၀တ်ပြီး ထရပ်ကားပေါ်ကိုတက်တယ်
ဒရိုင်ဘာကမေးတော့
မင်းမောင်းချင်ရာကိုမောင်းပါ ဝေးချင်သလောက်ဝေးပါစေကွာ တဲ့
ပြီးတော့ ကျွန်တော်ရေးတဲ့ ဒီကဗျာကို
ဇိမ်နဲ့ဖတ်ရင်း လိုက်ပါလာခဲ့ပါတော့တယ်။
ဂျက်ကပြောတယ် ...
ဂျက်ကပြောတယ်မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့
ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့
ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့
ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ
ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့ဘူးတဲ့
ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ
ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်ဘူးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့
ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါ တို့ က သူတို့ ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့
ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့
ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့
ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး
ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်
ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။ ။
နေမျိုး
သေဘာၤ (ေနမ်ိဳး)
လက္ဘက္ရည္ဆိုင္ထဲမွာ
ပင္လယ္ကူးသေဘာၤၾကီးမ်ား
ကျောက်ချရပ်နားပြီ..။
ပေါလော
မလိုင်အတုတွေဖန်ခွက်ထဲမျောလို့
တအိအိ
မုန်တိုင်းမိလာသလိုမျိုး..။
ဝေးလံသောအရပ်မှ
ညများစွာခုတ်မောင်း
နက္ခတ်မှန်ပြောင်းတွေသာမရှိခဲ့ရင်ဖြင့်
အိပ်မက်ဟောင်းကြီးထဲမှာ
ရာစုနှစ်တစ်ခုလုံးပိတ်မိနေခဲ့ကြမှာပဲ..
ရိက္ခာကနည်းနည်းရယ်..။
ဟန်ဆောင်မှုကောင်းကောင်းနဲ့
သူ့ကိုယ်သူဖောင်းကား
စားပွဲတင်ပေါင်မုန့်က
မရှုမလှလှဲလျောင်းလို့
တဝီဝီ
ယင်ကောင်တွေကလည်း
အပ်ကြောင်းထပ်အသံတွေမြည်လို့
စားပွဲပေါ်မှာတော့
ဖောက်လက်စ စကားလုံးစည်သွပ်ဗူးတွေသာ
ပြန့်ကျဲလို့..။
နပိုလီယံတဲ့ ကိုလံဘတ်စ်တဲ့
မဒမ်ဗိုဗာရီ တဲ့ စပီးလ်ဘတ်တဲ့
ဆာ့တ်တဲ့…မော်ဒန်တဲ့
(၂၀ရာစုနောက်ပိုင်းမှာ)
အားလုံးမှိုစော်နံ့နေပေါ့..။
ဝေါ့ကနဲပျို့တက်လာခဲ့
ပြီးတော့ခပ်မြန်မြန်မျိုချလိုက်ရ
ဒီနည်းနဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရ
(နှစ်ဘဝစာ)နောက်တစ်ခါဆို
ဝေလငါးကြီးတစ်ကောင်ရဖို့
ငါးမျှားချိတ်မှာ
မက်ဒေါနားကိုအစာတပ်ထားမယ်..။
ရေဘဝဲတစ်ကောင်
ဟိုထောင့်မှောင်ရိပ်ထဲက
(ပြုံးပြီး..)လက်နှစ်ချောင်းထောင်ပြရဲ့
ဒီလိုဖြစ်ခဲ့ဖူး
ဟောဒီ ကုလားထိုင်ပေါ်မှာ
မျှော်လင့်ချက်မုန်တိုင်းမိစဉ်
မိုးကောင်းကင်ပေါ်
ကိုယ့်အမည်ကို
အကြိမ်ကြိမ်ဟစ်ပြီးအော်ခေါ်ရဲ့…..။
ဒီလိုနဲ့
လှိုင်းလေငြိမ်သက်တဲ့နေ့တစ်နေ့
ကမ်းခြေမြို့ကလေးရဲ့
လက်ဘက်ရည်ဆိုင်မှာ
သံချေးတွေခွာရင်း
(ရေချိုတွေဖြည့်တင်းရင်း)
ကမၻာပတ္မယ့္သေဘာၤ
ခု….
ဒီကောင်မောနေပေါ့…။ ။
http://sites.google.com/site/poetmyatwai/tlkb/--15
မှကူးယူဖော်ပြပါသည် ။
No comments:
Post a Comment