တောင်ကိုရီးယားနိုင်ငံမှာ နီပေါ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံများကပင် မြေကွက်များဝယ်ယူပြီး ထေရ၀ါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးဆောင်ရွက်နေကြတာမို့ မြန်မာတွေလည်း ယခုရှိနေတဲ့ ယာယီဘုန်းတော်ကြီးကျောင်းများအပြင် ထာဝရ ကုသိုလ်အဖြစ် မြေကွက်ဝယ်ယူကာ အဲဒီသာသနာ့မြေပေါ်မှာ မြန်မာ့ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ အညီ ဘုရား ကျောင်း ဓမ္မာရုံ ယောဂီဆောင် စသည်ဖြင့်ဆောက်လုပ်ပြီး သာသနာပြုကြမယ်လို့ ဓမ္မဒူတဆရာတော် ဒေါက်တာဆေကိန္ဒ ကိုရီးယားကိုကြွလာစဉ် September 11, 2011 ရက်နေ့တရားပွဲမှာ ကြားလိုက်ရပါတယ်။ ဆရာတော်က ကိုရီးယားမြေတိုင်းယူနစ်ဖြစ်တဲ့ ဖျောင်း (၆ပေ ပတ်လည်ကို တစ်ဖျောင်းပါ) နဲ့ဆို တစ်ဖျောင်း ၀မ်သုံးသိန်းလောက် တန်မယ့်နေရာကို ရှာနေပါကြောင်းနဲ့ ဆရာတော်က ဖျောင်း 100 ကို ကမကထပြုပြီး အခြားကုသိုလ်ရှင်အသီးသီးက ဖျောင်းငါးဆယ်စီနဲ့က သုံးဦး ဆယ်ဖျောင်းစီက နှစ်ဦးစသည်ဖြင့် ဂေါပကအဖွဲ့က တရားပွဲမစမှီလျှောက်ထားလိုက်တာ ကြားလိုက်ကတည်းက ငါလည်း တစ်ဖျောင်းလောက်လှူနိုင်ချင်လိုက်တာ တစ်ဖျောင်းဖိုးမတတ်နိုင်တောင် မြေ၀ယ်ဖို့လှူရဦးမယ်လို့စိတ်ထဲ တေးမှတ်ထားခဲ့ပါတယ်။ နောက်တော့ စိတ်ကူးကောင်းလေးရလာတာက ကိုရီးယားရောက် YAU ဘွဲ့ရများဆိုပြီး Mail group လေးဖွဲ့ထားတော့ group mail လေးကနေတစ်ဆင့် အဖွဲ့သားတွေကို မြေလှူကြဦးမလား မေးမြန်းတိုက်တွန်းမိရာကနေ အဖွဲ့ဝင် ၂၂ ယောက်က၀မ်းသာအားရ ကိုယ်နိုင်သလောက် စုလိုက်ကြတာ မထင်မှတ်ထားတဲ့ ပမာဏဖြစ်တဲ့ ၀မ် ၁၈ သိန်းပြည့်သွားပြီး အဲဒီ မြေကြီး ၆ဖျောင်းစာ အလှူငွေကို အောက်တိုဘာ ၉ ရက်နေ့မှာ အဖွဲ့ဝင် ၇ဦးတက်ရောက်ပြီး အဖွဲ့ကိုယ်စား ဓမ္မဒူတကျောင်းမှာ သွားရောက်လှူတန်းဖြစ်ခဲ့ပါတယ်။
မြေအလှူ ရေစက်ချ တရားအကျဉ်းချုပ်လေးကို သူငယ်ချင်းမိတ်ဆွေများ ကြည်ညို သဒ္ဓါပွားရအောင် ဝေမျှလိုက်ပါတယ်။
အခမ်းအနားကိုစတော့ အရင်ဆုံး ဘုရားရှိခိုး ငါးပါးသီလယူပြီး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော်တွေနဲ့တကွ မင်္ဂလသုတ်နဲ့ မေတ္တာသုတ်ကို အားလုံးရွတ်ဆိုကြပါတယ်။ နောက်တော့ ဆရာတော်က အလှူအနုမောဒနာတရားချီးမြှင့်ပါတယ်။ တရားပွဲပြီးတော့ ရေစက်ချပြီး ညစာသုံးဆောင်ပြီး ပြန်ခဲ့ကြပါတယ်။
အနုမောဒနာ တရားအကျဉ်းချုပ်ကတော့ -
လောကမှာပစ္စည်းလေးမျိုးရှိပါတယ်တဲ့
၁။ ထာဝရ ဥစ္စာ (အမြဲတည်တံ့တဲ့ ရွှေ့ပြောင်းမရတဲ့ အိမ်၊ မြေ၊ ဥယျာဉ်ခြံ စသည်တို့ဖြစ်ပါတယ်တဲ့။ ကိုယ်တစ်ဦးတည်းပိုင်ရှိသလို မိသားစုပိုင်ဖြစ်သလို ကိုယ်တခြားနေရာပြောင်းသွားရင်လည်း ယူသွားလို့မရပါဘူးတဲ့ ဘ၀တစ်ပါးကတော့ ပြောမနေနဲ့ပေါ့)
၂။ ဇင်္ဂမဥစ္စာ ( ဘီရို၊ ကြောင်အိမ်၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက် စသည့်ပစ္စည်းတွေအတိုင်းဖြစ်ပြီး သူတို့တွေကိုတော့ သယ်သွားမယ်ဆို ခက်ခက်ခဲခဲ သယ်သွားဖို့ စီစဉ်နိုင်ပေမယ့် သဘောကတော့ ထာဝရဥစ္စာအတိုင်းဖြစ်ပါတယ်)
၃။ အင်္ဂါသမဥစ္စာ (မိမိရဲ့ ခြေ၊ လက်၊ အသဲ၊ နှလုံး စသည့်မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါတဲ့ အဲဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေကလည်း ကိုယ်ပိုင်လို့ထင်ရပေမယ့် ကိုယ်မပိုင်ဘူး သူဖြစ်ချင်ရာဖြစ်တာပါတဲ့ အသက်ကြီးလာတဲ့အခါ ကိုယ့်အလိုကို မလိုက်တာ ပိုသိသာပါတယ်တဲ့ မြန်မြန်သွားလိုက်ချင်ပေမယ့် ခြေထောက်တွေက မသန်တော့တာ၊ လက်မြှောက်လိုက်ချင်ပေမယ့် ငယ်တုန်းကလို ၀ုန်းကနဲ မမြှောက်နိုင်တော့တာ စသည်ဖြင့် ကိုယ်မပိုင်ပဲ ကိုယ့်ဥစ္စာလို့ထင်နေရတဲ့အမျိုးအစားပါတဲ့)
၎။ အနုဂါမိက ဥစ္စာ (အလှူဒါနကဲသို့ သာသနာနဲ့ဆိုင်တဲ့ စပ်တဲ့ ပစ္စည်းတွေပါတဲ့။ အနု+ဂါ+မိက ဆိုတဲ့ ပါဠိသုံးလုံးပေါင်းထားပြီး အနု=အစဉ်အမြဲ၊ ဂါ=သွားသည်၊ မိက= အရိပ်ပမာ ဆိုတော့ မိမိသွားရာသို့အစဉ်အမြဲလိုက်တဲ့ ဥစ္စာတွေပါတဲ့ မည်သူမှလည်း ခိုးယူ လုယူ တိုက်ယူလို့မရတဲ့ ကိုယ်ပိုင်ဥစ္စာစစ်စစ်တွေပါတဲ့)
အခုဆိုရင် အလှူရှင်တွေက မလှူမှီကလည်း ပုဗ္ဗစေတနာတွေဖြစ်နေခဲ့ကြတယ်၊ လှူတဲ့အခိုက်ကော လှူအပြီးပါ မုဉ္စစေတနာ၊ ပရ စေတနာတွေဖြစ်နေရင် ရွှေအိုးကြီးမြှုပ်တာ ရွှေပင်စိုက်တာနဲ့တူပါတယ်တဲ့။ သရက်ပင်စိုက်ရင် သရက်သီးသီးပြီး ရွှေပင်စိုက်ရင်ရွှေသီးသီးမှာပါတဲ့။
အကုသိုလ်တရားတွေဟာ ပြုသူနောက်ကို ၀န်ဆောင်နွားနောက်ကို လှည်းဘီးလိုက်သလို အစဉ်လိုက်သကဲ့ သို့လိုက်နေပြီး
ကုသိုလ်တရားတွေဟာ ပြုသူနောက်ကို အရိပ်ပမာ ပေါ့ပေါ့ပါးပါး မပင်မပန်း အေးချမ်းစွာလိုက်ပါတယ်တဲ့။
စောဒကတက်စရာက အရိပ်ညမှာမထွက်ဘူး အိပ်နေရင် အရိပ်မရှိဘူး စသည်ဖြင့်ပြောလည်းမှန်ပါတယ်တဲ့ ကုသိုလ်တရားတွေဟာ အရိပ်လိုဖြစ်တော့ ပေါ့ပါးပေမယ့် သူလည်း သင်္ခါရ သဘောတရားတွေ အတိုင်း ပျောက်တတ်ပျက်တတ်တဲ့သဘောကတော့ရှိပါတယ်တဲ့။ ဒါပေမယ့် သရက်စေ့ကိုစိုက်လိုက်လို့ သရက်ပင်ပေါက်လာတဲ့အခါ မူလသရက်စေ့ရှာမတွေ့တော့ သလိုဖြစ်ပြီး သရက်ပင်ကြီး ကြီးထွားနေစဉ်မှာလည်း ပင်စည် အကိုင်းအမြစ်စတာတွေမှာ သရက်သီးနဲ့တူတာ ဘာမှမတွေ့ပါဘူးတဲ့ ဒါပေမယ့်အချိန်တန်တော့ ပွင့်လာ သီးလာတဲ့အခါ သရက်သီးတွေဖြစ်လာတဲ့ဥပမာအတိုင်းပါပဲတဲ့ ကုသိုလ်တရားရဲ့ properties တွေဟာ အရိပ်ပမာ ပေါ့ပါးစွာ အစဉ်လိုက်ပြီး ကောင်းသောအကျိုးပေးပါတယ်တဲ့။
မြတ်စွာဘုရားလက်ထက်တော်က မူလတုန်းက သာဝတ္ထိပြည်မှာ ကျောင်းမရှိခဲ့ပါဘူးတဲ့။ သာဝတ္ထိပြည်က သူဌေးကြီး အနာထပိဏ်ဟာ အတော်ဝေးတဲ့ တောင်ငါးလုံးပတ်နေတဲ့မြို့လို့ အဓိပ္ပါယ်ရတဲ့ ရာဇဂြိုလ်ပြည်က သူ့သူငယ်ချင်းသူဌေးကြီးဆီအလည်သွားတာ သူငယ်ချင်း သူဌေးကြီးက ခါတိုင်းလို ပျာပျာသလဲ ခရီးဦးကြို မပြုနိုင် တော့ထူးဆန်းနေတာနဲ့ ဘာလို့လဲဆို စုံစမ်းလိုက်တော့မြတ်စွာဘုရားနဲ့ ရဟန်းတော်တွေကို လုပ်ကြွေးပြုစုနေရလို့ဆိုတာ သိသွားပါတယ်တဲ့။ သူ့လိုလူကိုတောင်ပြစ်ထားပြီး ပြုစုနေ ရတဲ့မြတ်စွာဘုရားဆိုတာ ဘယ်လိုလူတုန်းသိချင်စိတ်အလွန်ပြင်းပြသွားပါတယ်တဲ့ မနက်ကြရင် မြတ်စွာဘုရားသီတင်းသုံးရာ ကိုသွားဖူးမယ် ဆိုတဲ့ စိတ်ဇောနဲ့အိပ်လိုက်တာ မိုးမလင်းသေးပဲ သူ့စိတ်ထဲ လင်းထင်းနေတော့ မနက်ရောက်ပြီထင်ပြီး ထသွားပါတယ်တဲ့။ အပြင်တကယ်ရောက်မှ မိုးမလင်းသေး ပဲ သူသွားရမယ့်နေရာကလည်း မြို့ပြင်ဖက်မှာမို့ သုသန်တစ်ခု ကိုဖြတ် တောတွေ တောင်တွေအနည်းငယ် ဖြတ်ရမှာမို့ ကြောက်သလိုဖြစ်သွားပြီး နည်းနည်းတွန့်သွားပါတယ်တဲ့။ အဲလိုတွန့်သွားတာကို နတ်တစ်ပါးက သူဌေးကြီး ဆက်သွားပါ မြတ်စွာဘုရားကိုဖူးတွေ့ဖို့ ကြိုးစားအားထုတ်ပြီးသွားနေတဲ့ သူဌေးကြီးရဲ့ခြေတစ်လှမ်းတန်ဖိုးကို ၁၆ပုံ ပုံလိုက်ရင် တစ်ပုံရဲ့ တန်ဘိုးဟာ ဟာ ဆင် ၁၀၀၊ မြင်း ၁၀၀၊ ပတ္တမြားလည်ဆွဲ ၁၀၀ တန်ဘိုး နဲ့ညီပါတယ်လို့ပြောပါတယ်တဲ့ (ဆိုလိုတာက ဘုရားဖူးဖို့သွားသူရဲ့ ခြေတစ်လှမ်းဟာ ဆင် ၁၆၀၀၊ မြင်း ၁၆၀၀၊ ပတ္တမြားလည်ဆွဲ ၁၆၀၀ တန်ဖိုး)။ အဲဒီတော့မှ သူဌေးကြီးလည်း အားတင်းပြီး ဆက်သွားတာ မြတ်စွာဘုရားဆီ အစောကြီးရောက်သွားပါတယ်တဲ့ မြတ်စွာဘုရားက အဲဒီနေ့ညမှာ မိနစ်သုံးဆယ်ခန့်သာ ကျိန်းစက်ပြီး နိုးနေခဲ့တာဖြစ်ပါတယ်တဲ့။ ပြီးတော့ သူဌေးကြီးရဲ့ ငယ်နံမည်ကိုသိနေပြီး သုဒတ္ထ လာလော့ဆိုခေါ်ပါတယ်တဲ့။ သူလည်း အံ့သြသွားပြီး မြတ်စွာဘုရား မကျိန်းဘူးလား ဘုရား ကောင်းကောင်းကျိန်းရပါရဲ့လားလို့ ပဋိသန္တာရစကားမေးပါတယ်တဲ့။
{မှတ်ချက်။ ။ လောကမှာ မအောင်မြင်တဲ့ ဘုန်းမကြီးတဲ့သူတွေဟာ ထမင်းတစ်မျိုးပဲစားပြီး အားမရှိဖြစ်နေကြပါတယ်။ နဲနဲလေးအလုပ်များရင် ကိုယ်လက်တွေ စိတ်တွေပင်ပန်းနေပါတယ်တဲ့ အောင်မြင်တဲ့ ဘုန်းကြီးတဲ့သူတွေမှာတော့ အာဟာရလေးမျိုးမှီဝဲနေတာကြောင့်သာမန်လူတွေလောက် အိပ်စရာမလို၊ ပေါ့ပါးကြည်လင် လန်းဆန်းနေတာ တရားထိုင်တဲ့သူတွေကို ကြည့်ရင်သိနိုင်ပါတယ်တဲ့။ အာဟာရလေးမျိုးဆိုတာကတော့ (မနောအာဟာရ၊ ကဗ္ဗလီအာဟာရ (မိမိတို့နေ့စဉ်စားသုံးနေသည်များ)၊ ဖသအာဟာရ နဲ့ ၀ိဥာဏ အာဟာရတို့ဖြစ်ပါတယ်တဲ့)}
ကိုးကွယ်ရာမဲ့သူများကိုထမင်းကျွေးသူလို့ အဓိပ္ပါယ်ရတဲ့ အနာထပိဏ်သူဌေးကြီးလည်းမြတ်စွာဘုရားကို ကိုယ်တိုင်ဖူးခဲ့ပြီး ကြည်ညိုသွားလိုက်တာ သာဝတ္ထိမှာလည်း ကျောင်းဆောက်လှူဒါန်းမယ်ဆိုပြီး သင့်တော်မယ့် မြေနေရာရှာလိုက်တာ ဇေတ မင်းသားရဲ့ဥယျာဉ် ကိုသွားတွေ့ ပါတယ်တဲ့။ ဇေတမင်းသားကလည်း ငွေလိုသူမဟုတ်တော့ သူဌေးကြီး ဘယ်လောက် ငွေတွေတိုးပေးပေမယ့်မရောင်းပါဘူး။ သူဌေးကြီးက တောင်းပန်လွန်းမက တောင်းပန်တော့လည်း နောက်ဆုံးမဖြစ်နိုင်တဲ့ဈေးဖြစ်တဲ့ သူ့ဥယျာဉ်မြေပေါ်မှာ ရွှေပြားတွေ စပ်ခင်းတောင် မရောင်းဘူးလို့ ပြောလိုက်ပါတယ်တဲ့။ ဒါနဲ့သူဌေးကြီးလည်း မတန်တဆဈေးဖြစ်တဲ့ ရွှေပြားတွေ စပ်ခင်းနိုင်ရင်တော့ ရောင်းချင်ရောင်းကောင်းရဲ့ဆိုပြီး အိမ်ပြန်ပြီး ရှိတဲ့ရွှေတွေယူပြီး စပ်စပ်ပြီးခင်းလိုက်တာ ဥယျာဉ်တစ်ခုလုံးအပြည့်နီးပါးဖြစ်သွားပါတယ်တဲ့။ သူဌေးကြီးရဲ့ ဇွဲကိုအားနာပြီး နောက်ဆုံးတော့ မင်းသားလည်း သူ့စကားကျွံထားတဲ့အတိုင်း ရောင်းလိုက်ရတာပေါ့ ဒါပေမယ့် ရွှေပြားစပ်ခင်းတာ မပြည့်တဲ့ မုခ်ဦးပိုင်းကိုတော့ သူလှူပါ့မယ်လေဆိုပြီး ဥယျာဉ်ကြီးတစ်ခုလုံး ကျောင်းဆောက်ဖို့မြေနေရာရသွားပြီး ကျောင်းဆောက်တော့လည်း ဇေတ၀န်ကျောင်းတော်လို့ အမည်တွင်ပါသတဲ့။
မြတ်စွာဘုရားဟာ ဇေတ၀န်ကျောင်းတော်မှာ အကြိမ်များစွာ ၀ါဆိုခဲ့ပြီး ကျောင်းကြီးအမှီပြုပြီး လူပုဂ္ဂိုလ်တွေလည်း သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ စသည်ဖြင့်လည်း မရေမတွက်နိုင်အောင်ဖြစ်ခွင့်ရသွားကြပါသတဲ့။ မြတ်စွာဘုရား မရှိတော့တဲ့ ယခုထိတိုင်ပင် အဲဒီဇေတ၀န်ကျောင်းတော်နေရာရောက်တဲ့ ဘုရားဖူးဧည့်သည်တွေဟာ မင်္ဂလသုတ် မေတ္တာသုတ်တွေ ကိုယ်တိုင်သိတဲ့လူကလည်း ရွတ်ဆိုကြ ရွတ်ရမှန်းမသိတဲ့သူတွေကိုလည်း ကျောင်းက လူတွေက တိုက်တွန်းမှုကြောင့်ရွတ်ဖြစ်ကြရင်း ယခုထိတိုင် ကုသိုလ်တွေပွားပေးနေရာဌာနကြီးဖြစ်နေပါတယ်တဲ့။
အခုဒို့တွေရဲ့အလှူကလည်း အထက်က ဇာတ်လမ်းလေးလိုပဲ အရင်ဆုံးကျောင်းတော် အတွက်မြေနေရာကိုမြေဈေးက ရွှေဈေးလောက်ကြီးတဲ့နိုင်ငံမှာ ကနဦးပြု လှူခွင့်ရကြတာမို့ နောင် ကိုယ်ပြန်သွားသည့်တိုင် မိမိမရှိတော့သည့်တိုင် ဒီမြေနေရာကို အမှီပြုပြီး သာသနာပြန့်ပွားနေသမျှကာလပတ်လုံး နောင်လာနောက်သားတွေက အော် ရှေးကလူတွေ အမျှော်အမြင်ရှိကြပါပေတယ်။ ဆိုပြီး နတ်လူသာဓုခေါ်နေကြမှာပါတဲ့။
အောက်တိုဘာ ၁၂၊ ၂၀၁၁ (ဗုဒ္ဓဟူးနေ့)
No comments:
Post a Comment