








Zimbabwe နိုင်ငံမှာ သံအမတ်ကြီးအဖြစ် နှစ်ပေါင်းအတော်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ သံအမတ်ဟောင်းနှစ်ဦးက အခုလောလောဆယ် ကိုရီးယားဆိုင်ရာ Netherlands နိုင်ငံသံအမတ်နဲ့ Czech Republic သံအမတ်တွေအဖြစ်တာဝန် ထမ်းဆောင်လျက်ရှိပြီး သူတို့စုဆောင်းထားတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ ပန်းချီ ပန်းပုအနုပညာပစ္စည်းတစ်ချို့နဲ့ ကိုယ်တိုင်ရေးဆွဲထားတဲ့ ဇင်ဘာဘွေနိုင်ငံနောက်ခံ ပန်းချီကားတွေကိုပြသတဲ့ ပန်းချီပြပွဲ လေးကို ပါမောက္ခ ဆရာမ Dr. Kim Eun-mee ကိုဖိတ်ကြားခဲ့တာမှာ ဆရာမက ဒို့တွေကိုပါခေါ်သွားလို့ 한국국제교류재단 문화센터 လို့ခေါ်တဲ့ The Korea Foundation Cultural Center မှာ မေလ ၄ရက်ကနေ ၁၄ ရက်နေ့အထိခင်းကျင်းပြသခဲ့တာကို မေလ ၁၂ ရက်နေ့မှာ သွားရောက် ကြည့်ရှုလေ့လာခွင့်ကြုံခဲ့ပါတယ်။
ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်တာအခံရဆုံးနိုင်ငံတစ်ခုဖြစ်ပြီး၊ သူ့နိုင်ငံလူဦးရေရဲ့ 38% ဟာ HIV/AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှုရောဂါခံစားနေရသူတွေဖြစ်ပါတယ်တဲ့။ အတော်ကြောက်စရာ ကောင်းတယ် နော်။ ဒီလိုရောဂါတွေထူပြောရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ prostitutes တွေပေါများမှုကိုလည်း ပန်းချီကား တော်တော် များများမှာထင်ဟပ်ဖော်ပြထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရတာကို တွန်းလှန်ဖို့ကြိုးစား နေတဲ့လူမည်း အမျိုးသမီးတစ်ဦး ရဲ့ပန်းချီကား၊ အာဏာရှင်သမ္မတ မူဂါဘီကို မုန်းတဲ့ လှောင်ပြောင်ထားတဲ့ (Uncle, We hate you) လို့အမည်ပေးထားတဲ့ ပန်းချီကား၊ သမ္မတ မူဂါဘီလက်ထက်မှာ အမှိုက်ပုံမှာမှီခိုစားသောက်နေကြရတဲ့လူတန်းစားတွေရဲ့ ပန်းချီကားကြီးကတော့ဒီပြခန်းရဲ့ ဇာတ်လိုက်ပေါ့၊ နောက်ပြီး သွားတိုက်တံနဲ့ဆွဲထားတဲ့ပန်းချီကားတွေ၊ သတင်းစာ စက္ကူပေါ်မှာဆွဲထားတဲ့ပန်းချီကားတွေ၊ အစိုးရက ပြည်သူကို လိမ်ညာလွန်းတာကို လှောင်ထားတဲ့ ကြက်ဖကြီးက စင်ပေါ်တက်မုသားပြောတာ အောက်ကနားထောင်နေတဲ့သူတွေက သေနပ်နဲ့ပြစ်စရာမလိုပဲ လဲကျသွားတာကို သရုပ်ဖော်ထားတဲ့ပန်းချီကားတွေ (ကြက်ဖက သူတို့ဆီမှာ အာဏာရပါတီရဲ့ သင်္ကေတဖြစ်ပါတယ်တဲ့) သစ်သားကို ထွင်းပြီး ဆေးရောင်ခြယ်ထားတဲ့ပန်းချီကားတွေ ပန်းပုထုနေတဲ့ ပညာရှင်တွေနဲ့ ပန်းပုရုပ်တုအချို့ စသည်ဖြင့် သံအမတ်ကြီးက ပြည့်စုံအောင်ရှင်းပြခဲ့လို့ ပြပွဲလေးကို ကြည့်ရတာ တော်တော်အရသာရှိခဲ့ပါတယ်။ ပန်းချီ ပန်းပုတွေကိုရိုက်ယူလာတဲ့ ဓါတ်ပုံတွေရယ် ပြီးတော့ သံအမတ်ကြီး တွေနဲ့အတူ ဆရာမနဲ့ ကိုယ်တို့ သူငယ်ချင်း သုံးယောက်ရဲ့ ဓါတ်ပုံလေးပါ အဆစ်ဖော်ပြပေးလိုက်ပါတယ်၊
No comments:
Post a Comment