"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Thursday, August 19, 2010

A visit to Demilitarized Zone (DMZ Tour)

တောင်/မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်က စစ်ကင်းမဲ့ဇုံသို့ အလည်တစ်ခေါက် . . .

July 9, 2010 နေ့က Sarang Community Church ရဲ့ လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ International Student Forum (ISF) က DMZ Tour သွားဖို့စိတ်ဝင်စားတဲ့သူတွေကို ဖိတ်ခေါ်ခဲ့တာနဲ့ သူငယ်ချင်တွေကို သူတို့ကျောင်း တွေက လိုက်ပို့တုန်းကတည်းကတိုင်း သွားချင်နေခဲ့တဲ့နေရာကို သွားရတော့မှာမို့ပျော်နေခဲ့ပါတယ်။ နံပါတ် ၃ Subwayူအဆုံးက Dehwa Station ကို မနက် ၉နာရီအရောက်လာခဲ့ဖို့မှာထားတာကို အဝေးကြီးသွားရမှာမို့ ၀ီရိယလေးထားပြီး အဆောင်ကမနက် ၇နာရီခွဲလောက်ကတည်းက စထွက်ခဲ့ပါတယ်။ ဒယ်ဟွားဘူတာရောက်တော့ ကိုယ်ကတောင်စော နေသေးလို့ စောင့်နေလိုက်ရပါသေးတယ်။ ကားအငယ်လေးပဲစီစဉ်ထားတာမို့ လူ ၇ ယောက်ပဲခေါ်တာကိုးဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဘူတာမှာလူစုံတော့ လိုက်ပို့မယ့် ဦးလေးကြီးရဲ့ ကားရပ်ထားရာနေရာကိုထွက်ခဲ့ကြပါ တယ်။ လိုက်ပို့တဲ့ ကိုရီးယားအမျိုးသမီး ၂ယောက်နဲ့ ကားဆရာနဲ့ဆို ၁၀ယောက်အဖွဲ့လေးပေါ့။ နယ်ဘက်ကိုရောက် သွားတာနဲ့ မြင်ကွင်းက မြို့နဲ့ကွာသွားပါတော့တယ်။ လူနေကြဲပါးသွားပါပြီ။ စိုက်ပျိုးထားတဲ့စပါးခင်းတွေ Green house တွေကို အများကြီးတွေ့ခဲ့ရပါတယ်။ လမ်းမှာ တောင်ပေါ်လေးမှာ သင်္ဘောပုံအဆောက်အဦးတစ်ခုကိုလည်းတွေ့ခဲ့ရပါ တယ်။ မေးကြည့်မိတော့ နံမည်ကြီးစားသောက်ဆိုင်တစ်ခုပါတဲ့။ လိုက်ပို့တဲ့ အစ်မက သူတောင်အဲဒီဆိုင်အထိပဲရောက် ဖူးပါတယ်တဲ့ ဒီဘက်ကိုလွန်ပြီးမလာဘူးသေးဘူးလို့ပြောပါတယ်။ တောင်/မြောက်ကိုရီးယားနှစ်နိုင်ငံစစ်ဖြစ်တော့ မြောက်ကိုရီးယားက တောင်ကိုရီးယားကိုသိမ်းလိုက်တာ ဘူဆန်အထိတောင်ရောက်တယ်လို့ဆိုပါတယ်။ နောက်တော့ တောင်ကိုရီးယားက အမေရိကန်အကူအညီနဲ့ယူပြီးပြန်တိုက်ယူပြီး ယခုသွားမယ့် 38 degree latitude မျဉ်းနေရာမှာ နှစ်နိုင်ငံကို ပိုင်းခြားပေးခဲ့တာဖြစ်ပါတယ်။ General Mc. Arthur ဦးစီးပြီး လာတိုက်ပေးခဲ့တဲ့ Incheon Harbor အင်ချွန်းဆိပ်ကမ်းစစ်ပွဲက စစ်ပညာသင်ကြားနေသူတိုင်းလေ့လာရမယ့် နံမည်ကြီး စစ်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

စစ်ကင်းမဲ့ဇုန် DMZ အ၀င် အစောင့်ဂိတ်
အဲဒီဂိတ်မှာ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်တို့ နိုင်ငံကူးလက်မှတ်တို့ထားခဲ့ရပါတယ်။


နှစ်နိုင်ငံပေါင်းကူးရေးတံတားဖြစ်ပါတယ်။ Hyundai Group ကိုတည်ထောင်သူက သူ့မူရင်းနိုင်ငံက မြောက်ကိုရီးယားမို့ မြောက်ကိုရီးယားကိုအထူးသံယောဇဉ်ရှိပြီး ဒီတံတားဖွင့်ပွဲတုန်းက တံတားဖွင့်အပြီး သမ္မတကြီးနဲ့ အတူဖြတ်လျှောက်ကာ အစာရေစာရှားပါးနေတဲ့ မြောက်ကိုရီးယားနိုင်ငံကို ဆန်တန်ပေါင်းများစွာနဲ့ နွားကောင်ရေ ၁၀၀၀ မောင်းပြီးပို့ပေးခဲ့ပါတယ်။


ဒါကတော့အလှူရှင်တွေရဲ့ စာရင်းကိုမှတ်တမ်းတင်ထားတာပါ။



နယ်ခြားဘူတာရုံ - ဒိုရာဆန်
ဒီဘူတာလေးကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်တွေ သိန်းချီပြီးလာရောက်လည်ပတ်လျက်ရှိပါတယ်။ ၂၀၀၂ ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတ George W. Bush နဲ့ တောင်ကိုးရီးယားသမ္မတ DJ လို့အတိုကောက်ခေါ်ကြတဲ့ Kim Dae Jung တို့ကိုယ်တိုင်လာရောက်ခဲ့ကြပါတယ်။










အကယ်၍ ဒီ ဒိုရာဆန်ဘူတာကလေးကသာ သက်ဝင်လှုပ်ရှားနိုင်ခံမယ်ဆိုရင် ကိုရီးယားကနေ ဥရောပတစ်ခွင်အထိ ခရီးပေါက်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု International Trade ကိုပါအထူးအကျိုးပြုစေနိုင်မယ့် နယ်စပ်ဘူတာ လေးဖြစ်မှာပါ။ အခုတော့ မြောက်ကိုရီးယားအစိုးရက သူ့နိုင်ငံထဲကိုဖြတ်သွားတဲ့ လမ်းပိုင်းကို အသုံးပြုခွင့် မပေးတာကြောင့် ဘူတာရုံလေးက ခရီးသည်မဲ့ပြီး တိတ်ဆိတ်လို့နေပါတယ်။ ဘူတာအနီးက ကုန်လှောင်ရုံတွေဟာ ကုန်တန်ချိန်များစွာကို သိုလှောင်ထားနိုင်ဖို့ရည်ရွယ်တည်ဆောက်ထားတာပါ။ မြောက်ကိုရီးယား မှာက လုပ်အားခဈေးချိုလို့ Gaesong Industrial Complex (GIC) ကိုတည်ဆောက်ထားပါတယ်။ ဒီဘူတာကနေ ဂယ်ဆောင်အထိတော့ အထူးခွင့်ပြုချက်တွေနဲ့ မြောက်ကိုရီးယားနိုင်ငံထဲကို ခြေချခွင့်ရှိတယ်ဆိုပေမယ့် အခုတော့ အခွင့်အရေးမရလို့ မရောက်ခဲ့ရပါဘူး။ ကြုံလို့ ဗဟုသုတအဖြစ်ပြောရရင် အမေရိကန်နိုင်ငံကတော့ ဂယ်ဆောင်မှာ ထုတ်တဲ့ပစ္စည်းတွေကို Made in Korea လို့အသိအမှတ်မပြုနိုင်ပါဘူးတဲ့။ ပြထားတဲ့ Trans Eurasian Railway Network ကိုကြည့်ရတာ ရထားလမ်းကြီးက ရုရှားကိုလည်းဖြတ်ပြီး ဥရောပအထိရောက်မယ့်ရထားလမ်းကြီးဖြစ်ပါတယ် ရှိနေပြီး အသုံးပြုခွင့်မရတာ နှမြောစရာပါ။






နိုင်ငံတကာခရီးသည်မဲ့ တိတ်ဆိတ်နေတဲ့ဘူတာရုံလေး


ကုန်လှောင်ရုံကြီးများ

ဘူတာကနေထွက်လာတော့ JSA လို့ခေါ်တဲ့ Joint Security Area ကိုဖြတ်ပြီးကားနဲ့လျှောက်မောင်းကြည့်ခဲ့ကြပါ တယ်။ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်လေးမှာတော့ Korean Coins collection လေးတစ်ခုဝယ်ဖြစ်ခဲ့ပါသေး တယ်။ ဈေးနဲနဲများပေမယ့်အမှတ်တရလေးပေါ့။

နောက်တော့ ထမင်းစားချိန်မှာ ကြိုတင်မှာထားတဲ့ဆိုင်လေးဆီသို့ရောက်ခဲ့ကြပါတယ်။ နေသိပ်ပူနေလို့လားမသိဘူး ထမင်းစားလို့သိပ်မကောင်းခဲ့ပါဘူး။ ပဲနို့ကတော့ တော်တော်လေးကိုအရသာရှိပါတယ်။ Protein ကတော့အပြည့်ပဲ နေမှာ။ ထမင်းဆိုင်အပြင်ဖက်ကတော့ သူတို့ကိုရီးယားရိုးရာဟင်းတွေချက်တိုင်း မပါမပြီးတဲ့ ပဲငပိ (ဒွင်းဂျန်း - 된장)တို့ ငြုပ်သီး (ဂိုချူးဂျန်း-고추장 ) တို့ စိမ်ထားတဲ့ အိုးတွေပေါ့။ ငြုပ်သီး ဆိုလို့အတောင့်တွေမဟုတ်ဘူးနော် ငြုပ်သီးအခြောက်အမှုန့်ကို ပဲငပိလိုဖြစ်အောင်ဖောက်ထားတာ။ ဘိုလိုတော့ Korean hot peeper paste လို့ခေါ်တယ်။ အင်္ဂလိပ်လိုပြောမှ မျက်စိထဲပိုမြင်သာမယ်ထင်တယ်နော်။ စပ်ပေမယ့် စားလို့ကောင်းသား။ များလွန်းရင်တော့ မစားနိုင်တော့အောင်ကို စပ်ပါတယ်။ တော်ရုံလေးဆို စားနိုင်ပါတယ်။




ထမင်းစားပြီးလို့အပြန်မှာ ဂျင်စင်းစိုက်ခင်းတွေလိုက်ပြပါတယ်။ ဂျင်စင်းက အေးမြတဲ့ရာသီဥတုကိုကြိုက်ပြီး တောင်ပေါ် ဒေသမှာပဲပေါက်တာမို့ ဒီဒေသက ကိုရီးယားရိုးရာဂျင်စင်းဆေးမြစ်တွေ စိုက်ပျိုးထုတ်လုပ်တဲ့ အဓိကဒေသတစ်ခုဖြစ် ပါတယ်။ ဂျင်စင်းကိုတူးဖော်အသုံးပြုနိုင်ဖို့ ၇-၁၀ နှစ်စောင့်ရတာမို့ဈေးကြီးရခြင်းလည်းဖြစ်ပါတယ်။ ငွေမလိုသေးရင် နှစ် ၂၀ ကနေ နှစ် ၁၀၀ ကြိုက်သလောက်ထားနိုင်ပါတယ်တဲ့။ သက်တမ်းရင့်ဂျင်စင်းခင်းတစ်ခုရဲ့ တန်ဖိုးကတော့ နဲမှာမဟုတ်ပါဘူး။ ဆေးစိမ်ထားတဲ့ ဂျင်စင်းကလည်း နှစ်ကြာကြာစိမ်ထားတဲ့ ဆေးဖြစ်လေဈေးကြီးလေပါပဲ။ ဆေးမြစ် ကိုယ်တိုင်က အသက်ရှည်လေတော့ ဂျင်စင်းဆိုရင် အသက်ရှည်ဆေးဆိုပြီး ကြော်ကြားတာထင်ပါရဲ့။



ဒါကတော့ ဒိုရာဂျီလို့ခေါ်တဲ့ဆေးဘက်ဝင်အပင်တစ်မျိုးပါပဲ။ သီချင်းထဲမှာ ဒိုရာဂျီဆေးမြစ်လေးတွေ တောင်ပေါ်မှာလိုက်တူးရင်း တဖြည်းဖြည်း ခြင်းတောင်းလေးပြည့်လာတော့ ပျော်နေတဲ့ ကောင်မလေးရဲ့ သီချင်းလေးကို အဖွဲ့နဲ့အတူဆိုဘူးပါတယ်။ အခုမှပဲ အပင်ကို ကိုယ်တိုင်မြင်ဘူးတော့တယ်။


ကိုရီးယားက တကယ့်ကို စက်မှုနိုင်ငံဖြစ်သွားခဲ့ပြီဆိုတော့ စိုက်ပျိုးရေးမှာ စိတ်ဝင်စားပြီးလုပ်မယ့်သူတွေလည်း နည်းသွားပြီ။ စိုက်ပျိုးရေးကလည်းတကယ့်ကို တပိုင်တနိုင် Small scale agriculture သဘောလောက်ပဲကျန်ပါတော့ တယ်။ လုပ်နေတဲ့လယ်သမားတွေကလည်း အသက်တွေရလာကုန်ကြပါပြီ။ အခုသွားလည်ခဲ့တဲ့ခြံလေးကဆိုရင် တစ်မျိုး နဲနဲလေးနဲ့ ပြောင်းဖူးတစ်တန်း ငြုတ် တစ်ဘောင် ကန်စွန်းတစ်ခင်း စသည်ဖြင့်လေးတွေပဲ စိုက်ထားတာတွေ့ခဲ့ရပါတယ် အလုပ်လုပ်နေတဲ့ အဖွားနဲ့လည်းအမှတ်တရပေါ့ ...





သစ်တုံးပေါ်မှာ မှိုမွေးထားတာပါ။ သူလဲ ၃-၄လစောင့်ရပြီး ပွင့်လာရင်တော့ အခြောက်လှန်းပြီးပြန်ရောင်းရင် ဈေးကောင်းရတဲ့မှိုတစ်မျိုးပါ။ မှိုနံမည်မခေါ်တတ်လို့ မဖော်ပြနိုင်တာကိုခွင့်လွှတ်ပေးကြပါ။


လုပ်အားရှားပါးတော့ ဒီလောက် လက်သည်းခွံလောက်ခြံလေးပိုင်တဲ့ လယ်သမားကတောင် ဒီလို စက်ယန္တယား တစ်စီး ပိုင်ပါတယ်။ အစက အစုတ်ကြီးမှတ်နေတာ လယ်သမားက တက်မောင်းပြမှ workable condition ဆိုတာ သဘောပေါက်ပြီး ဒို့နိုင်ငံမှာဆို ဒီလိုစက်မျိုးက အစိုးရနဲ့ ချမ်းသာတဲ့ ကုမ္ပဏီတွေပဲပိုင်နိုင်တာ ဆိုပြီးတွေးမိခဲ့ပါသေးရဲ့။

လယ်သမားအပန်းဖြေနားနေတဲ့နေရာလေးမှာ ဖိလစ်ပိုင်နဲ့လာအိုကသူငယ်ချင်းတွေနဲ့အတူတူ . . .



စိုက်ပျိုးရေးခြံလေးတွေကြည့်ပြီးတော့ Imjingak အင်မ်ဂျင်းဂါ့ဂ် အပန်းဖြေစရာနေရာလေးကိုရောက်ရှိခဲ့ပါတယ်။ Imjin ဆိုလို့ပြောရဦးမယ် ဟန်မြစ်က မြောက်ကိုးရီးယားကနေမြစ်ဖျားခဲ့စီးဆင်းလာတာဖြစ်ပြီး မြောက်ကိုရီးယားမှာ တော့ ဟန်မြစ်ကို အင်ဂျင်းမြစ်လို့ခေါ်ပါတယ်။ မြောက်ကိုရီးယားမှာ Imjingang (암진강-အင်ဂျင်းဂန်းန်)ဖြစ်ပြီး နယ်စပ်ကို ကျော်လာတာနဲ့ အဲဒီမြစ်ကပဲ ကိုရီးယားလို့ဆိုလိုက်ရင် ယှဉ်တွဲပါနေတဲ့ Hangang (한강-ဟန်ဂန်း) ဖြစ်သွားပါတယ်။ ဒီနေရာလေးကို ကွဲကွာနေတဲ့ နှစ်နိုင်ငံက မိသားစုတွေ တစ်နှစ်တစ်ခါ လာရောက် တွေ့ဆုံနိုင်ကြဖို့ အပန်းဖြေနိုင်ကြဖို့ရည်ရွယ်ပြီး ဆောက်ထားတဲ့နေရာလေးပါ။ ခြားထားတဲ့ခြံစည်းရိုးပေါ်မှာ သူတို့ရဲ့ ဆုတောင်းလေးတွေဖတ်ရတာ စိတ်မကောင်းစရာပါ။ နှစ်နိုင်ငံစစ်ဖြစ်တုန်းက ဒါဏ်ခံခဲ့ရတဲ့ ကျည်ဆန် အချက်ပေါင်း ၁၀၂၀ မှန်ထားတဲ့ ရထားစက်ခေါင်းကြီးကိုလည်း ပြသထားပါတယ်။ ရထားကြီးခမျာ သနားစရာ။












ရှားရှားပါးပါး ဖြတ်သွားတဲ့ ရထားလေးကိုလည်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


အပြန်ခရီးမှာ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကို ခြားထားတဲ့သံဆူးကြိုးတွေကာရံထားတဲ့နယ်ခြား barbed wire border line လေးကို ဓါတ်ပုံရိုက်ယူရင်းနဲ့ ပဲ ပြန်လာခဲ့ကြပါတော့တယ်။

No comments:

Post a Comment