"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Thursday, February 24, 2011

မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ကြပါစို့

ခုတစ်လော မင်္ဂလာ တရားတော်တွေအကြောင်းကို ထဲထဲဝင်ဝင် သိချင်စိတ်တွေဖြစ်နေမိပါ တယ်။ အာသေ၀နာစဗာလနံ လူမိုက်ကို မပေါင်းနဲ့ ပဏ္ဍိတာနစ္စသေ၀နာ ပညာရှိကို ဆည်းကပ်ပါ စသည်ဖြင့် ငယ်စဉ်ကတည်းက သိထားတဲ့ အပေါ်ယံတွေထက်ပိုမိုနက်နဲတဲ့ အရာတွေကို သိချင်နေမိပါတယ်။ ဘယ်လိုလူကို လူမိုက်လို့ ခေါ်ရမှာလဲ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ လူမိုက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (What is the definition of Barla?) တွေ များရှိနေမလား စသည်ဖြင့် လက်လှမ်းမှီရာဆရာတော်တွေမေးကြည့် စာအုပ်တွေရှာဖတ် လုပ်နေမိပါတယ်။ စိတ်က မင်္ဂလာတရားတော် တွေမှာ ညွှတ်နေမိတုန်းမှာပဲ ဖတ်မိတဲ့စာတွေက စာရေးသူကို သိချင်စိတ်ပိုသထက် ပိုလာစေခဲ့ပါတယ်။ အဲဒါတွေကတော့ ဆရာကြီး ဦးဂိုအင်ကာရဲ့ အတ္ထုပတ္တိဖတ်မိတဲ့အခါ ဆရာကြီးနဲ့ သူ့မိသားစုက နေ့စဉ် ဘုရားဝတ်တက်ကြရင် မင်္ဂလသုတ်ကို ပါဠိအသံထွက် ပီပီသသနဲ့ အမြဲရွတ်ဆို ပူဇော်ကြတယ်လို့ရေးထားပြီး ဆရာတော် ရှင်ဆေကိန္ဒ ၂၀၁၀ ဒီဇင်ဘာလတုန်းက ကိုရီးယားကိုကြွလာတော့ ပေးခဲ့တဲ့ The Meditation Practice based on the Blessing Discourse (Mangala Sutta) ဆိုတဲ့ စာအုပ်ငယ်လေးကလည်း စာရေးသူကို သိချင်စိတ်ပိုနှိုးဆွပေးခဲ့ပြန်ပါတယ်။ အစက ထင်ထားတာက မင်္ဂလသုတ်နဲ့ မင်္ဂလာတရားတော် တွေဟာ လောကမှာ မင်္ဂလာရှိအောင် နေနည်း ထိုင်နည်းတွေလို့ပဲ ထင်ထား ခဲ့ရာကနေ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သောတရားတွေ အကုန်လုံးဟာ နိဗ္ဗာန်ကို ဆောင်ကြဉ်းနိုင်တယ် ဆိုတဲ့အတိုင်း မင်္ဂလသုတ်ထဲက လမ်းညွှန်ချက်တွေ အတိုင်း ကျင့်ကြံအားထုတ်ရင် လောကီအကျိုးစီးပွားတွေသာမက နိဗ္ဗာန်ချမ်းသာတိုင်အောင် ပို့ဆောင်နိုင်တယ်ဆိုတာ သိရလို့ အလွန်အားတက်ခဲ့ရပြန်ပါတယ်။ စာအုပ်လေး ခေါင်းစဉ်ကကို စာရေးသူကို ဆွဲဆောင်ခဲ့ရုံသာမက အထဲကရှင်းလင်းချက်တွေ ဖတ်ကြည့် လိုက်ပြန်တော့ နှိုက်နှိုက်နှဲနှဲ ထပ်သိသင့်တာတွေပါ ပေါ်လာပြန်ပါရော။ ငယ်ငယ်က အင်္ဂလိပ်စာ စလေ့လာတော့ စာရေးသူရဲ့ အဖေက English-English Dictionary ကိုကြည့်မှ ပိုတိုးတက်မယ်ဆိုလို့ အဖေ့ရဲ့ ဦးထွန်းငြိမ်း English-Myanmar Dictionary ကြီးကို မကိုင်မိအောင်ကြိုးစားရင်း Oxford E-E အဘိဓာန်ကြည့်မှ ကိုယ်သိချင်တဲ့စာလုံးကိုရှင်းပြထားတဲ့ ထဲမှာ မသိတာကပါနေ အဲဒီစာလုံးဘာလဲ ထပ်ရှာတော့ မသိတာကထပ်ပါနေတော့ ထပ်ရှာရင်းနဲ့ ရှေ့မတက်လာတော့ပဲ နောက်ကိုပြန်သွားနေလိုက်တာ တခါတလေ မူလရှာနေတဲ့စာလုံးတောင် ငါဘာရှာနေတာပါလိမ့် မေ့လုကာနီးဖြစ်ခဲ့ ဖူးသလိုပေါ့ အခုလည်း ၀မ်းသာအားရ ဖတ်မယ်ဆိုမှ ဆရာတော်က အတိုချုပ် ရှင်းပြထားတာဖြစ်နေတော့ နောက်ပြီး ကိုယ့် အင်္ဂလိပ်စာကလည်း ဗုဒ္ဓတရားတော်တွေကို အင်္ဂလိပ်လို ဘာသာပြန်ရေးသားတာတွေ အကုန်နာလည်လောက်အောင် မပြည့်ဝလေတော့ ထပ်အခက်အခဲတွေ့ရပြန်ပါတယ်။ တစ်ခါ နားလည်တဲ့ စာသားတွေ (ဥပမာ "To practise developing the four bases of success, the five spiritual faculties and the five spiritual powers, is the highest blessing, the cause of happiness". p28-29) ကျပြန်တော့လည်း ရေးထားတာတွေနားလည်ပြီး the four bases of success ဆိုတာ ဘာလဲ၊ the five spiritual faculties ဆိုတာကရောဘာပါလိမ့် the five spiritual powers ဆိုတာလည်း မသိပြန်ဘူး စသည်ဖြင့် တကယ့်ကို E-E Dictionary ကြည့်နေမိသလို ဖြစ်ရပါတော့တယ်။ ဘူဖျောင်းက ဓမ္မဒူတ ဘုန်းတော်ကြီးကျောင်းရောက်တော့မှ ဆရာတော် ဒေါက်တာနန္ဒက ကိုမေးလျှောက်မိတော့ Four bases of success ဆိုတာ စေးနဲသူကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ခြင်း၊ အမျက်ထွက်သူကို သီးခံခြင်းဖြင့် အောင်နိုင်ခြင်း၊ လိမ်ညာလှည့်ဖြားတတ်သူကို မှန်ကန်စွာပြော ဆိုခြင်းဖြင့်အောင်နိုင် ခြင်း နဲ့အဓမ္မကို ဓမ္မဖြင့် (သူတော်ကောင်းတ ရားဖြင့်) အောင်နိုင်ခြင်း တွေဖြစ်တယ် ဆိုတာ သိလာရပါတယ်။ The Five Spiritual Faculties ဆိုတာကတော့ အိနြေ္ဒငါးပါးဖြစ်ပြီး သဒ္ဓိနြေ္ဒ၊ ၀ိရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ နှင့် ပညိနြေ္ဒ တို့ဖြစ်ပါတယ်တဲ့။ The Five Spiritual Powers ဆိုတာကတော့ ဗိုလ်ငါးပါးကို ဆိုလိုပုံရတယ်လို့ပြောပါတယ်။ ဗိုလ်ငါးပါးဆိုတာတွေကတော့ သဒ္ဓါဗိုလ်၊ ၀ီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ် နဲ့ ပညာဗိုလ်တို့ဖြစ်ပါတယ်တဲ့။ ဒီလိုနဲ့ မေးစရာ သိစရာတွေ အလွန်များနေစဉ်မှာပဲ ဆရာတော် အရှင်ဆေကိန္ဒ ဖေဖော်ဝါရီလမှာ ကြွလာတုန်းက စာရေးသူက ဒယ်ဂူးမှာ ရောက်နေလို့ မရလိုက်သေးတဲ့ မင်္ဂလသုတ္တန်တရားတော်အရ တရားအားထုတ်နည်း ဆိုတဲ့စာအုပ်လေး ဖတ်လိုက်ရတော့မှ သိချင်နေတာတွေ အကုန်ရှင်းလင်းသွားပြီး ရေငတ်နေတုန်းရေတွင်းထဲကျ ဆိုသလို စိတ်ထဲဆာနေတာတွေ ပြည့်သွားပါတော့တယ်။ စာအုပ်လေးက ဓမ္မဒူတ ဇေတ၀န် တောရ စာစဉ်လေး ဖြစ်ပြီး ဆုပြည့်စုံထွန်းစာပေက ၂၀၁၁ ဇန်နာဝါရီလကမှ ပုံနှိပ်ထုတ်ဝေလိုက်တာလေးမို့ အားလုံး အလွယ်တကူဝယ်ထားပြီး အထပ်ထပ်ဖတ်ကြရုံသာမက လက်တွေ့ကျင့်ကြံကြခြင်း ဖြင့် လောကီ လောကုတ် နှစ်ဖြာလုံး အကျိုးရှိမယ့် စာအုပ်လေးဖြစ်ကြောင်း စာအုပ်လေးကို ရည်ညွှန်းရင်းနဲ့ပဲ ကလေးတွေအတွက် ရည်ရွယ်ဖွဲ့ဆို ခဲ့ပုံရတဲ့ ၃၈ ဖြာ မင်္ဂလာဆိုတဲ့ ကဗျာလေးက ကလေးတွေအတွက်သာမက အရွယ်သုံးပါးလုံးကို နိဗ္ဗာန်တိုင်အောင် ဆောင်ကြဉ်းပို့ဆောင်ပေးမယ့် ကဗျာလေးဖြစ်တာမို့ ကဗျာလေးကို တစ်ပိုဒ်ပဲ ရတော့လို့ လိုချင်နေတာ ဆရာတော်က Google မှာရှာကြည့်လိုက်ပါဆိုတဲ့အတိုင်း လို-တ-ရ Google search ကနေတစ်ပါတည်း ရှာဖွေဖော်ပြလိုက်ရပါတယ်။

စာဖတ်သူအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံအောင် ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ။ အီဟွာသူ (၂၅-၂-၂၀၁၁)

၃၈ ဖြာ မင်္ဂလာတရားကဗျာများ

(က) မင်္ဂလာနိဒါန်း
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်း ဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား၊ ၀ါဒများ၊ ကွဲပြား နတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာမင်္ဂတွေ။

(ခ) သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းဝယ်
ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ။
သန်းခေါင်ယံခါ မထင်ရှားသည့်၊
နတ်သားတစ်ယောက် ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောက၊ို
ထင်ရှားဟောဖို့ လျှောက်ပန်ချွေ။
အသေ၀နာ တရား၊ အစထား၊ ဟောကြား မိန့်ခဲ့ပေ။
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး
အသေ၀နာ စ ဂါထာ
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေး၊ သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး
ပတိရူပ ဂါထာ
ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးက တင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ သင်ကြားရေး မင်္ဂလာ ၄ ပါး
ဗာဟုသစ္စဉ္စ ဂါထာ
တတ်ကောင်း တတ်ရာ ဟူသမျှကို၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၎။ ပြုစုရေး မင်္ဂလာ ၃ ပါး
မာတာပိတု ဂါထာ
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး
ဒါနဉ္စ ဂါထာ
သုံးတန်စေတနာ ဖြုစင်လန်းလို့၊
ပေးကမ်းဝေမျှ လှုနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး
အာရတီ ၀ိရတီ ဂါထာ
မကောင်းမှုတွေ ဟူသမျှကို၊
မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့
အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့
မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား၊ တရား မမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
ဂါရဝေါ စ ဂါထာ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊
ဆည်းကပ် ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊
ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ သည်းခံရေး မင်္ဂလာ ၄ ပါး
ခန္တီစ ဂါထာ
ဝတ်စား နေထိုင် ရန်ခပ်သိမ်း၊
စိတ်ကို ချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး
တပေါ စ ဂါထာ
လောကီအာရုံ ဇိမ်ယစ်မူးလို့၊
ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္ဓစိုရ် လက်ကိုင်သုံးလို့၊
သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊
အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ အလင်း ပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
ဖုဋ္ဌဿ ဂါထာ
ဆင်းရဲ ချမ်းသာ သဘာဝ၊
တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊
တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊
မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၁။ မင်္ဂလာ၏အကျိုး
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊
လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊
စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။


(ကဗျာလေးကို http://kyawkyawoo81.blogspot.com/2008/07/blog-post_22.html
မှကူးယူဖော်ပြပါသည်)