"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Friday, August 6, 2010

Inspiring Night in Korea

ဲJune 23, 2010 (Wednesday) နေ့မှာ Korea Cultural and Information Service က Changdeok Palace မှာ ကျင်းပပြုလုပ်တဲ့ Inspiring Night in Korea ဆိုတဲ့အခမ်းအနားလေးကို KBS ရုပ်မြင်သံကြားကနေတဆင့်ဖိတ်ကြား လာတာမို့ ကြိုတင် Registration လုပ်ထားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့အတူသွားဖို့ အတူကြိုတင်စာရင်းသွင်းခဲ့ကြ ပေမယ့် တကယ့်နေ့လည်းရောက်လာရော စာမေးပွဲတွေ Presentation တွေနဲ့တိုက်နေလို့ မလိုက်နိုင်ကြတော့လို့ သမ္မတကတော်ကိုယ်တိုင်တက်မယ့်ပွဲလည်းဖြစ်နေတာမို့ အခွင့်အရေးကိုလက်မလွှတ်ချင်တာနဲ့ တစ်ယောက်တည်းပဲ လာဖြစ်ခဲ့ပါတယ်။ နန်းတော်အ၀င်မှာကတည်းက ရှေးနန်းတော်ရဲ့ အငွေ့အသက်တွေကော First Lady လာမှာမို့ ခေတ် Security တွေကော အထူးတင်းကြပ်ထားတဲ့ နန်းတော်ရဲ့အငွေ့အသက်နဲ့ မြင်ကွင်းကို အဝေးကနေပဲမြင်နိုင် ပါတယ်။ နန်းတော် အစောင့်စစ်သားကြီးတွေက တကယ့်ထောင်ထောင်မောင်းမောင်းမြင့်မြင့်မားမားကြီးတွေပါ။ (သာမန်ကိုရီးယားပြည်သူ တွေထဲမှာလည်း အခုဆို အမျိုးသားတွေက အတော်ကို အရပ်မြင့်ကုန်ကြပါပြီ။)

Changdeok Palace ချန်ဒေါက်နန်းတော် ကို ဂျိုဆောင်ခေတ် (Jeseon Dynasty) 14th Century ၁၄ ရာစုနှစ်မှာ ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ နှစ်ပေါင်း ၆၀၀ ကျော်နေပြီဖြစ်တဲ့ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တာမို့ ၁၉၉၇ ခုနှစ်မှာ UNESCO က World Heritage အဖြစ်စာရင်းသွင်းပြီး ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ သာမန်အချိန်တွေမှာ ပြတိုက်အဖြစ် နိုင်ငံခြားသားခရီးသွားများအတွက် Tourist attraction point တစ်ခုဖြစ်ပါတယ်။




Registration Section ကတော့ သမ္မကတော်ကိုယ်တိုင်တက်မယ့်ပွဲဖြစ်တာမို့ လုံခြုံရေးအထူးတင်းကြပ်ထားပါတယ်။ နိုင်ငံ ခြားသားဧည့်သည်တွေကို Alain Registration Card လို့ခေါ်တဲ့နိုင်ငံခြားသားမှတ်ပုံတင်ကဒ်နဲ့တိုက်စစ်ပါတယ်။ Tourist တွေကိုတော့ Passport နဲ့တိုက်စစ်ပါတယ်။ နောက်ပြီး လေဆိပ်ထဲဝင်ရင် စစ်သလိုလည်း ဖြတ်ရပါသေးတယ်။ ဖြတ်ပြီးတော့လည်း တီတီနဲ့ သတ္တုရှာတဲ့ကရိယာနဲ့ကလည်းစစ်လိုက်ကြပါသေးတယ်။




Registration ကိုဖြတ်ပြီးဝင်လာတော့ လက်ဆောင်ပေးနေတဲ့နေရာမှာ တန်းစီရတဲ့လူတန်းကြီးကရှည်နေတာနဲ့ ကိုယ့် နောက်ကတန်းစီနေတဲ့ ကောင်မလေးကို ဓါတ်ပုံလေးရိုက်ပေးပါလားဆိုပြီး အမှတ်တရတစ်ပုံ ရိုက်ဖြစ်ခဲ့ပါသေးတယ်။
နောက်ပြီး အရုပ်ကြီးတွေကလည်းချစ်စရာကောင်းတာနဲ့ အမှတ်တရပေါ့ . . .




နန်းတော်အတွင်းဆောင်ကိုဝင်တော့ တံတားပေါ်မှာ အပျိုတော်လေးတွေကလည်းကြိုနေကြပါတယ်။ သူတို့လည်း ဖြတ်သွားသမျှလူတိုင်းကို ပြုံးပြနေရတာ အတော်ပင်ပန်းနေပုံရပါတယ်။ ပြုံးပြီးရပ်နေရုံပဲဆိုပေမယ့် အတော်တော့ ပင်ပန်းတဲ့အလုပ်ပဲနော်။


Visit Korea Year 2010-2010 အတွက် တရားဝင်ဖွင့်ပွဲအခမ်းအနား ဖြစ်တာနဲ့အညီ Tourism Promotion အတွက် အဓိကလုပ်တဲ့ပွဲမို့ Tourist information တွေကို English, Chinese နဲ့ အခြား ဘာသာစကား (ဂျပန်) တစ်ချို့ အပါအ၀င် ကြိုက်သလောက် အခမဲ့ရယူနိုင်ပါတယ်။ ကိုယ်ကတော့ ကိုရီးယားရိုးရာအစားအစာ စာအုပ်တစ်အုပ်နဲ့ ခရီးသွားမြေပုံ တစ်ချပ်ပဲယူလာခဲ့ပါတယ်။ တရုတ်ခရီးသွားတွေလည်းအတော်များများလာတက်တာမို့ တရုတ်လို စာအုပ်နဲ့ မြေပုံတွေ ကတော့ ပေးမလောက်အောင်ပါပဲ။


ပွဲမစခင် နန်းတော်ရှေ့မြေကွက်လပ်ကွင်းပြင်မှာ ကိုရီးယားရိုးရာ တော့ဂ်လို့ခေါ်တဲ့မုန့်လုပ်နည်းကို လက်တွေ့လုပ်ပြ နေပါတယ်။ ပြီးတော့ လုပ်ပြီးသားမုန့်တွေကိုလည်း အာဂျူမိုးနိ (အာဂျူးမကို ယဉ်ကျေးအောင်ခေါ်တာ) တွေက လိုက် ကျွေးနေတာမို့ ကြိုက်သလောက်စား အ၀စားလို့ရပါတယ်။ ကောက်ညှင်းနဲ့လုပ်တဲ့မုန့်ကို နဂိုကတည်းက ကြိုက်တဲ့ သူဆိုတော့ တော်တော်လေးစားဖြစ်ခဲ့ပါတယ်။






မုန့်တွေလည်းစားပြီးရော မြားပြစ်ကစားတဲ့ဆီကိုရောက်သွားပါတယ် တစ်ယောက်ကိုမြှား ၅ချောင်းပေးပါတယ်။ အဲဒီ မြားကို ရှေ့မှာချထားတဲ့သံကွင်းထဲကိုပစ်ထည့်ရတာပါ။ ၀င်တဲ့သူကို လက်ဆောင်လေးတွေပေးပါတယ်။ ကြိုးစားပြီး ပြစ်ထည့်ခဲ့ပေမယ့် တစ်ချောင်းမှမ၀င်ခဲ့ပါဘူး။ ကိုယ်တင်မ၀င်တာမဟုတ်ဘူး ဆောဂန်းတက္ကသိုလ်က ကင်ညာသူငယ် ချင်းလည်းတစ်ချောင်းမှမ၀င်ဘူး။ (သူခိုးသေဖော်ညှိတာ-ဟဲဟဲ။ လွယ်သလိုနဲ့ လွယ်မှမလွယ်တာလေ . . .)


မုန့်တွေလည်းစား တစ်မျိုး နှစ်မျိုးလည်းကစားပြီးရော ကိုရီးယားရိုးရာဝတ်စုံတွေဝတ်ပြီး ဓါတ်ပုံရိုက်တဲ့ နေရာကိုရောက် သွားလို့ ၀င်တန်းစီခဲ့ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ရှေ့က ၃-၄ ယောက်ကစပြီး ဒီနောက်ပိုင်းကလူတွေကို အားနာပါ တယ်။ ဖွင့်ပွဲစတော့မှာဖြစ်လို့ အချိန်မမှီတော့ပါဘူးဆိုပြီး လာတောင်းပန်တာနဲ့ မင်းနဲ့မိဘုရားလို အဆင်သင့်ဝတ်ထား ပြီး ဓါတ်ပုံအရိုက်ခံနေတဲ့ မင်းနဲ့မိဘုရားကြားမှာပဲ ၀င်ထိုင်ပြီး ဓါတ်ပုံရိုက်လာခဲ့ပါတော့တယ်။ သူတို့ဝတ်စုံတွေကပဲ ကြွားလို့လား လူကောင်တွေကပဲကြီးလို့လားတော့မသိဘူး ကိုယ်တောင် နဲနဲသေးသွားသလိုတော့ ခံစားမိခဲ့ရပါတယ်။


Official Opening Ceremony for Visit Korea Year 2010-2012 ကို သမ္မတကတော်ကိုယ်တိုင်တက်ရောက်ဖွင့် လှစ်ပေးခဲ့ပါတယ်။ အခမ်းအနားမှာ အဓိက ကူညီပံ့ပိုးသူများလည်း တက်ရောက်ပြီး မိန့်ခွန်းတွေအသီးသီးပြောကြားခဲ့ ကြပါတယ်။ တခြားတက်ရောက်သူတွေကို မသိပေမယ့် ရုပ်ရှင်မင်းသားမင်းသမီးတွေထဲကတော့ လီဟန်နီလို့ မြန်မာ ပရိတ်သတ်တွေသိကြတဲ့ မင်းသမီးရယ်၊ နောက် အဆိုတော်မင်းသားတစ်ယောက်ရယ်၊ Love Story in Harvard ဇာတ် လမ်းတွဲထဲမှာ လူဆိုးသူဌေးကြီးလုပ်ရတဲ့ အနောက်တိုင်းသားကြီးရယ်ကိုတော့သိလို့ ကိုယ့်အသိတွေတွေ့ခဲ့ရတဲ့ အတိုင်းပဲ အတော်ပျော်ခဲ့ရပါတယ်။ မင်းသားနဲ့မင်းသမီးကတော့ ဖွင့်ပွဲအပြီး မီးတွေကိုအမှောင်ချပြီး မီးပုံးကြီးကို အာရုံစိုက်နေကြတုန်း သမ္မတကတော်နဲ့အတူပြန်လည်ထွက်ခွာသွားကြပါတယ်။ ဟားဗတ်မင်းသားကြီးပဲပြန်လာလို့ သူနဲ့ပဲဓါတ်ပုံတွဲရိုက်ခဲ့ရပါတယ်။ လီဟန်နီက အပြင်မှာတွေ့တော့မှ တော်တော်ကို အရပ်မြင့်တဲ့ အမျိုးသမီးဆိုတာ သတိထားမိပါတော့တယ်။







ဖွင့်ပွဲအပြီးမှာ Great Bell ခေါင်းလောင်းကြီးကို လေနဲ့မှုတ်သွင်းလိုက်တော့ ဇာတ်စင် အစွန်တစ်နေရာကနေ ဖောင်းကြွ ပြီးထလာပါတယ်။ လေအပြည်မှုတ်သွင်းပြီးသွားတော့ မီးဆလိုက်တွေထိုးလိုက်တော့ အတော်လှပတဲ့ ခေါင်းလောင်းကြီး အဖြစ်တွေ့မြင်ကြရပါတယ်။ လူတွေ ဒါကိုအာရုံစိုက်နေတုန်း သမ္မကတော်နဲ့အထူးဧည့်သည်တော်များအဖွဲ့က ပြန်လည် ထွက်ခွာသွားကြပါတယ်။ လူတွေဘယ်သူမှ သိပ်အာရုံမစိုက်မိခင် အသာလေးပြန်ထွက်ခွာသွားနိုင်ဖို့စီစဉ်ထားတာ စနစ် ကျလှပါတယ်။

ကိုရီးယားခရီးသွားနှစ် ၂၀၁၀-၂၀၁၂ ကိုတရားဝင်ဖွင့်လှစ်အပြီးမှာ ကိုရီးယားရိုးရာယဉ်ကျေးမှု အဆိုအတီးတွေနဲ့ ပရိတ်သတ်တွေကိုဖျော်ဖြေခဲ့ပါတယ်။ အဓိက ကတော့ ဗုံတွေကို အမျိုးမျိုး လက်စွမ်းပြတီးခတ်ကြတာပါပဲ။ ဟိုပွဲ ဒီပွဲ ကြားနေဖြစ်ပေမယ့် နားထောင်တိုင်းလည်း အမြဲဆန်းနေပါတယ်။ ခေါင်းပေါ်မှာ ဆောင်းထားတဲ့ခမောက်ပေါ်က ကြိုးစအဖြူ အရှည်ကြီးကို လှုပ်လှုပ်ပြီး ကြိုးကိုပုံဖော်ပြီးကရတဲ့ အကကတော့ လွယ်မလို နဲ့ အတော်မလွယ်တဲ့ အကတစ်ခုပါ။ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ဦးရဲ့ အသံနဲ့ သီဆိုဟန်ကလည်း တစ်ခါကြားရုံနဲ့ ကို မမေ့နိုင်စရာပါ။ ဒါကြောင့်လည်း မင်းပွဲ စိုးပွဲ နိုင်ငံတော်အခမ်းအနားမှာ ဖိတ်ကြားခံရတာပေါ့။ အမျိုးသမီးငယ်လေး တွေရဲ့ လူ ၂၀ ကျော်လောက်ကို အ၀တ်အစားအကောင်းလေးတွေဝတ်ပြီး လှပညီညာစွာ ကပြအသုံးတော်ခံသွားတာ လေးတွေလည်း ကြည့်ခဲ့ရပါတယ်။







အပြန်လမ်းမှာ အပျိုတော်လေးတွေက ရိုးရာ စက္ကူမီးအိမ်လေးတွေကိုင်လို့ နောက် နန်းတော်တွင်း အစောင့်အကြပ်တွေ နဲ့ဆိုတော့ တကယ့်နန်းတော်ရဲ့ အငွေ့အသက်ကို ခံစားစေမိသလို ချန်ဂင်ဇာတ်ကားတို့ ဂျူမုံဇာတ်ကားထဲကလို မြင်ကွင်းတွေကိုလည်း အမှတ်ရစရာဖြစ်စေခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ တီးနေတဲ့အဖွဲ့တွေက စင်ပေါ်ကနေဆင်းပြီး ဆက်တီးသွားကြပြီး ကပွဲရှေ့ကွက်လပ်ကွင်းပြင်မှာ ဧည့်သည်တွေကိုပါ ပါဝင်စေပြီး သူတို့ ကိုရီးယားရိုးရာတီးလုံးနဲ့တွဲပြီး အားလုံးဝိုင်းကကြပါတယ်။ ပျော်စရာကြီးပါ။ အားလုံးဝင်ကတဲ့အထဲတော့ ၀င်မကတော့ဘဲ ဓါတ်ပုံပဲရိုက်ယူလာခဲ့ပါတယ်။





အခမ်းအနားပြီးတော့အပြန်ဘူတာမှာ ရထားစောင့်ရင်း ဒါရိုက်တာရင်ရယ် ကိုရီးယားရဲ့ icon လေးဖြစ်တဲ့ ကမ္ဘာကျော် ရေခဲပြင်စကိတ် ချန်ပီယံ Kim Yuna (ကင်မ်ယူနာ) တို့ 2010 World Cup မှာခြေစစ်ပွဲအောင်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုရီးယားအသင်းကို Once again Korea ! (다시한번 대한민국 - ဒါရှီဟန်ဘော်န် ဒယ်ဟန်းမင်းဂု) ဆိုပြီး အားပေးထားတဲ့လျပ်စစ်ကြော်ငြာပိုစတာကြီးတွေကလည်း လှလွန်းလို့အမှတ်တရ ဓါတ်ပုံရိုက်ယူလာဖြစ်ခဲ့ပါတယ်။
Inspiring Night in Korea ဆိုသလိုပဲ မှတ်မှတ်ရရ ဆိုးလ် ညလေးတစ်ညပေါ့။







No comments:

Post a Comment