"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Thursday, January 19, 2012

နှစ်သက်မိသော ကဗျာလေးတစ်ချို့

အမေစု ၏ စာကဗျာ

ဘ၀ဟူသည်
တိုတောင်းလှပေစွ
ကန်ရေပြင်၌ တက်သောေ
ရပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ ဆန့်မသွားမီ
မတည်သော အသက် ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏တရား။

တနေ့ တချိန်
လေမှာလွင့်သော....ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။

ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျွန်မ ကိုယ် ကျွန်မ
ဖေဖေလို
အာဇာနည်လို့ မယူဆပါဘူး
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုး ကောင်းစားရေးကို
ရှေးရူသူသာဖြစ်တယ်။

အကယ်၍ ကျွန်မသေလွန်တဲ့အခါ
မငိုပါနဲ့ မပူဆွေးကြပါနဲ့
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ
မလုပ်ကြပါနဲ့။
ကျွန်မကို ချစ်သူ မချစ်သူ
မည်သူမဆို လာရှုနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင် မုချ အသုဘ ကမ္မဋ္ဌန်း
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျွန်မသေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။

ကျွန်မ၏ အထွဋ်မြတ်သော ဆံပင်
ရွှေတိဂုံ ဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ.....
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား...ကျောက်ကပ်
အသည်းကလီဇာများ
ကောင်းသေးပါက
လိုအပ်သူများအား လှူဒါန်းပေးပါ။

မသာတခေါက်
ကျောင်းဆယ်ခေါက်
နာရေး ကူညီသော စေတနာရှင်
စင်ကြယ်သော ကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာကို
လှူပါတယ်။
ဖုတ်ကျည်းသဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသဂြိုလ်ပြီး....
ရလာသော ခန္ဓာ၏ ပြာမြေဇာ
အပင်တို့အတွက်
မြေသြဇာ ကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့)
ကျမ၏ အကျဉ်းထောင်
အင်းစိန်ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ခြံတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင် ...စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မရဲ့ မြန်မာ အ၀တ်အစား
ရိုးသားသော
မြန်မာအမျိုးသမီးများ၏ တန်ဖိုးများ
နောင်လာနောင်သားများ ရှုမြင်စေ။

ကျွန်မ၏ ကျန်ရစ်သော
ဘဏ်ငွေသားအနည်းငယ်။။
ကျွန်မ၏ ဈာပနစရိတ်နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်
ကျန်းမာရေး ဇီဝိတဒါန ဆေးအလှူ
ကွယ်လွန်သူ မိဘများ အမှူးထား၍
ကျွန်မနှင့် ကွယ်လွန်သော
ခင်ပွန်းအတွက်
သားများမှ ရေစက်ချ....အမျှဝေစေချင်ပါတယ်။

ကျွန်မရသော ငြိမ်းချမ်းရေး
နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုးအတွက် မသုံးစွဲ
တပြားမချန်
မြန်မာပြည်သူများအတွက်
ကျန်းမာရေးနှင့် ပညာရေး ရန်ပုံငွေ
လှူဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ
ချမ်းသာကြပါစေ။
ကြား...ကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူ။

အမျိုးအတွက် ထားတဲ့
အမေ့ရဲ့ စေတနာကို
နားလည် ပါရမီ ဖြည့်ပေးသူ သားများ
အမေ့ဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
ဘုရားပေးသော ဆုလာဘ်
ဒီသားများသာ ဖြစ်ပါတယ်။
သားများအတွက်......
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာမှ တပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့် ကြံ့ခိုငသော မျိုးရိုးအမွေ
အောင်ဆန်းမျိုးရိုး....ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား
စောင့်ရှောက်သော ကျေးဇူး
အထူးမမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါးကုသပေးသော
မောင်ငယ် ဒေါက်တာမျိုးဝင်း
သမားစိတ်ရင်းကြောင့် ကျမ
အသက်ရှည်....
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ....
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော
မိတ်ဆွေသင်္ဂဟ
သိသူ မသိသူမှန်သမျှ
ကျွန်မ ပြုသော ကုသိုလ် အဖို့ဘာဂ
ဝေမျှပါတယ်။
ရွှင်လန်းကြပါစေ။

ကျွန်မ၏ တစ်ဦးတည်းသော
ချစ်ရသော အစ်ကိုကြီး
သွေးသားစပ်သူ ဦးအောင်ဆန်းဦး
အတွက်......
ကျွန်မ အဖေ၏ ပန်းချီကားတချပ်....
သူမသေခင်.....ခေါင်းရင်းမှာ
ချိပ်ဖို့ ပေးအပ်ခဲ့တယ်။

အနှစ် ၂၀
သက်တမ်းအရ သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင်
ဒေါက်တာစိန်ဝင်း
ကျွန်မရဲ့ အနှစ် (၂၀)
အချုပ်ကာလအတွင်
ကျွန်မ ရတဲ့ ဆုတွေ လက်ခံတဲ့အခါ
စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူးတင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့
ကျွန်မအပေါ် ......မရှိတဲ့
အပြစ်ကိုတင်.....အကွက်ဆင်
အတင်းထောင်ချ....သပ်သျှိုပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှူးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက်စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏
ကျွန်မ မခေါ်ဘဲ
အလည်လာတဲ့ ဧည့်သည်
ကျွန်မ အသက်ဘေးအတွက် သူစိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော
ဆီးချိုလူနာသည်သူ
ပုထုဇ္ဇနော ဥမ္မာတကော အဆိုရှိ
တကယ်မှန်မှန်.....မမှန်မှန်...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ....စေတနာ
သတိပေးကြောင့်ကြတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ထိုက်ပါတယ်။

ကျွန်မသွားတဲ့အခါ
တရားသံဝေဂ
မျက်ရည် မကျကြပါနဲ့။
မပြီးဆုံးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာ နေရာ ကူညီပါဝင်
ဖြည့်ဆည်းပေးကြပါ။
ကျွန်မအတွက် ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။

အဖေပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှ မရသေးခင်
ကျွန်မသေလွန်ခဲ့ပါလျှင်
ကျွန်မကိုယ်စား
တာဝန် ဆက်ယူနိုင်ပါစေ
တနေ့မှာ......ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့ မြန်မာအမျိုး...သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင် စနစ် ပြုတ်ကျပါစေ။

(အမေစု ကိုယ်တိုင်ရေး ဟုတ်မဟုတ် မသေချာပေမယ့် အီးမေးလ်မှတစ်ဆင့် သူငယ်ချင်းတစ်ယောက်ပေးပို့တာလေး လက်ခံရမိတော့ ဖတ်လိုက်တာ ရင်ကို တဲ့တဲ့ထိမှန်သွားခဲ့ပါတယ်
အမေစု သက်တော်ရာကျော်ရှည်ပါစေ ...)
အီဟွာသူ
မတ်လ ၁၃ ရက်၊ ၂၀၁၂

ဒီအမေစု စာကဗျာဆိုတာလေးက ၂၀၀၉ ခုနှစ်ကတည်းက အိုးဝေသတင်းမဂ္ဂဇင်းမှာ မသဒ္ဒါဆိုတဲ့ ကလောင်ရှင်ကရေးတာတဲ့။ အခုမှ လူအများကြားပြန့်ခွင့်ရတာကိုး။ ဘာပဲဖြစ်ဖြစ်ရေးတဲ့သူ တော်ပါတယ်နော် စာဖတ်သူ နှလုံးကို သိမ်းကျုံးယူသွားတယ်ဆိုတာ ဒါမျိုးထင်ပါ့
အီဟွာသူ
မတ်လ ၂၂ ရက်၊ ၂၀၁၂

အမေနှင့် အောင်နိမိတ်များ
(ကဗျာရှင် နေရဲနီ)

အမေ နေထိုင်တာ
ပါဝါ (၅၄)
တြင်းကြေ န၀င်းကြေ
ဘာနဲ့မှချေလို့မကြေ
ကတ်ကင်းနဲ့ ဓာတ်ရိုက်ဓာတ်ဆင်ဒဏ်ကို
နှစ်ပေါင်းနှစ်ဆယ်ကျော်ခံလာတာ
စိန်သားလိုမာပြီး
စိန်ရောင်လိုတဖျက်ဖျက်တလက်လက်
ယနေ့ထက်တိုင်အပြုံးမပျက်။

အမေ ဝင်ပြိုင်မှာ
ကော့မှူးမြို့နယ်
အာဏာ ပါဝါနဲ့ ကိုယ့်ကိုယ်ကိုအမွှန်းတင်
မှူး ဆိုတဲ့စကားလုံးကို
အသက်လိုခင်တွယ်ပြီး
တသက်လုံးဖက်ထားချင်သူများ
ကျော ကော့ အောင်သာခံဘို့ရာ
ပြင်ထားကြပေတော့။

အမေ သန်းခေါင်စာရင်းသွင်းတာ
ဝါးသင်္ခရွာ။
ပြည်သူ့ဘဏ္ဍာကို
မတော်မတရား ဝါး ထားတဲ့သူတွေလည်း
သင်္ခါရ ဥပဒေတရားနဲ့သာရွေ့ကြပေတော့။

အမေ ထားဝယ်သွားတုန်းက
အမေ ချီလာတဲ့လမ်းကြောင်းပေါ်မှာ
ဆင်စီးလာတဲ့ ရှင်ဘုရင်တောင်
လမ်းဘေး ဆင်းရှောင်ပေးခဲ့ရတယ်။
ဘုရင်ရူးရူးနေတဲ့သူတွေလည်း
ကိုယ့်အကြောင်းကိုယ်သိရင်
ခုကတည်းက တော်ရာကို
ကြိုတင်ကာ ရှောင်ရှားကြပေတော့။

အတိတ်နိမိတ်တွေကတော့ပြနေပြီ
မကြာခင်မှာ
အာဏာရှင်တွေ ရင်ထိတ်ပြီး
ပြည်သူတွေဘ၀ စိတ်အေးချမ်းရတော့မယ်။

နေရဲနီ

http://www.demowaiyan.co.cc/2012/02/blog-post_09.html

==================================

အမေနှင့် သူ၏ ပြည်သူများ
(ကဗျာရှင် နေရဲနီ)


ပန်းမြတ်တော်ဝင်
ပန်းသဇင်လည်း
အမေ့ခေါင်းမှာပန်ခဲ့ပြီ။

ရဲ့ရင့်တည်ကြည်
နှင်းဆီနီလည်း
အမေ့ရင်ဝယ်ပွေ့ခဲ့ပြီ။

ပြည်သူကမ်းလင့်
အောင်ပွဲကိုကြို
သပြေညိုလည်း
အမေ့လက်သို့ရောက်ခဲ့ပြိ။

ချိုသာမိန့်ကြား
အမေ့စကားလည်း
ပြည်သူ့နားသို့ဝင်ခဲ့ပြိ။

အမေ့ဟန်ပန်
ညှိုးရော်ပြန်လည်း
အမေ့အသံ အားမာန်အပြည့်။
အာဏာရှင်ခေတ်
ဒုက္ခနွံနစ်
ဆင်းရဲတွင်းထက်
ရုန်းထွက်ဖို့ရာ
အမေ့စကား
ခွန်းချိုပျားသို့
ပြည်သူ့အတွက်
အားဆေးတစ်ခွက်။

စိတ်အားသန်သန်
ဇွဲမာန်မလျှော့
အရိုးကြေကြေ
အရေခမ်းခမ်း
ဖိနှိပ်မှုဒဏ်
အမေတွန်းလှန်ခဲ့။

ဘယ်လိုပမ်းပမ်း
ဘယ်လိုနွမ်းနွမ်း
ပြည်သူ့ရှေ့မှောက်
အမေရောက်သော်
အမေ့မျက်နှာ အပြုံးမပျက်။
အမေသည်ကား
ပြည်သူ့ရှေ့ဆောင်
ဗိုလ်မင်းရောင်မြေး
အောင်ဆန်းသွေးမို့
အာဇာနည်မျိုး သေရိုးမရှိ။

အမေ့ပီတိ ပြည်သူ့ပီတိ
အမေ့အပြုံး ပြည်သူ့အပြုံးတည့်။

ပြည်သူ့မျက်ရည် အမေ့မျက်ရည်
ပြည်သူ့ဒုက္ခ အမေ့ဒုက္ခတည့်။

အမေသည်ကား ပြည်သူ့အသက်
ပြည်သူသည်ကား အမေ့အတွက်။

နေရဲနီ

http://www.demowaiyan.co.cc/2012/02/blog-post_5015.html

==============================

ကိုမင်းကိုနိုင်ဟာ လေစားလောက်တဲ့ အားကိုးလောက်တဲ့ တိုင်းပြည်အနာဂတ်သားကောင်းတစ်ဦးဖြစ်တဲ့အပြင် ကဗျာဆရာ အနုပညာသမားတစ်ဦးလည်းဖြစ်တယ်ဆိုတာ ကြားဘူးပေမယ့် သူ့ ကဗျာလေးတွေ ဒီနေ့မှ အီးမေးလ် ထဲရောက်လာလို့ ဖတ်ဖူးခဲ့တာပါ။ Internet မှာ သိမ်းထားချင်လို့ ခွင့်ပြုပါ ...

သစ္စာ

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပျောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်


မက်စရာအိပ်မက်လည်းမရှိဘူး

ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို
ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ်
နောက်ကျနေပြီ အသိကညှင်း
ဘိန်းစားဘိန်းပြတ်သလို
ကဗျာငတ်ခဲ့ပါတယ်
စာငတ်ခဲ့ပါတယ်
အမြတ်တနိုးနဲ့
မစားရက် မသောက်ရက်ခဲ့သမျှ
လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ
ဒဏ်ချိုချို ဘဝတိုတို သွားရည်ယို ငေးကောင်းတုန်း
ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို
ဖျောက်ပြမှာကို သိနေလည်း
ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။

ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာအိပ်မက်လည်းမရှိဘူး
အိတ်ထဲလက်နှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။

မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ် ကဗျာ)


ကြယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်
(၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)


"... ... ... ... "

တိုက်ပိတ်လို့ 
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ ဖွဲ့ကြည့်တဲ့ဂီတ
အံ မ ကျ ဘူး ...

ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင်ကသိုဏ်းရှုခဲ့ရ
အဲဒီ့ မျက်လုံးတွေနဲ့ 
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံ မ ကျ ဘူး ...

လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကို ပြန်ပြုံးပြနေရတာကိုက
အံ မ ကျ ဘူး ...

မင်းကိုနိုင်
(Q မှတဆင့်)


ကံခေသူ

မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (- ဆိုရင်)
ကျနော် အချစ်ရေးမှာ ကံခေသူ

ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (- ဆိုရင်)
မိသားစုဘဝမှာ ကျနော် မလိမ္မာခဲ့

လူမိုက်ဟာ ကံကောင်းနေမှန်း မသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။

လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ ပေးပို့သူ နိုင်နိုင် (ALD)


မရှိခဏ

မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး

လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး

ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ

အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး

နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး

လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး

မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ


ဘောလုံးသမား သူငယ်ချင်းများ

ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့အတူ
အပြေးပဲ ကျင့်ခဲ့ကြပေါ့။

လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့
လောင်းကြေးတွေပါ။
"တစ်သက် ထာဝရ သတိရနေမယ်"
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။

မင်းကိုနိုင်


မျှော်လင့်ခြင်း

ဆန္ဒနဲ့ဘဝ
တထပ်ထဲကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို စောင့်မျှော်နေတာပါ။
ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။
ဓာတ်စာအမျိုးမျိုးကို
အိပ်ရာထဲက ပူစာနေတဲ့
လူမမာနဲ့တူနေပြီမှန်းလဲ သိပါရဲ့။
အမေခွံ့ကျွေးသမျှ
(တကျိကျိအော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘဝက
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။
လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမဲ့ မနက်တွေမှာ
နင်က အိပ်မောကျခါစ။
"နှင်း" သီချင်းထဲကလိုပေါ့
"ခုတော့ပင်လယ်ပဲရှိတယ်" ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။
တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်။
မျောက်ကလေးတွေ သန်းရှာနေတဲ့ အရုပ်လဲပါ။

မင်းကိုနိုင်
(စစ်တွေထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ရေးဖွဲ့သည်။)


ရှစ်လေးလုံး

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။

မင်းကိုနိုင်

လင်းလက်နေမယ့် ကြယ်

by Nay Phone Latt on Tuesday, October 18, 2011 at 9:08pm

“ကျွန်တော် မင်းကိုနိုင်ပါ…”

သံတိုင်တွေကြားထဲကနေ

ကမ်းပေးလာတဲ့လက်ကို

ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိချိန်မှာပဲ

ကျွန်တော့်ရဲ့ သွေးကြောတွေထဲ

အားအင်တွေ ပြင်းအားတစ်ခုနဲ့စီးဝင်လာ

“အစ်ကို… ငါတို့နဲ့အတူ ရှိနေတယ်” ဆိုတဲ့စိတ်နဲ့

အရာရာကို ရင်ဆိုင်ရဲခဲ့ပါတယ်။

သွေးသားမတော်စပ်ပေမယ့်

ကျွန်တော်တို့တွေ ရင်ဘတ်ချင်း နီးကပ်ခဲ့ကြ

အစ်ကို… ပါးစပ်နဲ့ရေးပြတဲ့ ၀တ္ထုတိုတွေ

ကျွန်တော် နားနဲ့ဖတ်ခဲ့ရဖူးတယ်

ည ည ရွတ်တဲ့ အစ်ကို့ရဲ့ကဗျာတွေကို

အိပ်ယာဝင်ပုံပြင်တွေလို ကျွန်တော် နားထောင်အိပ်စက်ခဲ့ဖူးတယ်

အစ်ကိုက… နှလုံးသားနဲ့ သီချင်းတွေဆိုပြတော့လဲ

ကျွန်တော် မျက်ရည်စက်လက်နဲ့ ခံစားနာကျင်ခဲ့ရ

“ကောင်းကျိုးအထွေထွေ ချွန်စေမြစေ

ဒေါင်းအိုးဝေ တွန်စေ က,စေ

တို့အဘိုးရဲ့ ရိုးရာလက်ရာအမွေ

ကျောင်းအနှံ့ ဒေါင်းအလံစိုက်ကာပေ…”

အစ်ကို မျှော်လင့်တဲ့အချိန်ကာလ

ကျွန်တော်တို့ တွန်ရင်း က,ရင်း ဆက်လျှောက်ကြရဦးမယ်။

“ရေခဲသေတ္တာထဲ နေရသလိုပဲ…” တဲ့

အစ်ကိုပြောလိုက်တဲ့စကား တဆင့်ပြန်ကြားရတော့

ကျွန်တော့်ဒုက္ခတွေကို မေ့သွားတယ်

အစ်ကို ရင်းနှီးခဲ့ရတဲ့

ဆယ်စုနှစ် နှစ်ခုစာကာလ

ပျိုမြစ်စိမ်းလန်းသော လူငယ်ဘဝ

ခက်ခဲကြမ်းတမ်းလွန်းလှတဲ့

သမိုင်းရဲ့စာမျက်နှာ အပိုင်းအစတွေထဲမှာ

အစ်ကိုတောင် ပြုံးနေနိုင်သေးရင်

ကျွန်တော်က ဘာလို့ စိတ်ဓါတ်ကျရမလဲ

အဲဒီလို… အဲဒီလို

အစ်ကို့ရဲ့ အရှိတရားသက်သက်က

ကျွန်တော့်ကို အားတက်စေခဲ့တယ်။

ကျေးဇူးပါ… အစ်ကို

မနက်လင်းချိန်တိုင်း ကြားခဲ့ရဖူးတဲ့

မင်္ဂလာပါ ဆိုတဲ့ အစ်ကို့အသံအတွက်

ကျေးဇူးပါ… အစ်ကို

ရံဖန်ရံခါ မြင်ခဲ့ရဖူးတဲ့

ရိုးသားရဲရင့်သော အပြုံးသန့်သန့်တွေအတွက်

ကျေးဇူးပါ… အစ်ကို

အစ်ကို နယ်ဖတ်ကျွေးခဲ့ဖူးတဲ့

စုံစီနဖာအသုတ်စုံဟင်းလျာအတွက်

ကျေးဇူးပါ… အစ်ကို

ညီတွေအားလုံးကို တစ်ယောက်မှ မလပ်စေခဲ့တဲ့

အစ်ကို့ရဲ့ ဂရုစိုက်ဖြည့်စွက်ပေးမှုတွေအတွက်

အထူးသဖြင့်…

အစ်ကို ဘ၀နဲ့ရင်းပြီး နားလည်စေခဲ့တဲ့

ယုံကြည်ချက်အတွက်

အဆုံးစွန်ဆုံးအထိ ရဲရင့်ရမယ် ဆိုတဲ့

အသိတရားတစ်ခုအတွက်

လေးလေးနက်နက်

ကျေးဇူးတင်လျက်ပါ… အစ်ကို။

လောကဓံရဲ့ရိုက်ချက်တွေ ဘယ်လောက်ကြမ်းကြမ်း

အစ်ကို လိပ်ပြာသန့်သန့်နဲ့ ဖြတ်သန်းနေမယ်ဆိုတာ

ကျွန်တော်… ယုံပါတယ်

အခက်အခဲ အတားအဆီးတွေများစွာအတွက်

ဆင်ခြေဆင်လက်တွေ လိုက်ရှာမနေဘဲ

အစ်ကို… လုပ်စရာရှိတာတွေ ဆက်လုပ်နေမှာကိုလဲ

ကျွန်တော်… နားလည်တယ်

အချိန်ကာလနဲ့ နေရာဒေသရဲ့ အကန့်အသတ်ကို

စိတ်ဓါတ်ခွန်အားနဲ့ ကျော်ဖြတ်

“မင်းကိုနိုင်” ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုကို

ဘယ်လိုအရာမျိုးကမှ

တွန်းဖြိုချေဖျက်လို့ မရနိုင်ဘူးလို့လဲ

ကျွန်တော်… ယုံကြည်တယ်

သူရဲကောင်းတို့ရဲ့ နှလုံးသားဟာ

ခေတ်အဆက်ဆက်

ကူးစပ်တည်မြဲပါတယ်

အစ်ကိုလျှောက်ခဲ့တဲ့လမ်းကို

အစ်ကို့လို ပွင့်ရဲတဲ့ပန်းတွေ

မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်း

အစဉ်ထာဝရ လျှောက်လှမ်းနေကြဦးမယ်ဆိုတာ

မလွဲနိုင်တဲ့… သေချာမှုတစ်ခုပါ အစ်ကို။

အစ်ကို တာဝန်ကျေခဲ့ပါတယ်

ကျွန်တော်တို့ တာဝန်ကျေရဦးမယ်

မျိုးဆက်သစ်တွေ တာဝန်ကျေကြပါလိမ့်မယ်

လူငယ်ဆိုတာ…

သမိုင်းရဲ့ အချိုးအကွေ့တွေတိုင်းမှာ

ဘယ်သောအခါမှ မတွေဝေ မတုံ့ဆိုင်းခဲ့တဲ့သူ

လူငယ်ဆိုတာ…

ခေတ်ရဲ့ အဆိုးအကောင်းတွေထဲမှာ

ဘယ်တော့မှ ယိမ်းယိုင်ပြောင်းလဲမသွားတတ်တဲ့သူ

လူငယ်ဆိုတာ…

လိုအပ်ရင် လိုအပ်တဲ့ အချိန်တွေတိုင်းအတွက်

အမြဲအဆင်သင့်ရှိနေတတ်တဲ့သူ

ကြယ်တွေအစင်းစင်း ကြွေခဲ့ကြဖူးပေမယ့်

ကြယ်တွေအစင်းစင်း ဝေမြဲဝေဆဲ… ကောင်းကင်

လူငယ်ဆိုတာ…

အမှောင်ထုတိုင်းကို အန်တုဆန့်ကျင်မယ့်

ခေတ်တိုင်းရဲ့ အလင်းစွမ်းအင်ဖြစ်တယ်။

အစ်ကို့ရဲ့ မွေးနေ့တွေတိုင်းမှာ

အစ်ကို့ရဲ့ ညီတွေညီမတွေအားလုံးက

သူတို့ကိုယ်သူတို့

အလင်းလက်ဆုံး ထွန်းညှိပြကြရင်း

သူတို့ကိုယ်တိုင်ကိုက

အစ်ကို့အတွက် လက်ဆောင်တွေဖြစ်နေကြလိမ့်မယ်

အဲဒီအခါ… အစ်ကိုကလည်း

ချမ်းမြေ့စွာ တောက်ပခက်ဖြာနေရင်း

ကြည်နူးကျေနပ်နေဦးမှာ

ကျွန်တော်… သိပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

နေဘုန်းလတ်

29.09.2011 (Thursday)

16:00

18.10.2011 (Tuesday) မှာ ကျရောက်သော ကိုပေါ့်ရဲ့ (၄၉) နှစ်ပြည့် မွေးနေ့အမှတ်တရ...

ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့သည်။

Nay Phone Latt FB မှ ကူးယူဖော်ပြပါသည်။


Love

Love is real, real is love ...

Love is feeling, feeling is love ...

Love is wanting to be loved.

Love is touch, touch is love ...

Love is reaching, reaching is love ...

Love is asking ... to be loved.

Love is you ... you and me

Love is knowing ... we can be.

Love is free, free is love ...

Love is living, living is love ...

Love is needing to be loved.

(John Lennon)

such a lovely lyric ^.^

ဒေါင်းမျိုး ဒေါင်းနွယ်

နိုင်ဦးညို
ဇန်န၀ါရီ ၂၆၊ ၂၀၁၂

အမှန်အကန် ဒေါင်းတွေ တဖြတ်ဖြတ် ပျံသန်းနေဆဲမှာ
အကြံအဖန်ဒေါင်းတွေ တ၀ုန်းဝုန်း ပြေးလွှားနေကြတယ်
ဒေါင်းအမှန်တွေ လမ်းခုလတ်မှာ ထိခိုက် ကျိုးကျေခဲ့ပေမယ့်
ဒေါင်းအကြံတွေတော့ ပန်းပန်နေဆဲပေါ့ …။

အကြံအဖန် ဒေါင်း
အမှန်အကန် ဒေါင်း
အတွင်းထဲက ဒေါင်း
ပြည်ပရောက် ဒေါင်း
ပြည်တော်ပြန် ဒေါင်း
အသွင်းပြောင်းတဲ့ ဒေါင်း
အယူသည်းတဲ့ ဒေါင်း
အပူမီးနဲ့ ဒေါင်း
ခါတော်မှီ ဒေါင်း
စည်းစိမ်ရစ်နေတဲ့ ဒေါင်း
လမ်းဘေးရောက်နေတဲ့ ဒေါင်း
အနားယူသွားတဲ့ ဒေါင်း
ဆက်သွားနေတဲ့ ဒေါင်း
ကတဲ့ ဒေါင်း
ခွပ်တဲ့ ဒေါင်း
အမြီးပြတ်သွားတဲ့ ဒေါင်း
ကျီးဖြစ်သွားတဲ့ ဒေါင်း
အမတ်ဖြစ်သွားတဲ့ ဒေါင်း
ဒေါင်းတကာဒေါင်းတွေ ဒေါင်းတကာဒေါင်းတွေ
ဘယ်ဒေါင်းယူမလဲ ကြိုက်တာရွေးယူ
ငွေပေါ် လျှော့ဈေးလည်း ရှိရဲ့
ကြိုက်ဈေးခေါ်သူလည်း ရှိရဲ့
အရှက်တကွဲ အကျိုးနည်းတဲ့သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့
အသက်နဲ့ လဲမယ့်သူလည်း ရှိရဲ့ …။
ကျန်ကောင်း ကျန်ပါသေးရဲ့ …။

=====================

မင်းကိုနိုင်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂
ခဲတံချွန်ပြီးပြီ
ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ
ဝစ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ
ဒီမြေမှာ
ဓါးလှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေ ၀ဲလိုဝဲ
သဘောပဲလေ
စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဘူး
ဒါပေမယ့် ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ ထိုးရမယ်
(ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂)

http://moemaka.com/2012/02/min-ko-naing-poem/


No comments:

Post a Comment