"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Sunday, April 25, 2010

Valentine's Day တရားတော်

2010 Valentine’s Day တရားတော်

(အစကသာသိခဲ့ရင်)

ဘူဖျောင်းကို ၂၀၁၀ ဖေဖော်ဝါရီ ၁၃ရက်နေ့က ဓမ္မဒူတဆရာတော် ရှင်ဆေကိန္ဒကြွလာမှာ သတင်းရထားတာနဲ့ တရားသွားနာဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးက ၁၄ရက်နေ့ ညနေ ၆နာရီမှ မြန်မာပြည် ပြန်ကြွမှာဖြစ်လို့ ဖေဖော်ဝါရီ ၁၄ ရက် နေ့လည်ပိုင်းမှာပါ တရားထပ်ဟောသေးတာမို့ ရောက်အောင် သွားပြီး နာဖြစ်ခဲ့ပါတယ်။ Valentine's Day မှာ နာခဲ့ရတဲ့တရားတော်ဖြစ်လို့ Valentine’s Day တရားတော်လို့ ခေါင်းစဉ်တပ် လိုက်တာပါ။ တရားဟောသွားတာလေးက ကောင်းလွန်းလို့ နာနေတဲ့ လက်လေးပါအညောင်းခံ ပြန်ပြောပြပါရစေ။ တရားတော်ရဲ့အမည်ကတော့ “အစကသာသိခဲ့ရင်” လို့အမည်ပေးပြီး အလှူလှူရင် နိဗ္ဗာန် မရောက်ဘူး သံသရာရှည်တယ်ဆိုတာ မဟုတ်ဘူး အလှူလှူပြီး အဲဒီအလှူကိုပြန်ပွားနေပြီး တကယ် လှူတတ်ရင် ခနလေး နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာ ဇာတ်ထုတ်နဲ့ဟောသွားတာပါ။
ဒီတရားကိုနာရလို့ အလွန်ကိုဝမ်းသာသွားမိသွားတာကတော့ အစက အလှူလှူတာ ချမ်းချမ်းသာသာနဲ့
နိဗ္ဗာန်ဝင်နိုင်ဖို့ဘဲ ရည်ရွယ်နိုင်မယ်ထင်ထားခဲ့တာလေ။ ခုတော့ ဒီထက်မကကြောင်း တရားအကျဉ်း ချုပ်လေးကို ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။


ဇာတ်လမ်းက ဒီလိုပါ . . . ရှင်သာရိ ပုတ္တရာကို ငယ်ငယ်လေးကတည်းကထိန်းခဲ့တဲ့ သူ့အဖေရဲ့သူငယ်ချင်း ပုဏ္ဏားကြီး အလွန်အိုနေပြီ၊ သူကဗုဒ္ဓ ဘာသာလဲမဟုတ်ဘူး။ သူကအလွန် ဆင်းရဲနေပြီး မကြာခင်ကံကုန်တော့မှာကိုသိတဲ့ ရှင်သာရိပုတ္တရာက ကျေးဇူးဆပ်ချင်လို့ သူ့အိမ်ရှေ့ နေ့တိုင်းဆွမ်းသွားရပ်တိုင်း အိမ်ထဲပြေးပုန်းနေပြီး စိတ်ထဲကလည်း အော်ငါ့သားကြီး ငါ့မှာ လှူစရာမရှိတာ မသိဘူးထင်ပါရဲ့လို့တွေးနေတယ်တဲ့။ နေ့တိုင်းသွားရပ်လဲဒီတိုင်းဘဲ။ (Message: မသိတဲ့ သူတွေက တခါတလေ သိတဲ့သူတွေကို မသိဘူးလို့ထင်တတ်တယ်။) တနေ့လည်းမဟုတ်တော့ နောက်ပိုင်း ဘာလေးဖြစ်ဖြစ် လှူချင်စိတ်လေးပေါက်လာတယ်။ အရင်က မရှိခဲ့တဲ့ လှူချင်စိတ်ဖြစ်လာပြီပေါ့။ (Message: အလှူတစ်ခုဖြစ်မြောက်ဖို့ လှူချင်စိတ်ရယ် အလှူခံပုဂ္ဂိုလ်ရယ် လှူစရာပစ္စည်းရယ်ရှိမှ အလှူ မြောက်ပါ တယ်တဲ့။) ခုတော့ ၂ခုရှိလာပြီ။ နောက်ကံကောင်းချင်တော့ ပုဏ္ဏားကြီးကို ဂါထာရွတ်ပွဲတစ်ခုက ဖိတ်တော့ သွားရွတ်တာ နို့ဆွမ်းတစ်ခွက်နဲ့ ပုဆိုးတစ်ပိုင်းရလာတော့ ၀မ်းသာအားရနဲ့ ငါ့သားကြီးကိုလှူ မယ်ဆိုပြီး သူမစားဘဲအိမ်ကိုယူသွားတယ်တဲ့။ ရှင်သာရိပုတ္တရာကလည်းသိတော့ သေချာ ဈာန်သမာပတ် ၀င်စားပြီး ဈာန်ကထတဲ့အချိန်မှာ ဆွမ်းခံကြွတော့ နိုးဆွမ်းကို ၀မ်းသာအားရ လောင်းလှူတာပေါ့။ တစ်ဝက် လည်းရောက်ရော ရှင်သာရိပုတ္တရာက လက်ကာပြတယ်တဲ့ တော်ပြီ သင့်ပြီ ကျန်တစ်ဝက်က ပုဏ္ဏားကြီးဖို့ ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ဒီတော့ ပုဏ္ဏားကြီးက ချစ်သား ငါ့ကို သနားသောအားဖြင့် အားလုံးအလှူခံပါလို့ တောင်းပန်ပြီး သူအငတ်ခံပြီး အကုန်လှူလိုက်တယ်။ ပုဆိုးပိုင်းလေးလည်း လှူလိုက်တယ်။ ပြီးတော့အဲဒီ အလှူကို စိတ်ထဲက ကြည်နူးပြီး ပွားနေလိုက်တာ “မွဲတုန်းလှူရတာ အရသာရှိလိုက်တာကွာ” လို့ တွေးတွေးပြီး ၀မ်းသာလုံးဆို့ပြီး ကွယ်လွန်သွားတယ်တဲ့။ နောက်တော့သူဌေးလင်မယားဆီမှာ လူဝင်စား ဖြစ်သွားတယ်တဲ့။ သူ့ကိုယ်ဝန်ရှိကတည်းက သူ့အမေသူဌေးကတော်က ရှင်သာရိပုတ္တရာနဲ့ သံဃာ ၅၀၀ ကိုဆွမ်းလောင်း ချင်စိတ်တွေ ပေါက်နေလို့နေ့တိုင်းလောင်းတယ်တဲ့။ နေ့စေ့လို့မွေးလာတော့လည်း မပင်မပန်း မွေးနိုင် တယ်တဲ့။ ပုဆိုးပိုင်းလှူခဲ့ဘူးလို့ မွေးမွေးချင်း ကတ္တီပါအနှီးနဲ့ထွေးပွေ့ခံရတယ်တဲ့။ နောက်နေ့ တစ်ရက်သား လေးမှာ ရှင်သာရိပုတ္တရာကို သားလေးပြမလို့ခေါ်လာတော့ လက်က ကတ္တီပါ အခင်းစကြီးကိုဆုတ်ထားတာ အထိန်းတော်တွေက ဖြုတ်တိုင်း ငိုလို့ သူ့မိဘကအငိုမခံဘဲ ဒီတိုင်း ကတ္တီပါ အခင်းစကြီးတန်းလန်းနဲ့ ရှင်သာရိပုတ္တရာဆီခေါ်သွားတော့ ရှင်သာရိပုတ္တရာရှေ့ရောက်မှ ကတ္တီပါအခင်း အနီကြီးကို သူ့ဘာသာ သူလွှတ်ချလိုက်မှ မိဘတွေက အော်…ငါတို့သားလေးက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို လှူချင်နေတာကိုး လို့သဘောပေါက်သွားကြတယ်တဲ့။ (Message: ဘုန်းကံကြီးစွာနဲ့ မွေးလာတဲ့ကလေးများ သူ့အလိုလို အငိုနည်းပြီး မိဘတွေကလည်း အငိုမခံကြဘူးတဲ့။) ကလေးအမည်ကိုလည်း ရှင်သာရိပုတ္တရာကပဲ သူ့ရဲ့ငယ်နံမည်ဖြစ်တဲ့ တိဿ လို့အမည်ပေးခဲ့ပါတယ်တဲ့။ ကလေးက ၇နှစ်သားမှာ ကိုရင်ဝတ်တော့ ဆွမ်း၊ ကွမ်းအလွန်ပေါလို့ ဆွမ်းရှားတဲ့သံဃာတစ်ထောင် သူ့နောက်ကလိုက်ရလို့ သံဃာတစ်ထောင်ဆွမ်းခံကျွေးတဲ့ ကိုရင်လေးလို့နံမည်ကြီးပါသတဲ့။ နောက် ဆောင်းတွင်း ရောက်တော့ ရဟန်းတွေ ချမ်းလို့ မီးလှုံကြတော့ ဦးဇင်းတို့ မီးလှုံတာ ရှေ့ကလှုံတော့ နောက်ကချမ်းတယ်။ ကျောလှုံတော့ ရှေ့ကချမ်းတယ်။ (ကတ္တီပါ) ခြုံထည်လေးပတ်ထားလိုက်ရင် မီးလှုံစရာ မလိုဘဲနွေးနေတာပေါ့လို့ ပြောတယ်တဲ့။ သူက သူဌေးသားဆိုတော့ လူတိုင်းမှာခြုံထည်မရှိတာ နားမလည်ဘဲကိုး။ ဒီတော့မှ သူ့ကို လူတိုင်းမှာမရှိကြကြောင်းပြောကြတော့ ဒါဆို ကိုရင်အလှူခံပေးမယ် ခြုံထည်မရှိသေးတဲ့သူတွေလိုက်ခဲ့ကြပါဆိုပြီး နေ့လည်ဖက်မှာ သံဃာတစ်ထောင် လောက်နဲ့ ခြုံထည်အလှူခံထွက်လိုက်တာ မြို့ပြင်မှာတင် အထည် ၅၀၀ လောက်ရ ပါသတဲ့။ မြို့ထဲလည်း ၀င်တော့မယ်ဆိုတော့ လူတစ်ယောက်က ဈေးထဲက ခြုံထည်ဆိုင်ကိုပြေးပြီး ခင်ဗျားတို့ဆိုင် မြန်မြန်ပိတ်ထား။ ဟိုမှာ ကိုရင်တစ်ပါး ခြုံထည်တွေလိုက်အလှူခံနေတယ်။ ကျုပ်ကစေတနာနဲ့ လာပြောတာလို့ပြောတယ်တဲ့။ (Message: တချို့က ကိုယ်လည်းမလှူတဲ့အပြင် ကြားကနေ အကုသိုလ် ကို လိုလိုလားလားလိုက်ယူတဲ့ သူတွေရှိတယ်။) ဆိုင်ရှင်က “ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူတို့က မပေးရင်တော့မယူဘူးမို့လား”လို့ မေးတော့ “အင်း၊ မပေးရင်တော့မယူဘူးပေါ့ဗျာ” လို့ဆိုသတဲ့။ ဒီတော့ ဆိုင်ရှင်ကလည်း အင်း . .မလိုလည်းလိုလည်း ဒီအဖိုးတစ်သိန်းထိုက်တဲ့ ခြုံထည် ၂ထည်တော့ အောက်မှာ ဖွက်ထားမှပါဆိုပြီး ဖွက်ထားပြီး ကျန်တာတွေတော့ ဒီတိုင်းခင်းထားသတဲ့။ ကိုရင်လေးတို့ဈေးနား သူ့ဆိုင် ရှေ့က ဖြတ်တော့ ဆိုင်ရှင်က ကြည်ညိုသွားလိုက်တာ ဒီလိုကိုရင်မျိုး အဖိုးတစ်သိန်းထိုက်တဲ့ခြုံထည် ၂ထည်မက ၁၀ထည်တောင် လှူလိုက်ချင်ပါရဲ့ဆိုပြီး သဒ္ဒါပေါက်ပြီး သူဖွက်သိမ်းထားတဲ့ အဖိုးတန်ခြုံထည်ကြီး ၂ထည်ကိုလှူလိုက်ပါတယ်။ (အရင်ဘ၀က အ၀တ်ပုဆိုးပိုင်းလှူခဲ့တဲ့အကျိုးပေါ့) ဒီလိုနဲ့ကိုရင်လည်း အထည် ၁၀၀၀ အလှူခံရပြီး ကျောင်းပြန်ကြွသွားပြီးစဉ်းစားပါသတဲ့။ မြို့မှာ ဧည့်သည်ကပေါ စကားပြောဧည့်ခံရ ဟိုဟာ သည်ဟာနဲ့ တရားအလုပ်လုပ်ဖို့အချိန်မရှိဘူး။ တောသွားပြီး တရားကျင့်မယ်ဆို တောကိုကြွသွားသတဲ့။ တောမှာ တရားကျင့် နေတုန်း အနီးဆုံးကရွာလေးကို ဆွမ်းခံကြွ တော့လည်း ဆွမ်းရပေမယ့် တောထမင်း တောဟင်းပေါ့။ သူ့ကိုဆွမ်းလောင်းသူတိုင်းကို ဘယ်သူ့မဆို ၀ါတွင်းသုံးလလုံး ဂါထာလေးတစ်ကြောင်းပဲပြန် ဟောခဲ့တယ်။ (ပါဠိနဲ့မို့ မှားမှာစိုးလို့မရေးပြ တော့ဘူးနော်)။ ၀ါတွင်း သုံးလလည်းကုန်ရော ၇နှစ်သားလေးက ရဟန္တာဖြစ်သွားရောတဲ့။ သူ့ဆရာ ရှင်သာရိပုတ္တရာကသိပြီး တောကိုလိုက်ကြွလာတော့ ရွာသားတွေမှာ ၀မ်းသာအားရကြိုဆိုပြီး တရားပွဲပြင်ပြီးတရားဟောဖို့တောင်းပန်တယ်တဲ့။ ရှင်သာရိပုတ္တရာက ဒီည ငါမဟောဘူး ကိုရင်လေး ဟောလိမ့်မယ်ဆိုပြီး ကိုရင်လေးကို ဟောခိုင်းတော့ ရွာသားတစ်ချို့က ဒီကိုရင် သုံးလလုံး ဂါထာတစ်ကြောင်းဘဲရွတ်နေတာ ဘယ်လိုဟောတတ်လိမ့်မတုန်းလို့တွေးနေပါသတဲ့။
ကိုရင်လေးက လည်း ရဟန္တဖြစ်သွားပြီဆိုတော့ တရားတွေကို ထွင်းဖောက်သိသွားတော့ ဟောလိုက်တဲ့
တရားက ညလုံးပေါက်သွားပါသတဲ့။ ကိုရင်လေးရဲ့တရားလည်းနာပြီးရော ပရိတ်သတ်က ၂ပိုင်းကွဲသွားတယ်
တဲ့။ တစ်ချို့က ကိုရင်လေးကို တော်တော် တော်တဲ့ကိုရင်ပါလားဆို အရမ်းကိုပိုကြည်ညိုသွားကြပြီး
တစ်ချို့ကတော့ ဒီကိုရင်တော်တော်ဆိုးတာဘဲ ဒီလောက်တတ်နေတာကို သုံးလလုံး ဂါထာလေး တစ်ကြောင်းဘဲ ဟောပြီးနေနိုင်တယ်လို့ပြောကြသတဲ့။ ဒီလိုပရိတ်သတ်ကွဲသွားတော့ ကိုရင်လေးကို ရဟန္တာမှန်းမသိဘဲ ပြစ်မှားမိတဲ့သူတွေ ငရဲကျကုန်မှာစိုးလို့ မြတ်စွာဘုရားရှင်က သိတော်မူပြီး လိုက်ကြွလာတယ်တဲ့။ မြတ်စွာဘုရားရဲ့ တရားကိုနာလိုက်ရတော့ ပရိတ်သတ်လဲ ၂ဖွဲ့ မကွဲဘဲ ညီသွားပြီး အရင်က မကြည်ညိုသေးတဲ့သူတွေလည်းကိုရင်လေးကိုကြည်ညိုသွားကြပြီး ကြည်ညိုပြီးသားသူတွေက တော့ ပိုကြည်ညိုသွားကြတယ်တဲ့။

ပြီးတော့မြတ်စွာဘုရားရှင်က ကိုရင်လေးကို သာဝတ္တိပြန်လိုက်မလားမေးတော့ ဥပဇ္ဈာယ်ဆရာရဲ့ သဘောပါလို့ပြောတော့ ရှင်သာရိပုတ္တရာကလည်း ကိုရင့်သဘောပါလို့ပြန်ပြောတော့ တောမှာဘဲ သီတင်းသုံးပြီးနေခဲ့တယ်တဲ့။ တရားကတော့ပြီးသွားပြီ။ ဆိုလိုချင်တဲ့အကျဉ်းချုပ်ကတော့

အကျိုး၊ လာဘ်ကိုမမျှော်ပဲလှူပြီး လှူတဲ့အလှူကိုလည်းပွားနေရင် နိဗ္ဗာန်ရောက်နိုင်ပါတယ်။
ကိုရင်လေး ပုဏ္ဏားကြီးဘ၀နဲ့ အလှူလှူခဲ့တဲ့အချိန်ကစတွက်ရင် ရဟန္တာဖြစ်တဲ့အထိအချိန်က ၈နှစ်လောက်
ဘဲကြာတာမို့ အလှူကြောင့်သံသရာရှည်တယ်ဆိုတာလည်း မဟုတ်တော့ပါဘူးတဲ့။ ကဲကောင်းလိုက်တဲ့
တရားလေး မဟုတ်ပါလား။ ဒီတော့ စာဖတ်သူတွေလည်း လူတိုင်းနီးပါး နည်းသည်များသည် ပဓါနမထားဘဲ
အလှူတွေကတော့ အများကြီးလှူခဲ့ကြမှာပါ။ နောင်လဲ လှူနေကြဦးမှာပါ။ မလှူခင်၊ လှူဆဲ၊ လှူပြီး
စိတ်ထားတတ်ဖို့လေးကို သတိလေးထားပြီး လုပ်လိုက်ကြရအောင်။ လှူပြီးသမျှလေးတွေ ပြန်ပြောကြပါ။
ပြန်ဝမ်းသာကြပါ။ တကယ့်ကို မလိုချင်ချင်း စွန့်လွှတ်ခြင်းတွေနဲ့လှူပါတယ်ဆိုပြီး မိုးကုတ်ဆရာတော်ကြီး
ဟောပြထားသလိုဘဲ စိတ်ထားတတ်ကြပါစေလို့ . . .
ဆုတောင်းရင်းနဲ့ အဆုံးသတ်လိုက်ပါရစေ။

No comments:

Post a Comment