ဒီခရီးစဉ်ကို မစခင်ကတည်းက အရင်က ပင်လယ်ထဲ နေလုံးကြီးဝင်သွားတဲ့ Sunset in the Sea ကိုပဲမြင်ဘူးခဲ့တာ ကိုရီးယားမှာတော့ ပင်လယ်က အရှေ့မှာလည်းရှိတာမို့ Sunrise from the Sea ရှုခင်းကိုကြည့်ချင်နေခဲ့တာကို ကြည့်ရတော့မှာရယ် ပင်လယ်မှာ သင်္ဘောစီးပြီး ခရီးသွားချင်နေတာရယ် ဆန္ဒနှစ်ခုပြည့်တော့မှာမို့ ပျော်ရွှင်တက်ကြွနေခဲ့တာပါ။ အဲဒီနေ့က ၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)ပါ။ မနက်မိုးမလင်းခင်ထပြီး အရှေ့ပင်လယ်ကနေပြီး နေထွက်တာသွားကြည့်ဖို့ ညကတည်းက တက်ကြွစွာနဲ့ reception မှာ အချိန်တွေ နေရာတွေသွားမေးထား သူငယ်ချင်းတွေနဲ့ နိုးတဲ့သူနှိုးကြေးညှိထားပြီး လက်ကိုင်ဖုန်းမှာ နှိုးစက်လည်းပေးပြီး အိပ်ခဲ့တာ နှိုးစက်ကလည်း 5 am လို့ပေးရမှာကို 5 pm လို့မှားပေးထားတာမို့ နိုးလာတော့ ဟာနှိုးစက်လည်းမမြည်ဘူး မိုးတောင်လင်းသွားပြီ နေတောင် အတော်လေးအပေါ်ရောက်နေတော့ စီစဉ်ထားတဲ့အတိုင်း Sunrise မကြည့်လိုက်ရတော့ စိတ်အတော်စိတ်ပျက်အားလျော့သွားပြီး နှိုးပါဆိုပြောထားတဲ့သူငယ်ချင်းကို စိတ်ဆိုးပြီးရစ်မလို့ ဖုန်းဆက်မယ်ဆိုမှ သူက ရွှေ - နိုးပြီလားဆို message လေးပို့ပြီးနှိုးထားတာကိုး။ ဒီ message ရောက်တဲ့အသံ လောက်နဲ့တော့ ဒီကဘယ်နိုးလိမ့်မလဲ။ ကဲသူ့ကိုလည်းစိတ်ဆိုး လို့မရတော့ဘူးဆိုပြီး ရေမိုးချိုး ပစ္စည်းတွေသိမ်း မနက်စာစားပြီး ဟိုတယ်ကနေထွက်ဖို့ ချိန်းထားတဲ့အချိန်ထက်စောပြီး ပြီးနေခဲ့ပါတယ်။ တစ်ညတာ တည်းခိုခဲ့ရာTourist Hotel ဟိုတယ်ကနေ မနက် ၉း၁၅ မှာထွက်ခဲ့ကြပါတယ်။ သင်္ဘောဆိပ် ကို ကားနဲ့ဆိုတော့ ၁၀ မိနစ်လောက်ပဲ လာခဲ့ရပါတယ်။ 묵호(မုဂ်ဟို) ဆိပ် ကမ်းကနေ အူလွန်းဒိုကျွန်းဆီကို အမြန် သင်္ဘောစီးလာခဲ့ကြပါတယ်။ သင်္ဘောကို ရုပ်ရှင်ထဲမှာလို အပြင်မှာ ၀ရံတာ ပတ်လည်နဲ့လို့စိတ်ကူးယဉ်ထားတာ အခုစီး ရတဲ့ နှုန်းမြန်သင်္ဘော ရှပ်ပြေးယဉ်ခေါ်မလားမသိပါဘူး အတော်ကိုမြန်ပါတယ် အထဲမှာလည်း လေယဉ်လိုပဲ လူတွေ အများကြီးဆန့်ပါတယ်။ ထိုင်ခုံနေရာက အလယ်မှာမို့ အစကတော့ ပြတင်းပေါက်လေးနားမှာ မြင်ရသလောက်လေး အပြင်ကိုချောင်းကြည့်ရင်း သူငယ်ချင်း ၂ယောက် သုံးယောက်နဲ့ စကားပြောရင်းစီးလာခဲ့ပေမယ့် သုံးနာရီလောက်စီးရ မှာဆိုတော့ ကြာလာတော့ မတ်တပ်မရပ်နိုင်တော့တာနဲ့ နေရာမှာပြန်သွားထိုင်ပြီး လူကအိပ်လဲမအိပ်ချင်တာနဲ့ ယူလာတဲ့စာလေး ဖတ်ရင်း လိုက်လာခဲ့ပါတယ်။ သုံးနာရီလောက်ကြာမယ်ဆိုပေမယ့် လှိုင်းလေအဆင်ပြေတော့ မနက် ၁၀နာရီကထွက်ခဲ့ ကြတာ အူလွန်းဒိုရောက်တော့ နေ့လည် ၁၂နာရီခွဲပဲရှိပါသေးတယ်။ အားလုံးကို မောလ်မီယာ့ဂ်လို့ခေါ်တဲ့ travel sickness ပျောက်တဲ့ဆေးတွေကြိုသောက်ခိုင်းထားလို့လားမသိပါဘူး အားလုံးနီးပါး လှိုင်းမမူးပဲ ချောမောစွာ ရောက်ရှိ လာခဲ့ကြပါတယ်။
အူလွန်းဒိုရောက်တော့ သင်္ဘောပေါ်ကဆင်းလိုက်တာနဲ့ တိုက်လိုက်တဲ့လေဆိုတာ မပြောပါနဲ့။ မနည်းကို မတ်တပ် ရပ်ယူရပါ တယ်။ ရာသီဥတုဆိုတာ ပြောမရဘူးဆိုဘူး မလိုလဲလိုလဲထည့်လာတဲ့အနွေးထည် အပါးလေးကို ထုတ်ဝတ်ရပါတယ်။ ဒီသင်္ဘောပဲပြန်ထွက်မှာမို့ သင်္ဘောပေါ်တက်ဖို့စောင့်နေတဲ့ခရီးသည်တွေကော ဆင်းလာတဲ့ ခရီးသည်တွေကော ကြိုဆို သူတွေကောဆိုတော့ သင်္ဘောဆိပ်ကလေးက အတော်ကို ရှုပ်ယှက်ခတ် သွားခဲ့ပါတယ်။ လူလည်းစုပြီးတာနဲ့ ကြိုတဲ့သူနဲ့ လည်းဆုံပြီးတော့ နေ့လည်စာစားချိန်ကလည်း ရောက်နေပြီဆိုတော့ သင်္ဘောဆိပ်က ဆိုင်လေးတစ်ဆိုင်မှာပဲ နေ့လည် စာစားခဲ့ကြပါတယ်။ Sea food ကို ထမင်းနဲ့ရောကြော်ထားတာပါ။ ကိုရီးယားဆန် စေးစေးကို ထမင်းကြော်ဆိုတော့ အစကတည်းက ထမင်းကြော်ဆို ဘယ်လိုကြော်ကြော် လာထား ဆိုတဲ့သူဆိုတော့ တော်တော်လေးစားကောင်းခဲ့ပါတယ်။
ထမင်းစားပြီးတာနဲ့ ဟိုတယ်ကိုတန်းမသွားသေးပဲ 봉래폭포 ဆိုတဲ့ ဘုံလယ်ရေတံခွန်ဆီသို့ ချီတက်ခဲ့ကြပါတယ်။ ရေတံခွန်ရောက်ဖို့ တောင်ကုန်းပြေပြေလေးကို မိနစ် ၂၅လောက်တက်ခဲ့ရပါတယ်။ အူလွန်းဒိုကျွန်းမှာ တက်ခဲ့ရတဲ့ ပထမဆုံးတောင်ပေါ့။ အားလုံးသိကြတဲ့အတိုင်း ကျွန်းတစ်ကျွန်းက ရေပတ်လည်ဝိုင်းနေတယ်ဆိုပေမယ့် လူနေလို့ရတဲ့ ကျွန်းဖြစ်လာဖို့ အဓိကလိုအပ်ချက်က ရေချိုရရှိနိုင်မှုပါ။ အခုသွားခဲ့တဲ့ ဘုံလည်ရေတံခွန်ကလေးကတော့ အူလွန်းဒိုကျွန်း သားတွေ အသက်ရှင်နေထိုင်ကြဖို့ တစ်ခုတည်းသော Water resource ဖြစ်ပါတယ်တဲ့။ ရေတံခွန်ကရေကို ရေစစ်ကန် အဆင့်ဆင့်နဲ့ စစ်ပြီး ကျွန်းကိုရေပေးဝေတယ်လို့ဆိုပါတယ်။ ရာသီဥတုကလည်း ရေတံခွန်ဆီရောက်စက ကြည်လင် နေတာကို ဓါတ်ပုံတွေရိုက်ရင်းနဲ့ကို တိမ်မြူခိုးတွေဆင်းလာပြီး ချက်ခြင်းမှောင်သွားခဲ့ပါတယ်။
ဒီအောက်ကဓါတ်ပုံလေးကတော့ သဘာဝလေအေးပေးစက်လို့ ကိုရီးယားလိုရေးထားတဲ့ Natural Air-conditioner ပါ။ အတက်တုန်းကတည်းက အတူပါလာတဲ့ Korean Tourism က၀န်ထမ်းကပြောပြထားလို့ ပြန်အဆင်းမှာမှ မောမောနဲ့ အထဲကို ခန၀င်နားခဲ့ပါသေးတယ်။ အထဲကိုဝင်ကြည့်လိုက်မှ တောင်ရဲ့သဘာဝ အအေးဓါတ်ကို လှိုဏ်ဂူထဲမှာစုထားသလိုဖြစ်နေတာ ကိုးလို့ သဘောပေါက်ခဲ့ရပါတယ်။
ရေတံခွန်ကပြန်လာတော့ တည်းခိုမည့် Dae-A Resort Hotel ကိုရောက်ရှိခဲ့ကြပါတယ်။ ဟိုတယ်က ပင်လယ်ဖက်ကို မျက်နှာမူပြီး တောင်စောင်းလေးတွေပေါ်မှာ ဘန်ဂလိုလေးတွေကိုဆောက်ထားတာမို့ သဘာဝကျကျနဲ့ တော်တော် သာယာပါတယ်။ သဘာဝကို ခေတ်မှီ Facilities တွေနဲ့ပေါင်းထားတော့ ဘန်ဂလိုအသွားမှာ တောင်တက်ရတာ မတ်တဲ့ နေရာမှာဆို စက်လှေကား Escalator ထားပေးထားပါတယ်။ နဲနဲပြေရင်တော့ ဒီတိုင်းလမ်းလျှောက်ရင်းနဲ့သွားပေါ့။ အညွှန်းတွေအတိုင်းသွားလိုက်တာ ကိုယ့်ဘန်ဂလိုရောက်ဖို့အတော်ကိုသွားယူရပါတယ်။ ပစ္စည်းများများသယ်လာတဲ့ သူဆိုရင်မစားသာပါဘူး။ ကိုယ်ပိုင်ကားနဲ့လာရင်တော့ ကားနဲ့မောင်းတက်လို့ရပါတယ်။ အခန်းရောက်တော့ ပစ္စည်းတွေ ချထားခဲ့ လိုတာလေးပဲပြန်ယူလာပြီး တနေ့တာအတွက် ကျန်သေးတဲ့ခရီးကိုဆက်ဖို့ ပင်မအဆောင်ကို ပြန်ဆင်းလာခဲ့ကြပါတယ်။
ညနေပိုင်းရောက်လို့ နေအတော်စောင်းနေပြီဆိုတော့ Observatory လို့ခေါ်တဲ့ View Point တစ်ခုကိုသွားဖို့ အဖွဲ့သားအားလုံး တောင်ကို ခပ်သုတ်သုတ်တက်ခဲ့ကြပါတယ်။ တောင်တက်လမ်းလေးတောင် အတော်တော့မှောင် နေပါပြီ။ view point လည်းရောက်တော့ ထင်တဲ့အတိုင်းပဲ ဘာ view မှကြည့်လို့မရတော့အောင် မြူတွေပိန်းပိတ် နေပါတယ်။ တောင်ကမြင့်တော့ တိုက်လိုက်တဲ့လေဆိုတာလည်းမပြောပါနဲ့။ ကိုရီးယားလူမျိုးတွေနဲ့ ခရီးသွားရင်းနဲ့ သင်ခန်းစာယူစရာတစ်ခုတွေ့တာက စီစဉ်ထားတာတွေကို မဖြစ်ဖြစ်အောင်လုပ်ကြတာပါ။ ရာသီဥတုကို ဘယ်တော့မှ အရှုံးပေးတာမတွေ့ရပါဘူး။ လုံဝလည်း အပြစ်တင် ညဉ်းညူ စိတ်ပျက်တဲ့အမူအယာတွေ ဘယ်သူ့မှာမှ တွေ့ရလေ့မရှိပါဘူး။ မိုးရွာနေလည်း တစ်မျိုးစီစဉ်လိုက်တာပဲ။ နှင်းကျနေလည်း အပြင်မှာလူတွေချည်းပါပဲ။ ဒီလို ဇွဲတွေကြောင့်လည်း ကမ္ဘာ့အောက်ဆုံးနိုင်ငံတစ်နိုင်ငံက ကမ္ဘာ့ထိပ်ဆုံးနိုင်ငံစာရင်းထဲပါလာနိုင်တာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အူလွန်းဒိုကျွန်းမှာ တစ်ရက်အတွင်း ဒုတိယတောင်တစ်လုံးကိုအောင်မြင်စွာတက်ခဲ့နိုင်လို့ ကိုယ့်ကိုကိုယ်ပဲ Congratulation လုပ်ရင်းပြုံးပြုံးကြီး တောင်ပေါ်ကဆင်းလာခဲ့ပါတယ်။
အဲဒီနောက်တော့ ဒီနေ့အတွက် တတိယအစီအစဉ်ဖြစ်တဲ့ ပင်လယ်ကမ်းခြေမှာ ငါးဖမ်းတဲ့အတွေ့အကြုံယူကြမယ့် အစီအစဉ်ပါ။ နဂိုကတည်းက ငါးဖမ်းတာနဲ့ cleaning ကိုတော့မလုပ်ဘူးလို့ဆုံးဖြတ်ထားတာအတော်ပါပဲ။ ကမ်းစပ်ရောက်တော့ လေတွေကလည်းအရမ်းတိုက်နေတာရယ် နဲနဲလည်းမှောင်နေတာမို့ ငါးစာဘယ်လိုတပ်ပြီး ဘယ်လိုဖမ်းတယ်ဆိုတာ သရုပ်ပြတာပဲကြည့်ပြီး ကြည့်လိုက်တိုင်း နေရာတိုင်းမှာလှနေတဲ့ ကျောက်တုံး ကျောက်ဆောင် တွေ ဇင်ယော်လေးတွေနဲ့ပဲ စိတ်တိုင်းကျ ဓါတ်ပုံတွေရိုက်ပြီး ပြန်တက်လာခဲ့ကြပါတယ်။
အဲဒီနောက်တော့ ကင်းမွန်ခေါ် ပြည်ကြီးငါးတွေကို Cleaning လုပ်တဲ့အတွေ့အကြုံယူတဲ့အစီအစဉ်ပါ။ ငါးကိုင်တယ်လို့ ခေါ်ရမှာပေါ့။ သူတို့ငါးကိုင်တာက တကယ့်အရှင်လတ်လတ်တွေကိုလုပ်တာပါ။ အခုလည်း ရေထဲမှာပြေးနေတဲ့ ကင်းမွန် တစ်ကောင်ကိုဖမ်း လှုပ်နေတဲ့ နှာမောင်းအဖျားတွေကိုဖြတ် လည်ပင်းနားကို အရင် ကန့်လန့်လှီးပြီး အောက်ကိုအတည့် ဓါးနဲ့ခွဲချပြီး ဗိုက်ထဲက ကလီစာတွေကိုဓါးနဲ့ခြစ်ထုတ်လိုက်ပါတယ်။ နောက်တော့ မျက်လုံးနှစ်လုံးကိုဖယ်လိုက်ပြီး ၀ါးတံစို့မှာသီပြီးထိုးလိုက်ပါတယ်။ ကိုရီးယားတွေက ပြည်ကြီးငါးအခြောက်တွေကို ဒီတိုင်းအစိမ်းလိုက်ကော ကင်ပြီးတော့ကော နှစ်သက်စွာစားသုံးကြပါတယ်။ ဗမာငပိဖုတ်ကို မြန်မာလူမျိုးတွေအတွက်မွှေးပေမယ့် ကျန်တဲ့သူတွေ အနံ့မခံနိုင်သလိုမျိုးပဲ သူတို့ပြည်ကြီးငါးခြောက် ကင်တာကို ဘယ်လိုမှအနံ့ခံလို့မရပါဘူး။ နယ်အတော်မျာများက ပြည်ကြီးငါး ငါးခြောက်တွေလုပ်ရောင်းကြပေမယ့် တံစို့ပေါက်ရာ အ၀ိုင်းလေးပါတဲ့ငါးခြောက်ဆိုရင် အူလွန်းဒိုကလာတာ ပဲလို့ လူတိုင်းသိပါတယ်တဲ့။ အဲဒါက ကင်းမွန်ငါးခြောက်။ အခုကတော့ စောစောကစက္ကန့်ပိုင်းလေးအတွင်းကသေသွား တဲ့ ကင်းမွန်ကို ပါးပါးလှီးပြီး Sauce နဲ့တို့ပြီးခုချက်ခြင်းစားကြတာပါ။ စားနိုင်တဲ့သူတွေကိုကြည့်ပြီး ဘယ်လိုများစားနိုင် ကြတာလဲဆိုတာကိုစဉ်းစားလို့ကိုမရပါဘူး။ ထုတ်ထုတ် ထုတ်ထုတ်နဲ့ကောင်းတယ်လို့တော့ပြောတာပါပဲ။ ဒါပေမယ့်တော့ . . ဒါပေမယ့် . . . ပါပဲ။ အဒေါ်ကြီးက နှစ်ကောင်သုံးကောင်လောက်လက်တွေ့လုပ်ပြပြီး ကျောင်းသားထဲက လုပ်ကြည့် ချင်တဲ့သူ ၃ယောက် ၄ယောက်လောက် လက်တွေ့လုပ်ကြည့်ကြပါတယ်။ ပြီးတော့ အနီးက ငါးဈေးလေးကိုလျှောက် ကြည့်ဖြစ်ခဲ့ပါတယ်။
ကဲ-တစ်နေ့တာအတွက်အစီအစဉ်တွေလည်း ပြီးပြီမို့ စောစောကပဲလုပ်ထားတဲ့ငါးစိမ်းလွှာတွေကို ၀ယ်လာပြီး သင်္ဘောဆိပ် နားက စားသောက်ဆိုင်လေးတစ်ဆိုင်ကိုချီတက်ခဲ့ကြပါတယ်။ အဲဒီဆိုင်းမှာ ခုနက ဟွယ်လို့ခေါ်တဲ့ငါးစိမ်း လွှာတွေရယ် အူလွန်းဒိုရဲ့ နံမည်ကြီး Blow fish လို့ခေါ်တဲ့ မျက်လုံးပြူးပြူး ခန္ဓာကိုယ်အပေါ်ပိုင်း၀၀ ရွှေရောင်ငါးတစ်မျိုး ကို အသီးအရွက်တွေနဲ့ပြုတ်ရောင်းတဲ့အစားအစာကို ညစာအဖြစ်စားခဲ့ကြပါတယ်။ တနေ့တာအစီအစဉ်တွေပြီးလို့ ဟိုတယ်ကိုရောက်တော့ ည ၈နာရီခွဲနေပါပြီ။ ရေမိုးချိုး အိမ်ကိုဖုန်းဆက်ပြီး ပင်လယ်ခရီးအကြောင်း အတိုချုံးကြွား (အဲ-အတိုချုံးပြော) ပြီး ဘုရားရှိခိုးပြီးအိပ်ယာဝင်ခဲ့ပါတယ်။ ပင်လယ်ဘက်ကိုမျက်နှာမူထားတဲ့ ၀ရံတာလေးကနေ မနက် ကျရင် ပင်လယ်ထဲက နေထွက်လာတာကို ကြည့်ဦးမှာဆိုပြီး ကျုံးဝါးရင်း နှိုးစက်ကို ဒီတစ်ခါတော့ မနက်/ညမမှားအောင် 5:00 a.m လို့ မှန်အောင်ပေးရင်း အရှေ့ပင်လယ်ခရီးစဉ် ဒုတိယနေ့ကို အဆုံးသတ်ခဲ့ပါတယ်။