"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Saturday, November 19, 2011

အိမ်အပြန်

အိမ်အပြန်

ထက်မြက်။ နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ (ပြန်လည်ဆန်းသစ်ခြင်း)


လူတိုင်းအဖို့ အိမ်အပြန်မှာ ၀မ်းသာဖို့အကောင်းဆုံး အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ စစ်မြေပြင် မှ မသေ မပျောက် ဘဲ အိမ်ပြန်လာရသည့်စစ်သား။ နှစ်ပေါင်းများစွာ နိုင်ငံခြားအလုပ်သွားလုပ်နေရာမှ အိမ်ပြန် လာသောသူ။ ထောင်ထဲတွင် အချိန်ကြာမြင့်စွာ အကျဉ်းကျခံရနေရပြီး မှ လွတ်မြောက်လာကာ အိမ်ပြန် သည့်လူတို့မှာ အပျော်ဆုံး လူသားများဟု သူတို့ကိုယ်သူတို့ မှတ်ယူကြသည်။ လူတစ်ယောက် ၏ အတွယ်တာဆုံး နေရာမှာ အိမ်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး အိမ်ကို ခင်မင် တွယ်တာကြသည်ချည်းပင်။ တစ်နေ့တာ အလုပ်သွား ကျောင်းတက် ကြသော်လည်း အချိန်တန်လျှင် အိမ်ကို ပြန်လိုကြသည်။ အိမ်မှာ အနားယူ အပန်းဖြေလို ကြသည်။ ခရီးသွားရင် အလွန်ကျယ်ဝန်းသည့် ဟိုတယ်ခန်းကြီး၌ ဇိမ်ကျကျ နေရသည့်တိုင် မိမိ၏ ခပ်စုတ်စုတ် အိပ်ခန်းကျဉ်းလေးသို့ ပြန်လိုကြပါသည်။ ထိုကြောင့် အိမ်အပြန် မှာ လူတစ်ယောက်အဖို့ အကြည်နူး ဆုံး အချိန်ဖြစ်လေသည်။

လူတိုင်း အိမ်အပြန်ကို ကြုံခဲ့ကြသလို ကျွန်တော်တို့အဖို့ ယခုထက်တိုင် အမေ့မပျောက်နိုင်သော အိမ်အပြန် အချိန်တချိန်ရှိခဲ့ပါသည်။ ထိုအိမ်ပြန်ချိန်မှာ ထောင်နှင့် ကျွန်း တွင် ၅ နှစ် ၆နှစ်ခန့် အကျဉ်းခံ ဘ၀ဖြင့် နေခဲ့ရပြီး အိမ်ပြန်ခွင့်ရသည့်အချိန်ဖြစ်ပါသည်။

ကျွန်တော် ထောင်ထဲနေခဲ့ရသည့် ကာလမှာ ယခုထက်ပိုမို ခက်ခဲကြပ်တည်းပါသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပုဒ်မ ၅ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသော်လည်း ထောင်ဝင်စာမတွေ့ရပါ။ အိမ်မှ မိသားစု မျာကို မမြင်မတွေ့ရပါ။ ၆ နှစ်တာကာလအတွင်း ဇနီး သားသမီး မိဘ ညီအစ်ကို မောင်နှမ များကို လုံးဝ မတွေ့ခဲ့ရပေ။ သာကြောင်း မာကြောင်း ကျန်းမာရေး စီးပွားရေး ပညာရေး အကြောင်းကို တစ်လတစ်ကြိမ်ရေးခွင့်ရသော စာတိုလေးမျှသာ ဖတ်ရှုသိရှိရပါသည်။ ဇနီးသည်က ကိုယ်ဝန်နှစ်လဖြင့် သမီး ၂ယောက် ကို ထိန်းကာ ရုန်းကန်ခဲ့ရသည်။ အမေကလည်း ကျန်းမာရေး ကောင်းလှသည် မဟုတ် ပေ။

အင်းစိန်ထောင်တွင် ရှိစဉ်က တစ်လ တစ်ကြိမ် အိမ်ကို စာရေးရသည်မှာ ပုံမှန်နီးပါး ရှိသော်လည်း အဆောင်မှ နေ တိုက်အပို့ခံရပြီး တိုက်ထဲ၌ လပေါင်းများစွာ နေရချိန်တွင် စာ အဆက်အသွယ် ဖြတ် ထားပါသည်။ ထိုကာလ၌ အိမ်အကြောင်းဘာမှ မသိရသလို ကျွန်တော့်ကျန်းမာရေးကိုလည်း အိမ်က သိခွင့် မရတော့ပါ။
နောက် ကိုကိုကျွန်း ပို့လိုက်သည်တွင် အိမ်နှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ ကျွန်းပို့ခါနီး၌လည်း အိမ်ကို စာရေးခွင့် ရပ်ထားသလို အိမ်မှ ရေးသော စာများကိုလည်း ဖတ်ခွင့်မရပေ။ ကိုကိုးကျွန်း၌ ၃ နှစ် နီးပါး နေရချိန် တွင် စာ ၃စောင် လောက်ပင် ရေးခွင့် ဖတ်ခွင့်ရသည်ထင်ပါသည်။ ကျွန်း ရောက် နေကြောင်း ရေးလိုက်သည့်စာများကို ပို့မပေးကြောင်း သိရသည်။


ထိုကြောင့် မိသားစုကို မျှော်လင့်ချက်မထားချင်တော့ပေ။ မိမိကိုယ်ကိုလည်း အသက်ရှင်လျှက် အိမ်ပြန်လာရလိမ့်မည်ဟု မထင်တော့ပေ။ အဖမ်းခံရသည့် အချိန်က အသက် ၂၆နှစ်ကျော်သာရှိသေးပြီး ဇနီးမှာလည်း ၂၃ နှစ်ကျော် ငယ်ရွယ်သူ ဖြစ်၍ အိမ်ထောင်သစ်ထူနိုင်ခွင့်ရှိသည်ဟု ခွင့်လွတ် ထားခဲ့ ပါသည်။ အမေကလည်း ကျန်းမာရေး မကောင်းသဖြင့် အမေ့မျက်နှာကို အိမ်အပြန်တွင် တွေ့တော့မည် ဟု မထင်ပေ။ အထူးသဖြင့် ကိုကိုးကျွန်းအကျဉ်းထောင်တွင် ၃နှစ် နီးပါး နေခဲ့ရသည့် အချိန်က အိမ်နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ ထောင်ပြောင်းသွားသည်။

ကိုကိုးကျွန်းရောက်သွားသည်ကို အိမ်က မသိသလို ကျွန်တော်တို့ကလည်း စာရေးပြီး အသိပေးလို့မရပါ။ ထို့အပြင် ကိုကိုးကျွန်း နှင့် ပြည်မကြား အဓိက အဆက်အသွယ်မှာ ရေလမ်းမှ သွားရသော သင်္ဘောသာဖြစ်သည်။ မုန်တိုင်းထန်သော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ကျွန်းဖြစ်၍ မိုးရာသီဆိုလျှင် အဆက်အသွယ် အလွန်ကျဲသည်။

ထိုကြောင့် ကျွန်တော်တို့ရေးသော စာများလည်း အိမ်မရောက်။ အိမ်မှရေးသော စာများလည်း ကျွန်တော့်ထံမရောက်။ ကျွန်တော့်မိသားစုဆိုလျှင် ကျွန်တော့် မိဘအိမ်တွင် နေတော့မည်ဟု မထင်ပေ။ အမေ့ကိုလည်း ဤလောကတွင် ရှိတော့မည်ဟု မထင်ပေ။ စာအဆက်အသွယ်ရတုန်းက အမေနေမကောင်းဟု သိရသဖြင့် နှစ်ကြာပြီး အဆက်အသွယ်မရေသောကြောင့် အမေနှင့်တွေ့ဖို့ မျှော်လင့်ချက်ကို စွန့်လွတ်ခဲ့ခြင်းဖြစ်ပါသည်။

အင်းစိန်ထောင်သို့ ပြန်ခေါ်ပြီးသော်လည်း အိမ်နှင့်အဆက်အသွယ် မရသေးပါ။ (အမှန်မှာ ကျွန်တော် တို့လွတ်တော့မည်ဖြစ်၍ အဆက်အသွယ် မပေးခြင်းလည်း ဖြစ်ပါလိမ့်မည်။) ဤသို့ဖြင့် ကျွန်းမှာပြန်လာပြီး ၄လခန့်အကြာ နံနက်စာ စားအပြီး နေ့ခင်းဘက် တစ်ရေးတစ်မော ကုတင်ပေါ် အိပ် နေချိန် တွင် အပြင်မှ သော့ဖွင့် သံများ ရုတ်တရက်ကြားလိုက်ရသည်။

နောက်အခန်းတံခါးကြီးကို ၀ုန်းခနဲ့ ဆွဲဖွင့်လိုက်ကာ ထောင်မှုး ဦးကျော်မင်းနှင့် အမှု ထမ်းများ ဖိနပ်သံ တဖြောင်းဖြောင်း နှင့် အခန်းထဲ ၀င်လာကြလေသည်။ ပုံစံထိုင် ခိုင်းလိုက်သဖြင့် ကျွန်တော်တို့အားလုံး ကုတင်ပေါ်တွင် ပုံစံထိုင်နေကြရပါသည်။
ထောင်မှုးက နာမည်ခေါ်တဲ့သူ အဖေနာမည်ကိုပြော ရှေ့မှာလာရပ်


ဇော်လွင်
ရှိ အဖေနာမည် ဦး……

တင်ဝင်း
ရှိ အဖေနာမည် ဦး…..

ကျော်နိုင်
ရှိ အဖေနာမည် ဦးဘိုးသီ


ကျွန်တော့်နာမည် ခေါ်၍သာ အဖေနာမည်ပြောပြီး အမှုထမ်းများရှေ့သို့ သွားရပ်ရသည်။ ဘာကြောင့် ခေါ်မှန်း မသိပါ။ အခန်းပြောင်းမှာလား။ အဆောင်ရွေ့မှာလား။ တိုက်ပို့မှာလား။ ရင်တထိတ်ထိတ်နှင့် ပုံစံရပ်နေလိုက်ပါသည်။ နာမည်ခေါ်ခံရသည့် အခန်းတွင်းမှ အဖော်တော်တော်များ မှာလည်း ဝေခွဲမရသော မျက်လုံးများဖြင့် တန်းစီရပ်နေကြည်ပါသည်။

လာ….လိုက်လာခဲ့ကြ ထောင်မှုး ဦးကျော်မင်းက ပြောပြီး ရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့လည်း ထောင်မှုး နောက်မှ တန်းစီလိုက်ခဲ့ကြ၏။ ကျွန်တော်တို့ ဘေး တစ်ဖက် တစ်ချက် ဆီမှ အမှုထမ်းများ ကလည်း လိုက်ပါလာခဲ့ကြသည်။ အလွန် ထူးခြားသည်မှာ ကျွန်တော်တို့ကို စောင့်ဖြင့် အုပ်ပြီး ခေါ် မလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဟိုသည်ကြည့်ပြီးလိုက်လာခဲ့သည်။ အံ့သြရပါသည်။ နောက်ဆုံး ထောင်ဗူးဝသို့ ရောက်လာပါတော့သည်။

ဗူးအတွင်းပိုင်းကွက်လပ်တခုလုံး နိုင်ငံရေး အကျဉ်းသား အများအပြားကို တွေ့ရသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီ လဖြစ်သည်။ လွတ်လွတ်လပ်လပ် စကားပြောနေကြသဖြင့် ထောင်ပြောင်းခြင်းတော့ မဟုတ်နိုင် ဘဲ ကျွန်တော်တို့ကို လွှတ်လိမ့်မည် ဟု ထင်ရပါသည်။

ကိုကိုးကျွန်းတွင် အတူနေခဲ့ရသည့် ရဲဘော်များကို ယခုမှ နောက်ထပ်ပြန်ဆုံရသည်။ ထောင်မှုး ဦးကျော်မင်း က ကျွန်တော်တို့ကို လွှတ်တော့မည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တွင် နေသူများကို လိုက်ပို့ပေးမည့်ကားများ ထောင်ဗူးအပြင်တွင် ရပ်ထားကြောင်း နယ်မှလူများ သူ့ထံတွင် ခရီးစရိတ်လာထုတ်ယူစေ လိုကြောင်း ပြောပါသည်။ ထောင်မှုး တစ်ယောက်ကလည်း စားပွဲ တစ်လုံးတွင် စာရင်းစာအုပ်များဖြင့် ပစ္စည်းများထုတ်ပေးနေသည်။

ကျွန်တော်တို့ထောင်ရောက်စဉ်က ဗူးဝတွင် စာရင်းဖြင့်သိမ်းထားသော လွယ်အိတ် နာရီ လက်စွပ် ငွေ စသည့် ပစ္စည်းများအား စာရင်းအတိုင်း ပြန်ထုတ်ပေးပါသည်။ အချိန်မှာ ညနေစောင်းသွားပြီ။ သတင်းစာ ရှင်းလင်းပွဲလုပ်ခြင်း၊ လူစာရင်းများ စစ်ခြင်း၊ ပစ္စည်းများ ပြန်ပေးခြင်းဖြင့် လူရာပေါင်းများစွာကို စစ်ဆေးနေရသောကြောင့် အချိန်ကုန်သွားလေသည်။ ဗန်းမော်တင်အောင်၊ သခင်ခင်အောင်၊ ဆရာ ရာဂျန် စသော လူကြီးများအပြင် ဘဖူးညွှန့် ခင်မောင်ဇော် ချိုကြီး အောင်ငြိမ်းစသည့် လူငယ်များလည်း လွတ်စာရင်း တွင် ပါလာသောကြောင့် ၀မ်းသာခဲ့ရပါသည်။

သင်္ကန်းကျွန်း၊ သာကေတ တောင်ဥက္ကလာ ပုဇွန်တောင် စသဖြင့် လိုက်ပို့ပါသည်။ သင်္ကန်းကျွန်း တွင်နေသော ကျွန်တော့်မှာ နောက်ဆုံးဖြစ်သွားသည်။ အိမ်တိုင်ရာ ရောက် တစ်အိမ်ချင်းလိုက်ပို့သဖြင့် အချိန် ကြာသွားရသည်။
တောင်ဥက္ကလာကို ပတ်ပြီး သင်္ကန်းကျွန်းဝင်သောအခါ မိုးစုန်းစုန်းချုပ်သွားပြီ။ ည၈နာရီခန့် ရှိလိမ့်မည်ထင်သည်။ ဖေဖော်ဝါရီလဖြစ်၍ အေးလည်း အေးလာ၏။ ထောင်ပုံစံ အင်္ကျီ အဖြူလက်တိုဖြင့် လိုက်လာရ သောကြောင့် တော်တော်အေးနေပါသည်။ နံနက်ပိုင်းက ခေါင်းညှပ်ထားသလို ရေမချိုးရ သေးသဖြင့် တစ်ကိုယ်လုံး ယားယံနေသည်။ ရဲစခန်းရှေ့မှ ဖြတ်ပြီး လမ်းအတိုင်း မောင်းဝင်ခဲ့ပါသည်။ ကျွန်တော် က ရှေ့ခန်းတွင် ဒုတပ်ကြပ်တစ်ဦး ကားမောင်းသူ ရဲဘော်တစ်ဦး တို့နှင့် အတူ ထိုင်လိုက် လာပါသည်။

ကျွန်တော့်ကို ဖမ်းခေါ်သွားစဉ်က ကျွန်တော်တို့လမ်းမှာ ခပ်ခြောက်ခြောက်ဖြစ်သော်လည်း ယခုမူ ဈေးဆိုင် များဖြင့် ကြပ်သိပ်နေပေပြီ။ နှစ်ချီကြာမြင့်သဖြင့် ကျွန်တော်အိမ်ကို မမှတ်မိတော့ပါ။ ကားမောင်းသမား ရဲဘော်ကို ဈေးဆိုင်လေးတစ်ဆိုင်ရှေ့ ရပ်ခိုင်းလိုက်သည်။ ဒုတပ်ကြပ် က ခင်ဗျား အိမ် အပေါ်ထိ လိုက်မယ်နော် မိသားစုလက်ထဲ ခင်ဗျားကို အပ်ပြီးမှ ပြန်မယ်ဗျာ ဟု အားပါးတရ ပြောနေသည်။

ကျွန်တော် ကားပေါ်မှ ဆင်းပြီး ကျွန်တော့်အိမ်ကို မေးဖို့ လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို လိုက်ကြည့်ရာ ဈေးဆိုင်ခုံပေါ် ထိုင်နေကြသော မိသားစု တစ်စုကို တွေ့လိုက်ရသည်။

မိန်းမက ကလေးတစ်ယောက်ကို ချီထားသည်။ မျက်မှန်နှင့် ယောက်ကျားက ကလေးတစ်ယောက်ကို ပေါင်ပေါ် တင်ထားလေသည်။ ဒီမှာ ဒေါ်သိန်းတင်တို့အိမ်က ဘယ်နားမှာလဲ မျက်မှန်နှင့်လူက ကလေးကို ကောက်ချီပြီး ထိုင်ရာမှ ထလိုက်သည်။ ဓါတ်တိုင်မှ မီးရောင်သည် ကျွန်တော်တို့အပေါ်ထိုးကျနေသည်။ သူက ကျွန်တော့်မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် အစ်ကို……အစ်ကို ၊ကျွန်တော်လေ အစ်ကို့ ညီလေ… သူက ကျွန်တော့် မိန်းမ သူတို့က သမီးတွေလေ ကျွန်တော့်ညီ အငယ်ဆုံးဖြစ်သည်။ ကျွန်တော် အဖမ်းမခံရခင်က သူက ၁၀တန်းကျောင်းသား။ ယခု ကလေး နှစ်ယောက် အဖေ ရုံးစာရေး။ ဘွဲ့လည်း ရနေပေပြီ။ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းက နောက်ဘက်လှည့်ကာ အမေရေ…….. အစ်ကို ပြန်လာပြီ ဟု လှမ်းအော်လိုက်ပါသည်။

ကျွန်တော်ဘက်ပြန်လှည့်ကာ အမေ နေမကောင်းတာ ကြာပြီ၊ အခု အိပ်ယာပေါ်မှာ လမ်း သိပ်မလျှောက် နိုင်ဘူး ဟု ဆက်ပြော၏။ ကျွန်တော်အိမ်ဘက်သို့လျှောက်ခဲ့ရာ သူတို့မိသားစုရော လိုက်ပို့သည့် တပ်မတော် သား များရော နောက်မှ လိုက်လာကြပါသည်။

အိမ်ရှေ့လှေကားရင်း ရောက်သည့်အခါ အိမ်ပေါ်မှ ဆင်းလာသည့် အမေ့ကို တွေ့လိုက်ရသည်။ အမေမှာ တော်တော် အိုမင်းသွားပေပြီ။ ကိုယ်လုံးမှာလည်း ငှက်မွှေးလေးလို ပါးပါးလေးသာရှိသည်။

အမေက ထမင်းလဲ သိပ်မစားဘူး။ လှေကားဆင်းဖို့ နေနေသာသာ လမ်းလျှောက်ရင်တောင် လူတွဲ သွားရတာ။ အခု အစ်ကိုလွတ်လာတော့ အံ့သြဖို့ကောင်းလိုက် တာ။ လှေကား ကို မကိုင်ဘဲ အလွတ် ဆင်း လာနိုင်တယ်။

ကျွန်တော့်ညီက ၀မ်းသာအားရ ပြောပြနေပါသည်။ အမေ့ပုခုံးကို ဖက်ပြီး အိမ်ပေါ်သို့တက်လာခဲ့ပါသည်။ အိမ်ပေါ် တွင် လူကြီး တစ်ယောက်မှ မရှိဘဲ ကလေးငယ် တစ်ယောက်သာ ကစားနေသည်။ အမေက မျက်တောင် မခပ်ဘဲ စိုက်ကြည့်နေ၏။ မျက်လုံးများထဲတွင် မျက်ရည်စများ ၀ဲနေပါသည်။

သားရယ်…..အံ့သြဖို့ကောင်းလိုက်တာ မသေကောင်းမပျောက်ကောင်း ပြန်တွေ့ရတယ်နော်…ဟု ကျွန်တော့် ကို ပြောနေသည်။ အမေမရှိတော့ဟု အမေ့အသက်ကို မမျှော်လင့်ခဲ့သော ကျွန်တော့်မှာ ယခု လို အမေ့ကို တွေ့ရသဖြင့် အလွန်ပျော်သွားပါသည်။

ထိုအချိန်၌ ကစားနေသော ကလေးက အမေ့ပေါင်ပေါ်လာထိုင်ပြီး ကျွန်တော့်မျက်နှာကို ကြည့်နေသည်။ ယောက်ကျား လေးဖြစ်ပြီး ငါးနှစ်လောက်ရှိပေလိမ့်မည်။ အမေက ကလေးကို ကျွန်တော့်ပေါင်ပေါ် တင် ပေး၏။ ကျွန်တော်ကလည်း အသာအယာပင် ပွေ့ဖက်ထားလိုက်ပါသည်။ ကျွန်တော့်ညီ၏ ကလေးဟုပင် ထင်ပါသည်။ ကလေးမှာ တအောင့်သာ ပေါင်ပေါ်ထိုင်ပြီး အမေ့ပေါင်ပေါ် အတင်းသွားထိုင်သည်။

ဖွားဖွား ဒီဦးဦးက ဘယ်သူလဲ ဟု မေးလိုက်သံကို ကျွန်တော်ကြားလိုက်ရသည်။ အမေက ကျွန်တော့်ကို ကြည့်ကာ သား ဒီကလေးကို သိလား မသိဘူး လေ အမေရဲ့ ဟိုကောင့်သား မဟုတ်လား ကျွန်တော့်အဖြေကို ကြားသောအခါ အမေသည် မျက်ရည်များ ကျဆင်းပြီး ၀မ်းနည်းပက်လက် ငိုပါ တော့ သည်။

ကျွန်တော်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။ ကလေးကလည်း သူ့အဖွားငိုသည်နှင့် လိုက် ငို သည်။ ကျွန်တော့်ညီနှင့် ခယ်မမှာလည်း မျက်ရည်များ ကျနေကြပါသည်။

ဒီကလေးက နင့်သားလေ ထောင်ထဲကနေ နင်နာမည်ပေးလိုက်တဲ့သားလေ ဟု အမေက ရှိုက်ရင်း ပြော နေပါသည်။ ကျွန်တော်က ကလေးကို တအံ့တသြ ကြည့် လိုက်ပါ သည်။ သားလေး မွေးသည့် အကြောင်း ကျန်းမာကြောင်းတို့ကို အကေလးမွေးပြီး တစ်နှစ်လောက်အကြာ စာရေးခွင့်ရမှ ကျွန်တော် သိရ ပါသည်။
သားဓါတ်ပုံကိုလည်း ထည့်ပေးလိုက်ပါသည်။ သားနာမည်ပေးသည့်နေ့က တစ်ခန်းလုံးကို ပဲလှော် ဘီစကစ် နှင့် ရေနွေးကြမ်းတိုက်ပြီး ကင်မွန်းတပ်ပွဲ ကျင်းပခဲ့သေး သည်။

သားကိုကြည့်ပြီးနောက် ကျွန်တော်ချီလိုက်သည်။ အဖေနှင့်သား မမှတ်မိပါလား။ ကျွန်တော် ထောင်ထဲ ၀င်စဉ်က ကိုယ်ဝန် ၂လ လောက်နှင့် ကျန်ခဲ့သော သားလေးမှ ယခု ၅ နှစ်နီးပါးရှိခဲ့ပြီ။ ဒီအတိုင်းဆိုလျှင် ကျွန်တော့် သမီးကြီး မှာ ၁၀နှစ်သမီးလောက်ရှိပြီး သမီးလတ်မှာ ၈နှစ်လောက်ရှိပေရော့မည်။ မိန်းမကို တစ်မျိုး ခံစားရပြီး သမီးများကို မြင်တွေ့လိုစိတ်ဖြင့် ၀မ်းနည်းသွားပါသည်။

ထိုအချိန်တွင် လှေကားမှ ဆူဆူညံညံ အသံများ ကြားရကာ အိမ်ခေါင်းရင်းမှ အိမ်နီးချင်းများ ရောက် လာကြ သလို ကလေးနှစ်ယောက်နှင့် ကျွန်တော့်မိန်းမမှာလည်း ဆွဲခြင်းတစ်လုံးဖြင့် အိမ်ပေါ် ရောက်လာ ကြပါသည်။
မိန်းမက ကျွန်တော့်မျက်နှာကို တအံ့တသြ စိုက်ကြည့်နေပါသည်။ သမီး ၂ယောက်ကမူ မျက်နှာစိမ်း တစ်ယောက်လို မျက်နှာစိမ်းတယောက်လို စူးစမ်းသည့်အကြည့်ဖြင့် အဖေကို ကြည့်နေကြသည်။

အိမ်အပြန်လမ်းမှာ မျှော်လင့်ချက်များ လုံးဝ ဆိတ်သုဉ်းခဲ့ရသည့်လမ်းမျိုးမဟုတ်ပေ။ သို့သော်ကြေကွဲမှု ကြည်နှုး မှု မျှော်လင့်ချက် ရောင်ခြည် တောက်ပလာမှု စသော ခံစားမှုပေါင်းစုံဖြင့် ရောထွေးခဲ့ရပါသည်။

ကျွန်တော့်ဘ၀တွင် မိသားစုနှင့် ချီကာ ခွဲခွာ၍ အကျဉ်းထောင်ထဲတွင် ဘ၀ တစ်စိတ်တစ်ပိုင်း ကုန်ဆုံး ခဲ့ ရသော ပထမဆုံး အတွေ့အကြုံ ဖြစ်ပါသည်။ နောင် ဒုတိယ တတိယ စတုတ္ထ စသည့်  အတွေ့ အကြုံ များ အိမ်အပြန်ခရီး များ ထပ်ခါ ထပ်ခါ မကြုံခင် ရှေ့ပြေးအိမ်ပြန်ခရီးအဖြစ် ရင်ထဲတွင် မှတ်မှတ်ရရ စွဲထင် ကျန်ရစ် နေခဲ့ပါတော့သည်။

စာရေးသူ – ထက်မြက်

The Real Lives, Real Stories

Volume 4, August 2011

(သည်စာမူကို ဆရာမောင်စွမ်းရည်က ညွှန်းပါတယ်)

(ရွှေစင်ဦးဘလောဂ့်က ယူပါတယ်)

No comments:

Post a Comment