"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Friday, March 18, 2011

Supermoon Day အမှတ်တရ

အခုတလော သတင်းတွေမှာ Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှုသည် ၂၀၁၁ မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်သည့်အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်တယ်ဆိုပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင်အချို့ကခန့်မှန်းပြောဆိုသံတွေကြားနေရပါတယ်။ လဆိုတာ သူ့ပတ်လမ်းမှာ ဘဲဥပုံနဲ့ ပတ်နေတာမို့ ကမ္ဘာနဲ့ အနီးဆုံးတစ်ခါ အဝေးဆုံးတစ်ခါတော့ ၂နှစ် ၃နှစ်မှာ တစ်ကြိမ်လောက် ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ၂၀၀၅ ဇန်န၀ါရီလလယ်လောက်တုန်းကလည်း Supermoon Phenomenon ဆိုပြီးဖြစ်ခဲ့ဘူးတာနဲ့ တိုက်ဆိုင်စွာပဲ အဲဒီဖြစ်စဉ်မတိုင်မှီက Asia Tsunami လို့ခေါ်ရလောက်အောင်ကြီး ကျယ်တဲ့ ဆူနာမီရေလှိုင်းလုံးကြီးတွေရဲ့ဖျက်ဆီးမှုကို ၂၀၀၄ ဒီဇင်ဘာ ၂၆ရက်နေ့မှာ ထိုင်း အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာခံစားခဲ့ကြရတဲ့နည်းတူ ယနေ့ ၂၀၁၁ မတ်လ ၁၉ရက်နေ့ Supermoon Day မတိုင်မှီ လွန်ခဲ့တဲ့ ၈ရက် ၂၀၁၁ မတ်လ ၁၁ ရက်နေ့ ဂျပန်ပြည်မှာ အင်အား 9.0 Ritchter scale ရှိတဲ့ ကမ္ဘာမှာ ပဉ္စမမြောက် အင်အားအကြီးဆုံးဖြစ်တဲ့ ငလျင်ကြီးလှုပ်အပြီး ချက်ခြင်းဆိုသလို ၁၀ မီတာ ၁၁ မီတာ (မြင်သာ အောင်ပြောရရင် ပေ ၃၀-၃၃ ပေ) ကျော်မြင့်တဲ့လှိုင်းလုံးကြီး တွေ တရိပ်ရိပ်တက်လာပြီး လူနေမြို့ရွာတွေ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပြစ်လိုက်တာ အားလုံး အမြင်ပါပဲ။

ဒီသတင်းတွေနဲ့ဆက်စပ်စွာပဲ ယုံချင်ယုံ မယုံချင်နေဆိုပြီးပြောနေကြတာကတော့ ကမ္ဘာမှာ အလွန်ရှေးကျတဲ့ မိုင်ယာလူမျိုးစုတွေရဲ့ ပြက္ခဒိန်ကိစ္စပါပဲ။ အဲဒီပြက္ခဒိန်ဟာ နှစ်ပေါင်း ၅၀၀၀ ကျော်ကြာခဲ့ပြီး ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့အထိပဲရေးဆွဲခဲ့တဲ့အကြောင်းပါပဲ အဲဒါကိုကြည့်ပြီး ပညာရှင်အချို့က အဲဒီရက်စွဲက ကမ္ဘာမြေအတွက် နောက်ဆုံးနေ့ဖြစ်လေမလား တချို့ကလည်း မေယာလူမျိုးပညာရှင်တွေက ပြက္ခဒိန်ကို update မလုပ်ခဲ့တာနဲ့ အဲဒီနေ့က ကမ္ဘာမြေအတွက် နောက်ဆုံးနေ့ ဖြစ်ရတော့မှာလားဆိုပြီး ရယ်သွမ်းသွေးနေကြပါတယ်။ စာရေးသူတို့ကတော့ အဲဒီဘက်မှာ ပညာရှင်တွေမဟုတ်တာမို့ မှားတယ် မှန်တယ် ဝေဘန်နိုင်ဖို့ မတတ်နိုင် တော့လည်း ရေးသားပြောဆိုနေကြ တာတွေကို ဘက်ပေါင်းစုံက လိုက်ဖတ် လိုက်နားထောင်ကြရတာအပြင် ဘာမှသိပ်မတတ်နိုင်ပါဘူး။

သို့ပါသော်လည်း - အဲ - ဆိုသလိုပေါ့ ကမ္ဘာမှာ ရာသီဥတုတွေဖောက်ပြန်ပြီး သဘာဝဘေးအန္တာရယ်တွေ လူတွေ ကာကွယ်နိုင်တာထက်ပိုကြီးတဲ့ အန္တာရယ်ကြီးတွေလစဉ်ဆက်တိုက်ဆိုသလို ကမ္ဘာအနှံ့မှာ ဖြစ်နေတာတွေက အားလုံး မျက်မြင်ပါပဲ။ ပါကစ္စတန်ရေကြီးမှုတွေ၊ ဟေတီငလျင်ကြီး၊ အမေရိကန်မှာ နှင်းမုန်တိုင်းတွေ၊ သြစတြေးလျမှာ ရေတွေကြီးမှုတွေ မုန်တိုင်းကြီးတွေ (Yasi Cyclone)၊ နယူးဇီလန်မှာ ငလျင်ကြီး (ပြင်းအား ၇.၂)တွေ လှုပ်သွားတာမှ ပြောလို့ မဆုံးသေးခင် ယခုဂျပန်မှာ ပြင်းအား ၈.၉ သို့ ၉.၀ လို့ပြောနေကြတဲ့ ငလျင်ကြီးနဲ့အတူ ဆူနာမီလှိုင်းလုံးကြီးတွေ က ဖျက်ဆီးသွားလိုက်တာ ကြောက်ခမန်းလိလိပါပဲ။

ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကြည့်ပြီး ရတနာသုံးပါးကို မမေ့မလျော့ကြဖို့ ကောင်းမှုကုသိုလ်တွေ တိုးလုပ် ကြဖို့ကိုပဲ ကိုယ့်ကိုကိုယ်လည်း သတိပေးတဲ့နည်းတူ စပ်မိစပ်ရာမိတ်ဆွေမှန်သမျှကို သတိပေးနေမိပါတယ်။ ဒီနေ့လည်း ကျောင်းလည်းပိတ်လို့ ဆူပါမွန်းလို့ခေါ်ရမယ့် တပေါင်းလပြည့်နေ့လည်းဖြစ်နေလို့ ဥပုသ်စောင့်ဖို့ ကြံစည်လိုက်မိပေမယ့် ၁၂နာရီမထိုးခင် မနက်စာစားဖို့ မစီစဉ်လိုက်နိုင်လို့ ဥပုသ်မစောင့်နိုင်တဲ့အတူတူ အမှတ်တရဆိုပြီး ဒီဆောင်းပါးလေးကို ထိုင်ရေးနေမိပါတယ်။

ဆောင်းပါးလေးကို Natural Disaster တွေ ကမ္ဘာပျက်တော့မယ်ဆိုတဲ့နိမိတ်တွေနဲ့ စလိုက်ရပေမယ့် နဲနဲဖြစ် ဖြစ်တော့မောသွားမယ့် စိတ်လေးကို ပြန်အမောပြေသွားစေဖို့ မြန်မာ စာဆိုပညာရှိကြီးတွေဖွဲ့ဆိုခဲ့တဲ့ ရွတ်ဆိုခံစားကြည့်ရတာ အလွန်အရသာရှိလှတဲ့ ကဗျာလေး နှစ်ပုဒ်ကိုပြန်လည် ကူးယူဖော်ပြလိုက်ရပါတယ် ။

အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်က သူ၏ တောလား ကဗျာကြီးမှာ တပေါင်းလရဲ့ တင့်တယ်သာယာ ပုံကို - 'လေခ မြေ သက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံး လင်းသား'ဟု ချီးကျူးဖွဲ့ဆိုခဲ့တဲ့နည်းတူ

ကုန်ဘောင်ခေတ် ပြဇာတ်ဆရာကြီးဦးကြင်ဥ ကလည်း - 'ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်။ ။သဇင်ကြွင်းငယ် နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်။ ။ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ ဖော်ကွဲ။ ။ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်ခါညီပြောပေပ၊ ကြော၍သာ မြဲ။' လို့ တပေါင်းလရဲ့သာယာပုံ စာပန်းချီကို လေးတွေကို ရွတ်ဆိုခံစားကြည့်ရင်း ခေတ္တခနစိတ်အပန်းဖြေနိုင်ကြပါစေလို့ဆုမွန်ခြွေရင်း ဒီဆောင်းပါးလေးကို အဆုံးသတ် လိုက်ရပါတယ်။

အပမာဒေန သမ္ပာဒေထ
ဘုရားစကားလိုက်နာပွားတရားလက်မလွတ်ကြပါစေနှင့်

အီဟွာသူ
၁၉-၀၃-၂၀၁၁
တပေါင်းလပြည့်နေ့ (ဆူပါမွန်းနေ့)
နေ့လည် ၃း၂၀

(တပေါင်းလဘွဲ့ကဗျာများကို wikimyanmar မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) မှကူးယူဖော်ပြပါသည်။)

No comments:

Post a Comment