"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Tuesday, January 18, 2011

နှစ်သစ်အဖွင့်

၂၀၁၁ မင်္ဂလာနှစ်သစ်မှာ စာဖတ်သူမိတ်ဆွေများအားလုံး မင်္ဂလာပါလို့ ဦးဆုံး နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ ကျောင်းဖွင့်ပြီဆိုတာနဲ့ အလုပ်တွေက များတော့ ကိုယ့် ဘလော့ဂ်လေးတောင် ပြစ်ထားတာ ၄လလောက်ရှိသွားပြီ။ ဒီတစ်ခါကျောင်းပိတ်ရင် ရေးချင်နေတာတွေအများကြီးထဲကမှ နှစ်သစ်အဖွင့်ကို ဘာလေးနဲ့စရရင် ကောင်းမလဲစဉ်းစားလိုက်တော့ မင်္ဂလာနှစ်သစ်မှာ မင်္ဂလာအရှိဆုံးအကြောင်းအရာ လေးနဲ့စဖို့စဉ်းစားမိပါတယ်။ စာရေးသူက နှစ်ဟောင်းတစ်ခု ကုန်ဆုံးတော့မယ်ဆို ဒီအတိုင်းသာမန်နေ့တနေ့လို မကုန်ဆုံးလိုက်ချင်ဘူး တခြားနှစ်တွေနဲ့လည်း မတူပဲ ထူးထူးခြားခြားလေးလုပ်တတ်တဲ့ အကျင့်လေးတစ်ခုရှိပါတယ်။ ဘာလေးဖြစ်ဖြစ်ထူးထူးခြားခြားလေးပေါ့။ ဒီနှစ်တော့ အကောင်းဆုံးစဉ်းစားမိတာက နှစ်ဟောင်းကို အကောင်းဆုံးနည်းနဲ့ ကုန်ဆုံးစေပြီး နှစ်သစ်ကို အကောင်းဆုံးနည်းနဲ့ကြိုဆိုဖို့ တရားသွားထိုင်ဖို့ ဆိုတာလေးကိုစဉ်းစားမိပါတယ်။ တရားသွားထိုင်ချင်နေတာတော့ကြာပြီ အကြောင်းတွေကမတိုက် ဆိုင် အခြေအနေတွေက မပေးခဲ့လို့ပါ။ အခုတော့ အသက် ၇၀ အမေက ဒီဇင်ဘာလဆန်း ပျဉ်းမနား မှာဖွင့်ခဲ့တဲ့ ဦးဂိုအင်ကာတရားစခန်း မှာ တစ်နေ့ ၁၁နာရီနီးပါးထိုင်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းလေး ကလည်း ကိုယ့်ကိုတွန်းအားဖြစ်စေခဲ့ပါတယ်။ ကိုရီးယားမှာလည်း ဦးဂိုအင်ကာတရားစခန်းရှိတယ် ဆိုတာကြားဘူးလို့ အင်တာနက်မှာရှာကြည့်လိုက်တော့ ၂၀၁၁ အတွက်အစီအစဉ်က ဧပြီလမှစမှာမို့ ကိုယ်ကလောလောဆယ်ထိုင်ချင်နေတာဆိုတော့ မြန်မာသီလရှင်ဆရာလေးတစ်ပါး ရှိတဲ့ ဗောဓိစုဆိုတဲ့ တရားရိပ်သာလေးကိုသတိရတာနဲ့ ချက်ခြင်းကောက်ပြီးဖုန်းဆက်လိုက်တော့ ဆရာလေးက မြန်မာပြည်ပြန်သွားပါပြီတဲ့ ဆရာလေးနဲ့ဆက်သွယ်ချင်ရင် နံပါတ်ပေးပါမယ်ဆို တော့ အခုဖုန်းကိုင်တာ ဘယ်သူပါလဲလို့မေးလိုက်တော့ ဦးဇင်းတစ်ပါးဖြစ်နေ တော့ ရိုရိုသေသေပဲ မတတ်တတတ် ကိုရီးယားစကားလေးရှိသလောက်နဲ့ မရတော့ရင်ဘိုလိုညှပ်ပြီး တပည့်တော်က ဆရာလေးကိုတွေ့ချင်တာထက် တရားလာထိုင်ချင်လို့ အဆင်ပြေမပြေ မေးခြင် စုံစမ်းချင်လို့ပါဘုရားဆိုတော့ ကံကောင်းထောက်မစွာ ဦးဇင်းက ဘိုလို နားလည်းနားလည်ပြီး ပြောလည်း ပြောနိုင်တဲ့သူဖြစ်နေတော့ အားလုံးအဆင်ပြေသွားခဲ့ပါတယ်။ ဦးဇင်းက အချိန်မရွေးလာခဲ့ပါ လောလောဆယ် ထိုင်နေတဲ့သူ သုံးယောက်ရှိတယ်လို့ပြောပါတယ် ဆွမ်းစားရိတ်တစ်နေ့ဘယ်လောက်သွင်းရလဲဆိုတာပါ တစ်ခါတည်းမေးလိုက်တော့ ဘာမှ မပေးရ ပါဘူးတဲ့ တရားလာထိုင်ဖြစ်ဖို့သာအဓိကပါဆိုတော့ မြန်မာပြည်က ကိုယ်အမြဲထိုင်နေကြ သပြေတောင်တောရ မဟာစည်သာသနာ့ရိပ်သာက ဘုန်းဘုန်းကြီးနဲ့ ဘုန်းဘုန်းလေး ညီနောင် နှစ်ပါးကိုပြေးသတိရမိပါသေးတယ်။ တရားသာလာထိုင် ဘုန်းကြီးတို့ ကကျွေးထားမှာလို့ ပြောဖူးတာလေးအမှတ်ရမိလို့ပါ။ အခုတော့ အရင်က တောရရိပ်သာလေး လည်းနေပြည်တော်စီမံကိန်းမှာ တိုးချဲ့ တည်ဆောက်ရေး တွေကြောင့် မဟာသန္တိသုခ ရွှေတိဂုံပုံတူ စေတီတော်ခြေရင်းက မြို့လယ်ကျောင်းဖြစ်သွားခဲ့ပါပြီ။ စကားပြန်ဆက်ရရင် ဦးဇင်းလေးကို တပည့်တော်လုပ်စရာအလုပ်လေးတွေအမြန်ဖြတ်ပြီးတာနဲ့ တပြိုင်နက် လာခဲ့ပါမယ်ဘုရားလို့ ပြောခဲ့လိုက်ပါတယ်။
ဒီတော့ ကိုယ့်ဘက်က လုပ်စရာတွေ အမြန်ဖြတ်ရပါတယ် အဓိကကတော့ ကိုရီးယားရောက် မြန်မာ ကျောင်းသားအသင်း နှစ်ပတ်လည်အစည်းအဝေးပြီးကာစဆိုတော့ ကိုယ်တာဝန်ယူထားတဲ့အပိုင်းလေးတွေကို အရင်ဆုံး လက်စသတ်အောင်လုပ်ရပါတယ် နောက်တော့တခြားကိုယ့် Personal ကိစ္စလေးတွေလည်း စဉ်းစား မမေ့အောင်ချရေးပြီး တစ်ရက်နှစ်ရက်အတွင်း အကုန်ပြီးအောင်လုပ်ရပါတယ်။ သူငယ်ချင်း တွေကိုတော့ question mark လေးပေးခဲ့ချင်လို့ ဘယ်သူ့ကိုမှမပြောပဲသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရင်ဆုံး အိမ်ကိုဖုန်းဆက် နှစ်ပတ်တရားသွားထိုင်ဖြစ်မယ်ဆိုတာပြောပြီး အကယ်၍ အရေးကြီးကိစ္စပေါ်ပေါက်ခဲ့သော် ဆက်သွယ်ဖို့ဆိုပြီး ကိုယ့် Supervisor ပါမောက္ခရယ် ရုံးကအုပ်ချုပ်သူ အမျိုးသမီးဆီရယ်ကိုတော့ ကိုယ်သွားမယ့်နေရာရယ် ဆက်သွယ်ဖို့ ဖုန်းနံပါတ်ရယ် ပေးခဲ့ပါတယ်။ ရိပ်သာသွားဖို့ အကျဉ်းဆုံးပစ္စည်းလေးတွေထည့်နေတဲ့အချိန်ထိ ယနေ့ခေတ်လူနေမှုဘ၀မှာ မရှိမဖြစ်အရေးပါလှတဲ့ အင်တာနက်နဲ့ အီးမေးလ်ကိုတော့သုံးနေခဲ့ပါ တယ် ကွန်ပျူတာကို ပိတ်ကာနီးလေးမှ သူငယ်ချင်းတွေကို ဆက်သွယ်ရေး ဧရိယာပြင်ပခနသွားမလို့ နောက်နှစ်မှတွေ့မယ်လို့စာပို့ပြီးတာနဲ့ချက်ခြင်း ကွန်ပျူတာကိုပိတ် ဖုန်းထဲက ဓါတ်ခဲကိုလည်း အပြင်ထုတ်လိုက်ပြီး အဆောင်က ထွက်ခဲ့ပါတယ်။ အဆောင်ကထွက်လိုက်တာနဲ့တပြိုင်နက် ထူးခြားတဲ့ခံစားမှုက ပင့်ကူအိမ်ကနေ ရုန်းထွက်လွတ်မြောက်လာတဲ့ ပိုးကောင်လေးလို တကယ်ပဲခံစား ခဲ့ရပါတယ်။ စာရေးသူက ငယ်စဉ်ကတည်းက ကိုယ့်ပတ်ဝန်းကျင်က သဘာဝတရားလေးတွေကို စပ်စုတတ် အတုယူတတ် အားကျတတ် ချစ်မြတ်နိုးတတ်ခဲ့ပါတယ်။ စာရေးသူတို့ငယ်စဉ်က ရှမ်းပြည်မှာနေခဲ့တော့ အိမ်ပတ်ဝန်းကျင်မှာ ပင့်ကူအိမ်စနစ်တကျဖွဲ့စည်းတတ်တဲ့ ပင့်ကူတွေရှိပါတယ်။ အခုတော့ နေတဲ့ဒေသပဲပြောင်းသွားလို့လားမသိပါ အဲလိုပင့်ကူမျိုးထက် ပွရှုပ်နေတဲ့ အိမ်ဖွဲ့တတ်တဲ့ပင့်ကူတွေပဲတွေ့ရတော့လို့ပါ။ ပင့်ကူလေးက သူ့အိမ်ဟောင်းပျက်သွားလို့ဖြစ်စေ အဖျက်ခံရလို့ဖြစ်စေ အသစ်ဆောက်တော့မယ်ဆိုရင် နေရာရွေး ဟိုခုန် ဒီခုန်နဲ့ သူ့ပါးစပ်ထဲက အမျှင်တွေကို ခြေထောက်နဲ့ ကန်ကန်ပြီး ဆက်သင့်တဲ့နေရာတွေကို ဆက်ဆက်ပြီး ပင့်ကူအိမ်ကိုသေချာ ဆောက်ပါတယ် ပင့်ကူအိမ်ပြီးသွားရင် သူက ဗဟိုမှာသွားနေပြီး ပင့်ကူအိမ်ကို ၀င်တိုးမိတဲ့ အင်းဆက်ပိုးမွှားတွေကို လာဖမ်းစားပါတယ် ပင့်ကူအိမ်မှာမိသွားတဲ့ အကောင်လေးတွေက ပင့်ကူအိမ်မှာ ညိသွားတာနဲ့ အန္တရာယ်မှန်း သိပြီး ရုန်းထွက်ဖို့ကြိုးစားကြပါတယ် ပင့်ကူကလည်း သူ့အိမ်မှာ လာမိတဲ့ ပိုးမွှားတွေ ရုန်းထွက်ပြီးလွတ်မသွားခင် မသေမရှင်အဆင့်မှာကို လာပြီးဖမ်းပြီး စားဖို့ကြိုးစားပါတယ်။ တစ်ခါတစ်လေတော့ ပင့်ကူအိမ်မှာ မိသွားတဲ့ အင်းဆက်ပိုးကောင်လေးတွေဟာ ပင့်ကူမလာခင် ရုန်းထွက်လွတ်မြောက်သွားကြပါတယ်။ အဲလိုအချိန်မှာ အဲဒီပိုးကောင်လေးလိုပဲ ကိုယ်ကလိုက်ပျော်ခဲ့ဖူးပါတယ်။ အခုလည်းတကယ့်ကိုပဲ နေ့စဉ်လူမှုဘ၀အရှုပ်အထွေးတွေကြားကနေ ခနလွတ်ရမှာ ပင့်ကူအိမ်က ပိုးကောင်လေးလွတ်လာသလိုခံစားခဲ့ရပါတယ်။ ဒီတော့မှ မြတ်စွာဘုရား တောထွက်စဉ်က လူငယ်ဘ၀ရဲ့ တကယ့်တက်ကြွ လန်းဆန်းပျော်စရာအကောင်းဆုံးအရွယ် အသက် ၂၉ နှစ်မှာ သားစွန့် မယားစွန့် ထီးမွေနန်းမွေနဲ့ စည်းစိမ်ဥစ္စာတွေစွန့်ပြီး တောထွက်ဖို့ မထွက်ခင် စိတ်ထဲမှာလွန်ဆွဲပွဲတွေကို အောင်နိုင်ဖို့ ဘယ်လောက်များခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရမလဲ တွေးကြည့်ပြီး ကြည်ညိုမဆုံးဖြစ်မိပါ တော့တယ်။ ကိုယ့်မှာက ဒီရက်သတ္တနှစ်ပတ် ဆိုတဲ့ကာလလေးကို အင်တာနက်စွန့်၊ cell phone စွန့်၊ သူငယ်ချင်းမိတ်ဆွေတွေ ခနစွန့် ရမှာ တောင် ကိုယ့်အတိုင်းအတာနဲ့ကိုယ်တော့ တကယ့်ကိုကြိုးပမ်းခဲ့လိုက်ရတာပါ။

ရိပ်သာကလည်း ရထားနှစ်ဆင့်စီးပြီး တစ်နာရီလောက်အကြာမှာရောက်သွားလို့ ဘာမှဝေးတယ် မဆိုနိုင်ပါဘူး။ ရိပ်သာလည်းရောက်ရော ဦးဇင်းလေးနဲ့တွေ့တော့မှ ဘူဖျောင်းက မြန်မာဘုန်းတော် ကြီးကျောင်းကထိန်မှာ ခနတွေ့ဖူးခဲ့တဲ့ ကိုရီးယားဦးဇင်းလေးဖြစ်နေတာကိုး။ ဦးဇင်းလေး ကိုလည်း မြင်မြင်ခြင်းမှတ်မိပြီး ဦးဇင်းကလည်းမှတ်မိပါတယ်။ မိတ်ဆက်စကားအကျဉ်းလောက် နဲနဲပြောကြပြီး ရိပ်သာစည်းကမ်းတွေမေးကြည့်ပြီး လိုက်မှတ်မယ်ကြံတော့ ဘာမှအထူးအထွေ ရေးမှတ်နေစရာမရှိပါဘူးတဲ့ မနက် ၃နာရီခွဲအိပ်ယာကထ မနက် ၄နာရီဘုရား ရှိခိုး မနက် ၅ခွဲ အာရုံဆွမ်းစား နေ့လည် ၁၁ နာရီ နေ့လည်စာစား ညနေ ၆နာရီဘုရားရှိခိုး တနေ့တာ တရားရှုမှတ်ခြင်းကတော့ ည ၉နာရီမှာ ပြီးပါတယ်တဲ့။ ဒီတော့ အစကတည်းက မြန်မာ ပြည်က ရိပ်သာတွေစည်းကမ်းနဲ့ဆင်နေတာကို သတိထားခဲ့မိပါတယ်။ တရားထိုင်ချိန် စင်္ကြန်လျှောက်ချိန်တွေကိုတော့ ကိုယ်သန်ရာသန်ရာပိုအားထုတ်နိုင်ပါတယ်တဲ့ နောက် မြန်မာလိုတော့ တရားစစ်တာပေါ့နော် ဒီမှာတော့ အင်တာဗျူးလို့သုံးပါတယ် အင်တာဗျူးကိုတော့ ကိုယ်က ရက်ရှည်အားထုတ်မယ့်သူ ငယ်စဉ်ကတည်းက အားထုတ်လာခဲ့ဖူးသူဆိုတော့ အထူးပြောစရာတွေ မရှိတာမို့ တစ်ရက်ခြားတစ်ခါလို့ သတ်မှတ်လိုက်ပြီး ရောက်တာနဲ့ ပစ္စည်းလေးတွေချထားပြီး အလုပ်စခန်း စ၀င်ခဲ့ပါတော့တယ်။ တရားစထိုင်ထိုင်ခြင်း ပထမ တစ်ရက် နှစ်ရက်ကတော့ ထုံးစံအတိုင်း လောဘ ဒေါသ မောဟတွေထူပြောတဲ့ ကိလေသာတောက လာခဲ့ကြတော့ ရုတ်တရက် အရိယာတို့ ကျက်စားရာနယ်ပယ်နဲ့ အသားမကျဖြစ်တတ်တာ သဘာဝပါ။ အိပ်ချိန် စားချိန်တွေကအစ အကုန်ပြောင်းပြန်။ စာရေးသူတို့က စာဖတ်ရင် ညပိုင်းဖတ်တာ ပိုအားသန်တဲ့သူပီပီ မနက်စော ၃နာရီဆိုတာ အစောဆုံးအိပ်ပါတယ်။ တစ်ခါတစ်လေ မိုးလင်း မနက် ၅နာရီခွဲ စသည်ဖြင့်ရောက်သွား ခနအိပ် မနက် ၉နာရီ ၁၀နာရီမှပြန်ထ ၁၁နာရီ လောက်မှ မနက်စာစား နေ့လည်စာကို ၂နာရီသုံးနာရီလောက်မှစား ညစာကို ည ၈နာရီ ၉နာရီမှ စား စသည်ဖြင့် အလျဉ်းသင့်သလို လုပ်ချင်ရာလုပ်နေခဲ့ရာကနေ အခုရိပ်သာမှာ ကျင့်ရတာတွေနဲ့က အကုန်ပြောင်းပြန်မို့ ပထမ တစ်ရက် နှစ်ရက်က living style ပြောင်းပြန်ဖြစ်သွားတာကို အတော်ကို ကြိုးစားပြီး ညှိခဲ့ရတာပါ။ အိပ်ငိုက်ရတာနဲ့ ညောင်းရတာနဲ့ စိတ်ပြန့်လွင့်ရတာနဲ့ မနဲပဲ စိတ်စုစည်းမှု သမာဓိထူထောင်ဖို့နဲ့ ၀ိပသနာတရားကို ထိထိမိမိအားထုတ်ဖို့ မနဲကို ဇွဲတင်းရ ပါတယ်။ နောက်ရက်တွေမှ အသားကျသွား ပြီးထိထိမိမိ ငြိမ်းချမ်းစွာ အားထုတ်နိုင်ခဲ့ပါတယ်။

ဗောဓိစုမှာ စိတ်ကြည်နူးရတာ နောက်တစ်ခုက တစ်နေ့တစ်နေ့မြန်မာဆိုတဲ့စကား ဆယ်ခွန်းလောက်တော့ အနည်းဆုံးကြားရပါတယ်။ ဆရာတော်လေးက ရန်ကုန်က ချမ်းမြေ့ဆရာ တော်ဆီမှာနည်းခံပြီး မြန်မာပြည်မှာ တစ်နှစ်ခွဲနေထိုင် ကျင့်ကြံသင်ယူလာခဲ့တာပါ။ ဆရာတော်ကြီးနောက်တစ်ပါးရှိပါသေးတယ်။ ဆရာတော်ကြီးကတော့ သောကြာနေ့မှဗောဓိစုကို ကြွလာပြီး တနင်္ဂနွေနေ့ဆိုပြန်ကြွပါတယ်။ နှစ်နေရာကျောင်းထိုင်တာပါ နောက်တစ်နေရာကတော့ မေးပြီးမသိမှာစိုးလို့ မမေးမိခဲ့ပါဘူး။ မနှစ်က ဆောင်းတုန်းက မြန်မာဆရာလေး ဒေါ်ဝံသပါလိရှိစဉ်က သူငယ်ချင်းနှစ်ယောက်နဲ့ သွားခဲ့ စဉ်က ဆရာတော်ကြီးနဲ့တစ်ခါဆုံခဲ့ဖူးတာကို ဆရာတော်ကြီးကမှတ်မိပါတယ်။ အခုလည်း တစ်ယောက်တည်းလာထိုင်လို့ ၀မ်းသာစွာပဲ ကြိုဆိုပြီး ကြိုးစားအားထုတ်ပါ လိုတာမှန်သမျှပြောပါလို့ပြော ပါတယ်။ တိုက်ဆိုင်ချင်တော့ ဆရာတော်ကြီးနဲ့ ယောဂီ အပါး၂၀ က ဇန်န၀ါရီ ၃ရက်နေ့ကျရင် မြန်မာပြည်မှာ ချမ်းမြေ့ရိပ်သာမှာ ၂ပတ် တရားစခန်းသွားဝင်ကြမှာပါတဲ့။ ဒီတော့ မြန်မာပြည်လိုက်ကြမယ့် ဒကာ ဒကာမတွေနဲ့ ဆရာတော်ကြီး တွေ့ကြ ဆုံးမသြ၀ါဒပေး မသွားခင်သိသင့်သိထိုက်တဲ့ တရားတွေဟောပြနဲ့ ဆရာတော်ကြီး အလုပ်များနေတဲ့ကာလဖြစ်ပါ တယ်။ ဘုရားရှိခိုးတာနဲ့ တရားဟောတာကတော့ ကိုရီးယားလိုပါ။ ဘုရားရှိခိုး ၀တ်ရွတ်စဉ်စာအုပ် က သားရေဖုံးစာအုပ် ကို အကောင်းစား အခန့်ချုပ်ထားပါတယ်။ ကော်လံ၂ခုခွဲထားပြီး တစ်ဖက်မှာ ပါဠိ တစ်ဖက်မှာ ကိုရီးယား ဘာသာပြန်နဲ့ နေ့စဉ်ဆရာတော်နဲ့အတူရှိခိုးခဲ့ရပါတယ်။ စာရေးသူက ပါဠိလို ဘုရားရှိခိုး နဲ့ ကိုရီးယားစကားအခြေခံကိုသိတော့ ဘုရားရှိခိုးတဲ့ အနက်အဓိပ္ပါယ်နဲ့ ဆရာတော်တွေ တရား ဟောတဲ့အခါ တစ်ဝက်ကျော်ကျော်လောက်နားလည်ပါတယ်။ တရားဟောတဲ့အခါမှာလည်း မြန်မာပြည်မှာဆို ဘယ်လို မြန်မာစကားပုံမှာတော့ ဘယ်လိုလေးသုံး တာပေါ့ စသည်ဖြင့် တရားဟောတဲ့အခါလည်း မြန်မာ မြန်မာဆိုတာ မပါမဖြစ်ကြားနေခဲ့ရတာပါ။ ကိုရီးယားမှာ ထေရ၀ါဒဗုဒ္ဓသာသနာက အတော်ကိုနုနယ်သေးတာမို့ ထေရ၀ါဒဗုဒ္ဓဘာသာအဖြစ် ခံယူလာကြသူအားလုံးရဲ့ စိတ်မှာ မြန်မာပြည်က တကယ့်ကို အထင်ကြီး အားကျစရာပါ။ ဆရာတော်လေးရဲ့ဘွဲ့က Dhiravamsa (ထေရ၀ံသ-လို့မြန်မာလိုအသံထွက်မလားမသိပါ) ဖြစ်ပြီး သပိတ်နဲ့ဆွမ်းဘုန်းပေးပါတယ် တစ်နေ့ကို နေ့လည် ၁၁နာရီမှာ ဆွမ်းတစ်ထပ်သာ ဘုန်းပေးပါ တယ်။ ဘုန်းပေးတဲ့အခါမှာလည်း ဆွမ်း၊ ဆွမ်းဟင်း၊ အချိုပွဲ၊ သစ်သီး စတာတွေကို သင့်ရုံ အလှူခံပြီး သပိတ်ထဲမှာ တစ်ခါတည်းထည့်ပြီး လက်နဲ့ဘုန်းပေးပါတယ်။ ပတ္ထပိုဏ်ဓုတင် ဆောင်တယ်လို့ ခေါ်ရမယ်နဲ့တူပါတယ်။ ဆရာတော်ကြီးလည်း တစ်ထပ်ဆွမ်းပဲ ဘုန်းပေးပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးကိုတော့ ဆွမ်း၊ ဆွမ်းဟင်းတွေကို ပန်းကန်လေးတွေနဲ့ ဖွယ်ဖွယ်ရာရာကပ်ရပါတယ်။ ဆရာတော်နှစ်ပါးလုံး စကားပြောတဲ့အခါမှာလည်း သာသာတိုးတိုးပဲ ပြောလေ့ရှိပါတယ်။ ယောဂီတွေလည်း စကားမများကြရပါဘူး စကားနဲစေ တရားမြဲစေဆိုသလိုပဲ အမြဲကြည့်ကြပ်သတိပေးနေတာမို့ ဘုရားရှိခိုးချိန် တရားနာချိန်ကလွဲရင် မြန်မာပြည်ခနပြန်ရောက်သွားသလိုခံစားခဲ့ရပါတယ်။ မနက်စောစာစားပြီး ရင် သန့်ရှင်းရေးလုပ်ရတာကအစ ရန်ကုန်မဟာစည်ရိပ်သာကြီးတွေက စည်းကမ်းအတိုင်းပါပဲ။ အပေါ်မှာပြောခဲ့သလို လာရောက်တရားအားထုတ်ကြတဲ့သူတွေကလည်း အနုအရင့်အစုံမို့ ဆရာတော်တွေခမျာ တကယ့်ကို စိတ်ရှည်လက်ရှည် မမောနိုင် မပမ်းနိုင်ဟောပြောသင်ပြ သာသနာပြုနေကြတာပါ။ တစ်ချို့ကိုဆို ဘုရားကို ဘယ်လိုရှိခိုးရတယ်ကစပြီး ဘုရားစင်ဘက်ကို ခြေဆင်းမထိုင်ရဘူးဆိုတဲ့ အခြေခံကအစသင်ပြရပါတယ်။ တချို့ကလည်း ၀ိပသနာတရားကို လာပြီး စမ်းကြည့်ကြတဲ့ ခရစ်ယန်တွေလည်းပါပါတယ်။ ဆွမ်းစားတုန်း သတိပဌာန်ကိန်းပြီး အစအဆုံးမှတ်ပြီးစားဖို့ သင်ထားတဲ့အတိုင်းလည်း လိုက်လုပ်ကြပါတယ် ဆွမ်းမစားခင်လည်း ခရစ်ဘာသာထုံးစံအတိုင်း နဖူးနဲ့ရင်ဘတ်ကို လက်နဲ့တို့ထိပြီးမှ ထမင်းစစားတဲ့ယောဂီတွေလည်းပါပါတယ်။ စာရေးသူကတော့ နှစ်ပတ်နေခဲ့တာဆိုတော့ ခနတဖြုတ်လာအားထုတ်သူ အတော်များများကို တွေ့ခဲ့ရတာပေါ့။ သောကြာအလုပ်အပြီးကို လာပြီး တနင်္ဂနွေမှာပြန်တဲ့ အဖွဲ့ ၆ယောက်ကတော့ အများဆုံးပါ။ ကျန်တာကတော့ တစ်ဦးစ နှစ်ဦးစလေးတွေပါပဲ။ စကားမပြောရတဲ့ကြားကပဲ စာရေးသူကို မြန်မာပြည်ကမှန်းလဲသိ ငယ်စဉ်ကတည်းက စပြီးတရားထိုင်ဖူးခဲ့တာဆိုတာလည်းသိတော့ အခြင်းခြင်းသိလိုရာလေးတွေ စပ်စုကြပါတယ် ယောဂီအများစုက ကိုရီးယားလိုပဲရတာမို့ စာရေးသူရဲ့ limited Korean လေးနဲ့ သူတို့မေးတာကို ကိုယ်တတ်တဲ့ ဘောင်အတွင်းက မရရအောင်ကြိုးစားဖြေပေးခဲ့ပါတယ်။ ဂန်ဝန်းဒို ပြည်နယ်ကလာတဲ့ယောဂီတစ်ယောက်က ၀ိပသနာအားထုတ်ပါများရင် ဘာဖြစ်လာ သလဲတဲ့။ အတော်ကောင်းတဲ့မေးခွန်းမို့ စာရေးသူက စကားကိုအပြောင်အပျက်နောက်တတ်တဲ့ စိတ်ကလေးကအခံရှိတော့ ၀ိပသနာအားထုတ်ပါများရင် ငုတ်တုတ်အိပ်တာ ကျွမ်းကျင်လာတယ် လို့ စိတ်ထဲမှာ ဟာသနဲ့အရင်ပြောမိပါတယ်။ အပြင်မှာတော့ထုတ်မပြောပါဘူး ကိုယ်နောက်လို့ နောက်မှန်းမသိမှဟုတ်ပေ့ဖြစ်နေမယ်။ ကိုယ့်အတွေးကို ကိုယ်ပြုံးမိတာကို ထိန်းချုပ်ပြီး မြတ်စွာဘုရားကဟောခဲ့တဲ့ နိဗ္ဗာန်ဆိုတာရှိတယ် သိတယ်မို့လားဆိုတော့ သိတယ် Nibbana တဲ့။ ဟုတ်တယ် အဲဒီ Nibbana ကိုရောက်ဖို့ ၀ိပသနာကလွဲရင် တခြားနည်းလမ်း မရှိဘူးလို့ အားထုတ်ပါများရင် ကိုယ်ကမသိပဲနဲ့ သူ့အလိုလို နိဗ္ဗာန်နဲ့ တဖြည်းဖြည်းနီးလာတယ် လို့ အဆင့်တစ်ခုရောက်ရင် ၇ဘ၀ပဲကျန်တယ်လို့ အဲဒီအဆင့် ၄ဆင့်ကို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာလို့ခေါ်တယ်လို့ပြောပြပြီး မင်းအခု အရက်သောက်လားလို့မေးတော့ နဲနဲသောက်တယ်တဲ့။ အေး-တကယ်လို့ ၀ိပသနာအားထုတ်ပါများလို့ သောတာပန်ဖြစ်သွားရင် ငါးပါးသီလအလိုလိုလုံသွားပြီး အရက်လည်းအလိုလိုမသောက်ချင်ပဲဖြစ်သွားလိမ့်မယ်လို့။ ကျန်တဲ့ နှစ်ဆင့်ကိုတော့ ဘယ်လိုခွဲလည်း ငါလည်းမသိလို့ ရှင်းမပြတတ် ပေမယ့် နောက်ဆုံးဘ၀ ဖြစ်တဲ့ ရဟန္တာဖြစ်သွားရင် သာမန်လူတွေ သေလို့မီးရှို့ရင်ပြာဖြစ်သွားပေမယ့် ရဟန္တာသေလို့ (ခန္ဓာဝန်ချလို့) မီးရှို့ရင်ပြာ မဖြစ်တော့ဘူး ဓါတ်တော်တွေကျလာတယ်လို့ပြောပြခဲ့တာ အကုန်မဟုတ်တောင် နဲနဲတော့ နားလည်သွားပုံရပါတယ်။ (ရဟန္တာတိုင်း ဓါတ်တော်မကျပဲ အဓိဌာန်ပြုခဲ့တဲ့ ရဟန္တာမှသာ ဓါတ်တော် ကျတာ ကြားဖူးပေမယ့်လည်း တကယ့်ကို ဗုဒ္ဓဘာသာအခြေခံ လုံးဝမရှိသလောက် နီးပါး လူတစ် ယောက်ကို အသေးစိတ်တွေပြောပြနေရင် စိတ်ရှုပ်သွားမှာစိုးလို့ အလွယ်ပဲပြောခဲ့လိုက်တာပါ။) သူက စာရေးသူထက်အရင်ရောက်နေတာဖြစ်လို့ ၃ရက်လောက်နေ တော့ပြန်သွားပါတယ် သူ့ဇာတိက အဝေးပြေးဘတ်စကားစီးရင် ၃နာရီခွဲလောက် ကြာတာမို့မနီးလှပါဘူး။ နောက်တော့ ၀မ်းသာစရာကောင်းတာက စာရေးသူ မပြန်ခင် ၃ရက်လောက် အလိုမှာ နောက်တစ်ပတ်ထပ်အားထုတ်မယ်ဆို ပြန်ရောက်လာခဲ့ပါတယ်။
ကိုယ်ပြောပြ ရှင်းပြခဲ့တာ သဘောပေါက်သွားလို့ပြန်လာခဲ့တာဖြစ်ဖြစ် ဘာကြောင့်ပြန်လာခဲ့တာ ဖြစ်ဖြစ် ထေရ၀ါဒဗုဒ္ဓသာသနာဝင်တစ်ဦးတိုးလာတော့မှာမို့ ကြည်နူး ၀မ်းသာခဲ့ရပါတယ်။ သူတို့မှာ အဓိကပြသနာက စာဖတ်ပြီးလေ့လာချင်ပေမယ့် သူတို့ကို ဘ၀င် ကျအောင် ရှင်းပြနိုင်တဲ့ သူတို့ဘာသာစကားနဲ့ရေးသားထုတ်ဝေထားတဲ့ စာကောင်းပေမွန်တွေ နည်းနေသေးတာပါပဲ။ အခုလည်းဗောဓိစုမှာ မဟာစည်ဆရာတော်တွေရဲ့ စာအုပ်တွေကို ကိုရီးယားလိုဘာသာပြန်ထားတဲ့ စာအုပ်တွေ ရောင်းချပေးနေပေမယ့် လူအများဆီပြန့်နှံ့ဖို့ကတော့ တော်တော်မလွယ်သေးတာပါ။ စာရေးသူကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေ ကျောင်းမှာသင်ခဲ့ရတာလားမေးတော့မှ ကိုယ့်ပညာရေးစနစ်နဲ့ လိုအပ်ချက်လေး ကိုပါမြင်လာခဲ့ရပါတယ်။ စာရေးသူတို့ကတော့ ကံကောင်းထောက်မစွာ ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာပြည်မှာ ဘာသာရေးကိုင်းရှိုင်းတဲ့မိဘတွေဆီမှာ လူဖြစ်ခွင့်ရခဲ့ပြီး လက်တစ်ကမ်းမှာလည်း ငယ်ငယ်ကစပြီး ဖတ်ခဲ့ရတဲ့ ရွှေသွေးတို့ တေဇတို့ စတဲ့ ကာတွန်းစာစောင်လေးတွေမှာပါတဲ့ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ၀ိ၊ ဝေ ဆိုတဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို ကာတွန်းလေးတွေနဲ့ ကလေးတွေနားလည်အောင် ပြောပြပေးတဲ့စာပေလေးတွေက စပြီး ဗုဒ္ဓစာပေနဲ့ ယဉ်ကျေးမှုတွေကို ကိုယ့်နီးစပ်ရာ စာပေလေးတွေကနေလိုက်စားခွင့်ရခဲ့တာပါ။ အခုမြန်မာပြည်မှာလည်း တိုးတက်ခေတ်မှီလာသော ဆရာတော်ကြီးတွေကျေးဇူးကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေအတွက် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်တွေပေါ်ပေါက်ခဲ့ပြီဖြစ်ပေမယ့် အများစု သာမန်လူတန်းစားတွေ လိမ္မာယဉ်ကျေးလာဖို့ ဗြဟ္မစိုရ်တရားတွေ ပြန်လည်ထွန်းကားလာဖို့ကတော့ ကျောင်းသင်ရိုးမှာ ထည့်သွင်းရေးဆွဲကြဖို့နဲ့ ကမ္ဘာ့တက္ကသိုလ်အတော်များများမှာ Theology ဘာသာရပ်ကို ကျား၊မ မရွေး တက္ကသိုလ်မှာ Ph.D အဆင့်အထိသင်ကြားနိုင်ကြသလို ဗုဒ္ဓယဉ်ကျေးမှု အတွေးအခေါ် စာပေတွေကိုလည်း တက္ကသိုလ်အဆင့်အထူးပြုဘာသာရပ်တွေမှာကို B.A, M.A, Ph.D ဘွဲ့အထိ အဆင့်ဆင့်သင်ကြားနိုင်ဖို့ အထူးအလေးထားစဉ်စားဖို့ အချိန်ကျရောက်နေပြီဆိုတာ သတိထားမိရင်းနဲ့ပဲ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။
ရွှေမာသန်း
၁၉-၀၁-၂၀၁၁။
အီဟွာအမျိုးသမီးတက္ကသိုလ်
ဆိုးလ်၊ ကိုရီးယား။

3 comments:

  1. ဒီလိုရှယ်ရေးချင်လို့ ခဏခဏမရေးပဲနေတာကိုး။ အရေးအသားအကြောင်းအရာ ပြောင်မြောက်လှပါပေတယ်။ ဆက်လက်အားပေးချင်ပါသေးတယ်။

    ReplyDelete
  2. ဆရာမရဲ့ ကလောင်စွမ်းလည်း ပိုပိုပြီးထက်လာတယ်။ ဒီလိုရသစာမျိုးကိုရေးဖို့ကသိပ်မလွယ်လှပါဘူး။ အထူးသဖြင့် ဘာသာရေးကို စိတ်ဝင်စားမှုနည်းတဲ့ လူငယ်တွေအတွက် ဒီလိုအကြောင်းအရာတွေက ဆွဲဆောင်ဖို့ခက်ပါတယ်။ ဒါပေမယ့် ဆရာမရဲ့ ရေးသားတင်ပြပုံက ပေါ့ပေါ့ပါးပါးလေးနဲ့ လိုရာကိုရောက်အောင်ဆွဲရေးသွားတာ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် သုံးနှုန်းရတဲ့စကားလုံးနဲ့ ဆီလျော်အောင်ဖြည့်စွက်ရတဲ့ ဘေးဘန်းထွေလာလေးတွေအတွက် ဘယ်လောက်လေးလေးနက်နက် တွေးခေါ်ရေးသားထားရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ တကယ်တန်ဖိုးရှိတဲ့စာစုလေးတွေပါပဲ။

    ReplyDelete
  3. တကယ်လား မြှောက်ပြောတာလား မသိပေမယ့် စာရေးရတာ အတော်အားရှိသွားပါတယ် သတ်ပုံအမှားလေး တွေထောက်ပြကြလို့လည်း ကျေးဇူးတင်ပါတယ်။ ပြင်ထားလိုက်ပါပြီ။ နောက်တွေ့ရင်လည်းပြောကြပါ။

    ReplyDelete