"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Wednesday, March 23, 2011

ဓုတင်ဆရာတော်၏ သြ၀ါဒကထာ

ဒီနေ့ရောက်လာတဲ့ forward mail လေးထဲက အရမ်းကိုအဖိုးတန်တဲ့စာသားလေးမို့ ဘလော့မှာ ပြန်မျှဝေပေးလိုက်ပါတယ်။ စကားအပြောအဆို ဆင်ခြင်ကြရတာပေါ့...

==================
တစ်နေ့သ၌ စာရေးသူသည် နောင်တော်ကြီး ဓုတင်ဆရာတော်ထံ သွားရောက်ဖူးမြင်ခဲ့ရာ မေတ္တာဂရုဏာတရား ကြီးမားလှသော နောင်တော်မထေရ်မြတ်မှ လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်ကို ဤသို့ မိန့်ကြားတော်မူခဲ့ပါသည် ။
"အလိမ္မာကြီး -သန္တကာယော , သန္တ၀ါစော , သန္တမနော - တဲ့ " ကိုယ်ကိုအေးအောင်ထား ၊ နှုတ်ကိုအေးအောင်ထား ၊ စိတ်ကိုအေးအောင်ထား ။ အလုပ်မလောနဲ့ ၊ အပြောမလောနဲ့ ၊ စိတ်မမြန်နဲ့ ၊ကိုယ်နှုတ်စိတ် သိမ်မွေ့ပါစေ ။ မျက်စိနဲ့စူးစမ်း ၊ နားနဲ့စနည်းနာ ၊ စိတ်နဲ့ဆင်ခြင်ပြီး အရာရာကို သတိရှိပါ ။ ဘာလုပ်လုပ် သုံးသပ်ချက်မှန်မှ ဆုံးဖြတ်ချက်မှန်မယ် ။ ဒါကြောင့် ဆင်ခြင်တုံတရား ရှိပါ ။ စကားပြောလောမကြီးနဲ့ ၊ ငါ့စကားနွားရမလုပ်လေနဲ့ ၊ ဒဏ်သင့်တတ်တယ် ။ စကားပြောမယ်ဆိုရင် ပြောထုံး ၊ လုပ်ထုံး ဆယ်လုံးနှစ်လုံးစီသုံးပါ ။ မြဲမြဲမှတ်သားထား ။

ဖန် ၊ မြေ ၊ ကြွေ ၊ ကော် ၊ ကြောက် ၊ ဘုန်းမတောက် ၊
သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ၊ ဘုန်းမကြီးတဲ့ ။

ဖန် - ဆိုတာက ဖန်တီးလုပ်ကြံပြီး ပြောတဲ့စကားမျိုး ၊
မြေ - ဆိုတာက မြေခံရလောက်အောင် ကျိန်တွယ်ပြောတဲ့ စကားမျိုး ၊
ကြွေ - ဆိုတာက အထိမခံ ကြွေပန်းကန်ဆိုသလို ဆက်ဆက်ထိမခံ နှုတ်ခမ်းတလန် ပန်းတလန်စကားမျိုး ၊
ကော် - ဆိုတာက ကော်ကပ်ပြီး ငါ့စကားနွားရပြောတဲ့စကားမျိုး ၊
ကြောက် - ဆိုတာက ကြောက်ကန်ကန်ပြီး နှုတ်လှန်ထိုးပြောစကားမျိုးတွေကို မပြောမိစေနဲ့ ။ ဘယ်တော့မှ ဘုန်းမကြီး ကံမကောင်းဘူး ။

နောက် သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ဆိုတာက -
သံ - ဆိုတာ တစ်ယူသန် ၊ တဇောက်ကန်း ၊ ကပ်တီးကပ်ဖဲ့ပြောတာမျိုး ၊
သွပ် - ဆိုတာက ပေါ့သွပ်သွပ် ရူးနှမ်းနှမ်း ပေါက်ပန်းလေးဆယ်ပြောတဲ့စကားမျိုး ၊
ဒါန် - ဆိုတာက မောက်မောက်မာမာ ခက်ခက်ထန်ထန် ရိုင်းရိုင်းပျပျနဲ့ ဒဏ်သင့်လောက်တဲ့စကားမျိုး ၊
ခဲ - ဆိုတာက စောင်မဲနရွဲ အံခဲပြီး မထီမဲ့မြင်ပြောတဲ့စကားမျိုး ၊
ကြီး - ဆိုတာက ဘ၀င်မြင့် မာန်မာနထောင်လွှားပြီး လေကြီးမိုးကြီးပြောတဲ့စကားမျိုးတွေကို ရှောင်ကြရမယ် ။

မှတ်သား လိုက်နာ ဆောင်ထားရမှာက ဘော်သာခွာ ငွေဆင်ဖြူစင် အဖိုးမှန် သိင်္ဂီနိက်ရွှေစင်သန့်စင် အဖိုးတန်သတဲ့ ။ အပြစ်အနာအဆာ အညစ်အကြေးကင်းတဲ့ ဘော်သာခွာ ငွေစင်ဟာ အဖိုးမှန် တန်ဖိုးရှိသလို သန့်စင်တဲ့ သိင်္ဂီနိက်ရွှေစင်ဟာလည်း အဖိုးထိုက်တန်တယ် ။ ဒါကြောင့် ကောင်းမြတ်မှန်ကန်တဲ့စကားမျိုး ၊ သန့်စင် ဟုတ်မှန် အကျိုးဖြစ်စေတဲ့စကားမျိုးပြော ။ စကားပြောတဲ့အခါ ချိုချိုသာသာပြော ၊ လေးလေးနက်နက် ပြော ၊ မှန်မှန်ကန်ကန်ပြော ။ ဒါမှ အဖိုးတန်မယ် အလိမ္မာကြီးရေ ။

ပြီးတော့ စကားကြောမရှည်နဲ့ ၊ စကားနိုင်မလုနဲ့ ၊ အငြင်းမသန်နဲ့ ။ အငြင်းပွားလွန်းရင် အမှန်တရားကွယ် တတ်တယ် ။ လူချင်းအလဲမခံရစေနဲ့ ၊ ဘ၀ချင်းအလဲမခံရစေနဲ့ ၊ ဒုက္ခချင်းအလဲမခံရစေနဲ့ ။ မာနက လူချင်း လဲတယ် ၊ တဏှာက ဘ၀ချင်းလဲတယ် ၊ ဒိဋ္ဌိက ဒုက္ခချင်းလဲတယ် ၊ ကြပ်ကြပ်သတိထား ။

ဒီတော့ သိ , ရဲ , ပြေ တည်ထောင်ကြရမယ် ။
သိ - ဆိုတာ အကြောင်းအကျိုး ၊ အကောင်း အဆိုးကို နှိုင်းချိန်သိရှိရမယ် ။
ရဲ - ဆိုတာက မှန်ကန်အကျိုးရှိတဲ့စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရမယ် ။
ပြေ - ဆိုတာက ပြေပြေပြစ်ပြစ် ချိုချိုသာသာ သူတစ်ပါး နားဝင်အောင် ပြောဆိုရမယ် ။

ပြီးတော့ ဘုရားရှင်အလိုတော်ကျ ယထ၀ါဒီတထကာရီ ပြောတဲ့အတိုင်းလုပ် ၊ လုပ်တဲ့အတိုင်းပြော ၊ မကြွားနဲ့ ။ ဌာနာဌာနကောသလ္လ္ကဉာဏ်ရှိရမယ် ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျပြောတတ်နေတတ်ရမယ် ။ ထေ့ , ငေါက် , ထောက် , ကပ် ပြီးမပြောရဘူး ။ အငြင်းအခုန်များရင် အမှန်တရားနဲ့ကွာပြီး ချော်သွားတက်တယ် ။ အမှားကြာရင်လည်း အမှန်ထင်သွားတတ်တယ် ။

လောက၀စနံ သစ္စံ နသစ္စံ -တဲ့ ။ လောကစကားဟာ မှန်တာလည်းရှိတယ် ၊ မှားတာလည်းရှိတယ် ။ ဆင်ခြင်သုံးသပ်ပြီးမှပြော ။ အကျိုးမရှိတဲ့ စကားကို ပြောတာထက် ဆိတ်ဆိတ်နေတာကောင်းတယ် ။ လုပြောတာ ၊ လောကြီးပြောတာ ၊အစွန်းမလွတ်မျိုး မပြောရဘူး ။

ဒိပြင် -
လောကညူ - လောကအကြောင်းသိရမယ် ။
ခေတ္တညူ - ခေတ်ကာလအကြောင်းသိရမယ် ။
ဒေသညူ - နေရာဒေသအကြောင်းသိရမယ် ။
ကာလညူ - အချိန်အခါကိုသိရမယ် ။
ဌာနညူ - နေရာဌာနအကြောင်းသိရမယ် ။
ဓမ္မညူ - တရားနည်းလမ်းကျသိရမယ် ။
ပုဂ္ဂလညူ - ပုဂ္ဂိုလ်အကြောင်းသိရမယ် ။

ဒါကို ထပ်မှတ်လိုက်ဦး ။ ဇမ္ဗူဒိပ်ကျွန်းမှာ ပြောဆိုကြတဲ့စကား ( ၆ ) ခွန်းမှာ အမာဝသိ လကွယ်သလို အမှောင်ဖုံးတဲ့ စကားမျိုးကို မပြောမိစေဘဲ ပုဏ္ဏမစန္ဒရ လပြည့်သဖွယ် ပြည့်ဖြိုးတင့်တယ်တဲ့ စကားမျိုး ပြောဆိုရမယ် ။ မဟုတ်မမှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ မဟုတ် မမှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး အဲဒီလေးမျိုးကို ရှောင်ကြဉ်ပြီး - ဟုတ်မှန်အကျိုးရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန်အကျိုးရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဒီ ( ၂ ) မျိုးကိုပြောရမယ် ။

ပြီးတော့ တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တဲ့အကြောင်းကို မပြောနဲ့ ။ ကိုယ်ပါအကုသိုလ် ကူးစက်တတ်တယ် ။ သူတစ်ပါး ဒုက္ခရောက်နေတာကို ကိုယ်နဲ့မသင့်တင့်သူလို့ ၀မ်းမသာနဲ့ ။ မကြာမှီ မိမိကိုယ်တိုင် ဒုက္ခတွေ့ရတတ် တယ် ။ သီလ , သမာဓိ , ပညာ ရှိသူတို့ရဲ့ ဂုဏ်ကျေးဇူးကို ဟုတ်မှန်အတိုင်း ပြောဆိုပါက မိမိဂုဏ်အလိုလိုပြည့် လာတတ်တယ် ။ ကတိတည်ပါ ၊ ပြတ်သားပါ ၊ မူမှန်ပါ ။ မူပျက်လျှင် လူပျက်တတ်တယ် ။ မူကောင်းလျှင် လူကောင်းတယ် ။ ဒေါသဟာ ဂုဏ်ပျက်တယ် ၊ ခန္တီဟာ ဂုဏ်တက်တယ် ။ သည်းခံခြင်းတရားနဲ့ ကိုယ်ချင်းစာ စိတ်ထား ။

ပြီးတော့ ဒေါသ , မာန်မာန ထောင်လွှားပြီး လှူခြင်း ၊ ဂုဏ်တုဂုဏ်ပြိုင် မလုပ်လေနဲ့ ။ မပြိုင်ထိုက်တဲ့ ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်နဲ့ ပြိုင်မိရင် ဘ၀နေ၀င်တတ်တယ် ။ ကိုယ်နဲ့ တန်းတူချင်း ပြိုင်မိရင်လည်း ဥသျှစ်သီးနှစ်လုံးဆိုင်ထုသလို ကြေမွသွားတတ်တယ် ။ ကိုယ့်ထက်နိမ့်တဲ့ ပုဂ္ဂိုလ်နဲ့ပြိုင်မိရင်လည်း လူကို ခွေးသတ်သလို ခံစားရတတ်တယ် ။ သူများအပြစ်ကိုမရှုနဲ့ ။ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လု ။ သူ့အပြစ်ကိုရှုခြင်းမှာ မျက်စိမရှိသလို ကျင့်ရမယ် ။ သူ့အပြစ်ကိုဆိုခြင်းမှာ လျှာမရှိသလို ကျင့်ရမယ် ။ သူ့ကိုပြစ်မှားခြင်းမှာ စိတ်မရှိသလို ကျင့်ရမယ် ။ အလိမ္မာကြီးရေ ကိုယ် , နှုတ် , စိတ် ကိုသတိအမြဲထားပါ ။ ကြမ်းတမ်းတဲ့ကိုယ်အမူအရာဟာ ကြမ်းတမ်းတဲ့နေရာကို ရမယ် ။ ကြမ်းတမ်းတဲ့နှုတ်အမူအရာဟာ ကြမ်းတမ်းတဲ့ အသံကို ကြားရမယ် ။ ကြမ်းတမ်းတဲ့စိတ်မိုက်ဟာ ကြမ်းတမ်းတဲ့တရားကို တွေ့ရမယ် ။ ကြမ်းတမ်းတဲ့တရား ဆိုတာက ဘ၀ပျက်မယ် ၊ မီးလောင်ပြာကျသလို လောင်ကျွမ်းခံရမယ် ။ အစိတ်စိတ်အမြွာမြွာဆုံးရှုံးမယ် ။ ကံဆိုးမိုးမှောင်ကျမယ် ။ ဒါကြောင့် ကိုယ် , နှုတ်မကြမ်းနဲ့ ။ သိမ်မွေ့တဲ့ ကိုယ်အမူအရာဟာ သိမ်မွေ့တဲ့ နေရာကိုရမယ် ။ သိမ်မွေ့တဲ့နှုတ်အမူအရာဟာ သိမ်မွေ့တဲ့အသံကို ကြားရမယ် ။ သိမ်မွေ့တဲ့ စိတ်ကောင်း စိတ်မြတ်က သိမ်မွေ့တဲ့တရားကို တွေ့ရတယ် ။ ဒါကြောင့် သိမ်မွေ့ပါစေ ။

ဒါကြောင့် အချုပ်သြ၀ါဒဆိုရရင် အချောင်လိုက်တာ ၊ အခွင့်အရေးယူတာ ၊ မသင့်မတင့်နှလုံးသွင်းတာတွေ ဟာ အကုသိုလ်ဖြစ်ဖို့နီးလို့ သတိထား ရှောင်ကြဉ်ရမယ် ။ အလိမ္မာကြီးရေ - ဒီသြ၀ါဒတွေကို ရိုရိုသေသေ လေးလေးနက်နက် လိုက်နာမှတ်သား ကျင့်ကြံနေထိုင်ပေတော့ ။

ဤကား စာရေသူ၏နောင်တော်ကြီးဖြစ်သော ဓုတင်ဆရာတော်မှ စာရေးသူအား ဆုံးမ သွန်သင်တော်မူခဲ့သော သြ၀ါဒများဖြစ်ပါသည် ။ ထိုသြ၀ါဒတို့ကို စာရေးသူ အလုံးစုံပြည့်စုံအောင် မလိုက်နာနိုင်ငြားသော်လည်း တတ်နိုင်သမျှ သတိထားလိုက်နာမိခြင်းဖြင့်ပင် ကြီးကြီးမားမား ပြဿနာကင်း အမှားရှင်း၍ လူချင်းတူတူ သူချင်းမျှမျှ ဘ၀အခြေလှ၍ လူမူဆက်ဆံရေးနယ်ပယ်၌ ခွသမားဘ၀မှလွတ်မြောက်ကာ ပြေပြစ်သူအဖြစ် ပြောင်းလဲခဲရပါကြောင်း မေတ္တာ ဂရုဏာ ကြီးမားစွာ ဆုံးမသွန်သင် သြ၀ါဒပေးတော်မူခဲ့သော ကျေးဇူးတော်ရှင် နောင်တော်ကြီး ဓုတင်ဆရာတော်၏ သြ၀ါဒတော်တို့ကို ဦးထိပ်ပန်ဆင် ပူဇော် တင်ပြအပ်ပါသည် ။
( သစ္စာဝါဒီ - ဦးမြင့်အောင် )
- မျှဝေပါတယ် ခင်ဗျာ .. ငြိမ်းချမ်းပါစေ ၊

Friday, March 18, 2011

Supermoon Day အမှတ်တရ

အခုတလော သတင်းတွေမှာ Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှုသည် ၂၀၁၁ မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်သည့်အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်တယ်ဆိုပြီး မိုးလေဝသနှင့် ဇလဗေဒပညာရှင်အချို့ကခန့်မှန်းပြောဆိုသံတွေကြားနေရပါတယ်။ လဆိုတာ သူ့ပတ်လမ်းမှာ ဘဲဥပုံနဲ့ ပတ်နေတာမို့ ကမ္ဘာနဲ့ အနီးဆုံးတစ်ခါ အဝေးဆုံးတစ်ခါတော့ ၂နှစ် ၃နှစ်မှာ တစ်ကြိမ်လောက် ဖြစ်တတ်တယ်လို့ဆိုပါတယ်။ ၂၀၀၅ ဇန်န၀ါရီလလယ်လောက်တုန်းကလည်း Supermoon Phenomenon ဆိုပြီးဖြစ်ခဲ့ဘူးတာနဲ့ တိုက်ဆိုင်စွာပဲ အဲဒီဖြစ်စဉ်မတိုင်မှီက Asia Tsunami လို့ခေါ်ရလောက်အောင်ကြီး ကျယ်တဲ့ ဆူနာမီရေလှိုင်းလုံးကြီးတွေရဲ့ဖျက်ဆီးမှုကို ၂၀၀၄ ဒီဇင်ဘာ ၂၆ရက်နေ့မှာ ထိုင်း အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာခံစားခဲ့ကြရတဲ့နည်းတူ ယနေ့ ၂၀၁၁ မတ်လ ၁၉ရက်နေ့ Supermoon Day မတိုင်မှီ လွန်ခဲ့တဲ့ ၈ရက် ၂၀၁၁ မတ်လ ၁၁ ရက်နေ့ ဂျပန်ပြည်မှာ အင်အား 9.0 Ritchter scale ရှိတဲ့ ကမ္ဘာမှာ ပဉ္စမမြောက် အင်အားအကြီးဆုံးဖြစ်တဲ့ ငလျင်ကြီးလှုပ်အပြီး ချက်ခြင်းဆိုသလို ၁၀ မီတာ ၁၁ မီတာ (မြင်သာ အောင်ပြောရရင် ပေ ၃၀-၃၃ ပေ) ကျော်မြင့်တဲ့လှိုင်းလုံးကြီး တွေ တရိပ်ရိပ်တက်လာပြီး လူနေမြို့ရွာတွေ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပြစ်လိုက်တာ အားလုံး အမြင်ပါပဲ။

ဒီသတင်းတွေနဲ့ဆက်စပ်စွာပဲ ယုံချင်ယုံ မယုံချင်နေဆိုပြီးပြောနေကြတာကတော့ ကမ္ဘာမှာ အလွန်ရှေးကျတဲ့ မိုင်ယာလူမျိုးစုတွေရဲ့ ပြက္ခဒိန်ကိစ္စပါပဲ။ အဲဒီပြက္ခဒိန်ဟာ နှစ်ပေါင်း ၅၀၀၀ ကျော်ကြာခဲ့ပြီး ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့အထိပဲရေးဆွဲခဲ့တဲ့အကြောင်းပါပဲ အဲဒါကိုကြည့်ပြီး ပညာရှင်အချို့က အဲဒီရက်စွဲက ကမ္ဘာမြေအတွက် နောက်ဆုံးနေ့ဖြစ်လေမလား တချို့ကလည်း မေယာလူမျိုးပညာရှင်တွေက ပြက္ခဒိန်ကို update မလုပ်ခဲ့တာနဲ့ အဲဒီနေ့က ကမ္ဘာမြေအတွက် နောက်ဆုံးနေ့ ဖြစ်ရတော့မှာလားဆိုပြီး ရယ်သွမ်းသွေးနေကြပါတယ်။ စာရေးသူတို့ကတော့ အဲဒီဘက်မှာ ပညာရှင်တွေမဟုတ်တာမို့ မှားတယ် မှန်တယ် ဝေဘန်နိုင်ဖို့ မတတ်နိုင် တော့လည်း ရေးသားပြောဆိုနေကြ တာတွေကို ဘက်ပေါင်းစုံက လိုက်ဖတ် လိုက်နားထောင်ကြရတာအပြင် ဘာမှသိပ်မတတ်နိုင်ပါဘူး။

သို့ပါသော်လည်း - အဲ - ဆိုသလိုပေါ့ ကမ္ဘာမှာ ရာသီဥတုတွေဖောက်ပြန်ပြီး သဘာဝဘေးအန္တာရယ်တွေ လူတွေ ကာကွယ်နိုင်တာထက်ပိုကြီးတဲ့ အန္တာရယ်ကြီးတွေလစဉ်ဆက်တိုက်ဆိုသလို ကမ္ဘာအနှံ့မှာ ဖြစ်နေတာတွေက အားလုံး မျက်မြင်ပါပဲ။ ပါကစ္စတန်ရေကြီးမှုတွေ၊ ဟေတီငလျင်ကြီး၊ အမေရိကန်မှာ နှင်းမုန်တိုင်းတွေ၊ သြစတြေးလျမှာ ရေတွေကြီးမှုတွေ မုန်တိုင်းကြီးတွေ (Yasi Cyclone)၊ နယူးဇီလန်မှာ ငလျင်ကြီး (ပြင်းအား ၇.၂)တွေ လှုပ်သွားတာမှ ပြောလို့ မဆုံးသေးခင် ယခုဂျပန်မှာ ပြင်းအား ၈.၉ သို့ ၉.၀ လို့ပြောနေကြတဲ့ ငလျင်ကြီးနဲ့အတူ ဆူနာမီလှိုင်းလုံးကြီးတွေ က ဖျက်ဆီးသွားလိုက်တာ ကြောက်ခမန်းလိလိပါပဲ။

ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုကြည့်ပြီး ရတနာသုံးပါးကို မမေ့မလျော့ကြဖို့ ကောင်းမှုကုသိုလ်တွေ တိုးလုပ် ကြဖို့ကိုပဲ ကိုယ့်ကိုကိုယ်လည်း သတိပေးတဲ့နည်းတူ စပ်မိစပ်ရာမိတ်ဆွေမှန်သမျှကို သတိပေးနေမိပါတယ်။ ဒီနေ့လည်း ကျောင်းလည်းပိတ်လို့ ဆူပါမွန်းလို့ခေါ်ရမယ့် တပေါင်းလပြည့်နေ့လည်းဖြစ်နေလို့ ဥပုသ်စောင့်ဖို့ ကြံစည်လိုက်မိပေမယ့် ၁၂နာရီမထိုးခင် မနက်စာစားဖို့ မစီစဉ်လိုက်နိုင်လို့ ဥပုသ်မစောင့်နိုင်တဲ့အတူတူ အမှတ်တရဆိုပြီး ဒီဆောင်းပါးလေးကို ထိုင်ရေးနေမိပါတယ်။

ဆောင်းပါးလေးကို Natural Disaster တွေ ကမ္ဘာပျက်တော့မယ်ဆိုတဲ့နိမိတ်တွေနဲ့ စလိုက်ရပေမယ့် နဲနဲဖြစ် ဖြစ်တော့မောသွားမယ့် စိတ်လေးကို ပြန်အမောပြေသွားစေဖို့ မြန်မာ စာဆိုပညာရှိကြီးတွေဖွဲ့ဆိုခဲ့တဲ့ ရွတ်ဆိုခံစားကြည့်ရတာ အလွန်အရသာရှိလှတဲ့ ကဗျာလေး နှစ်ပုဒ်ကိုပြန်လည် ကူးယူဖော်ပြလိုက်ရပါတယ် ။

အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်က သူ၏ တောလား ကဗျာကြီးမှာ တပေါင်းလရဲ့ တင့်တယ်သာယာ ပုံကို - 'လေခ မြေ သက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံး လင်းသား'ဟု ချီးကျူးဖွဲ့ဆိုခဲ့တဲ့နည်းတူ

ကုန်ဘောင်ခေတ် ပြဇာတ်ဆရာကြီးဦးကြင်ဥ ကလည်း - 'ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်။ ။သဇင်ကြွင်းငယ် နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်။ ။ဘမရာ ရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ ဖော်ကွဲ။ ။ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်ခါညီပြောပေပ၊ ကြော၍သာ မြဲ။' လို့ တပေါင်းလရဲ့သာယာပုံ စာပန်းချီကို လေးတွေကို ရွတ်ဆိုခံစားကြည့်ရင်း ခေတ္တခနစိတ်အပန်းဖြေနိုင်ကြပါစေလို့ဆုမွန်ခြွေရင်း ဒီဆောင်းပါးလေးကို အဆုံးသတ် လိုက်ရပါတယ်။

အပမာဒေန သမ္ပာဒေထ
ဘုရားစကားလိုက်နာပွားတရားလက်မလွတ်ကြပါစေနှင့်

အီဟွာသူ
၁၉-၀၃-၂၀၁၁
တပေါင်းလပြည့်နေ့ (ဆူပါမွန်းနေ့)
နေ့လည် ၃း၂၀

(တပေါင်းလဘွဲ့ကဗျာများကို wikimyanmar မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) မှကူးယူဖော်ပြပါသည်။)